AA ထိန်းချုပ်မှုအောက် မွတ်ဆလင်ဒေသခံများ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရရှိနေပြီဟုပြော

AA ထိန်းချုပ်မှုအောက် မွတ်ဆလင်ဒေသခံများ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရရှိနေပြီဟုပြော

ဓာတ်ပုံ - ရခိုင်ပြည်ရှိ  မွတ်ဆလင်အချို့အား ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က တွေ့ရစဉ်။

ရခိုင်ဒေသတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် မွတ်ဆလင်ဒေသခံများမှာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရရှိနေကြပြီဟု မွတ်ဆလင်အများစုက တညီတညွတ်တည်း ပြောဆိုကြသည်။

ရခိုင်မှအသက် ၄၆ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီး ဒေါ်မေရီက "ခရီးအဝေးတွေကိုလည်း သွားလို့ရပါတယ်။ လွတ်လပ်မှုတော့ ရှိပါတယ်။ အရင် စစ်ကောင်စီလက်ထက်မှာဆိုရင် ထောက်ခံစာတွေလိုပါတယ်။ ခရီးအဝေးသွားမယ်ဆိုရင် မှတ်ပုံတင်လိုပါတယ်။ မှတ်ပုံတင်တွေက သူတို့ထုတ်မပေးတော့ ထောက်ခံစာတွေနဲ့ သွားခဲ့ရတယ်။ အဲလိုအခက်အခဲရှိခဲ့ပါတယ်" ဟု ပြောသည်။

ယခင် စစ်ကောင်စီထိန်းချုပ်ထားစဉ်ကဆိုလျှင် ရခိုင်ဒေသနေ မွတ်ဆလင်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) တို့၏ ကန့်သတ်တားမြစ်ချုပ်ချယ်မှုများကြောင့် တစ်နေရာမှတစ်နေရာသို့ သွားလာခွင့်မရရှိခဲ့ဟု ပြောသည်။

လက်ရှိတွင် အာရက္ခဒေသအစိုးရ၏ ဒေသအာဏာပိုင်များထံမှ ထောက်ခံစာပါလျှင် မည်သည့်နေရာသို့မဆို လွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိနေပြီဟု ပြောသည်။

ရခိုင်မှအသက် ၇ဝ အရွယ် မွတ်ဆလင်ရပ်မိ/ရပ်ဖ ဦးကာလာက “အရင်ကဆို လဝက က ထောက်ခံစာတစ်ခုယူမယ်ဆိုရင်တောင် ငါးသောင်း၊ ခြောက်သောင်း၊ ခုနစ်သောင်း ပေးရပါတယ်။ အဲဒါနဲ့ သွားပြန်ရင်လည်း ဟိုကတောင်းစား၊ ဒီကတောင်းစားနဲ့။ အခုတော့ ကောင်းသွားပြီ။ မြောက်ဦးသွားမယ်ဆိုလည်း သွား။ ဥပမာ မောင်တော၊ ဘူးသီးတောင်ကိုသွားမယ်ဆိုရင်လည်း သွား။ သွားလို့ရတယ်။ အိန္ဒိယသွားမယ်ဆိုရင်လည်း သွားလို့ရတယ်။ ဒီက ထောက်ခံစာတစ်ရွက်ယူသွားရင် ရပါပြီ” ဟု ပြောသည်။

ယင်းအပြင် AA တပ်ဖွဲ့ဝင်များကလည်း မွတ်ဆလင်များအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ ညီကိုရင်းသဖွယ် နွေးထွေးစွာ ပြောဆိုဆက်ဆံကြသည်ဟု မွတ်ဆလင်များက ပြောကြသည်။

ရခိုင်မှအသက် ၄၃ နှစ်အရွယ် ဦးဟာဘတ်က “ဒီမှာက ဘာသာ၊ လူမျိုး ခွဲခြားမှုမရှိဘူး။ ဒီမှာ ကျနော်တို့ အတူတူနေလို့ရပါတယ်။ အတူတူသွားလာလို့လည်း ရပါတယ်။ အရင်တုန်းက အစိုးရရှိတုန်းကဆို သွားလို့မရဘူး။ အခု AA အုပ်ချုပ်နေတုန်း အားလုံးကို သွားလို့ရပါတယ်။ အခွင့်အရေးလည်း ရပါတယ်။ ဘာပြဿနာမှ မရှိဘူး” ဟု ပြောသည်။

ယင်းအပြင် AA ကိုယုံကြည်၍ AA ၏ အုပ်ချုပ်ရေးကဏ္ဍတွင်လည်း မွတ်ဆလင်အများအပြား တာဝန်ထမ်းဆောင်လျက်ရှိကြသည်ဟု ပြောကြသည်။

AA ထံ မွတ်ဆလင်အများအပြား တာဝန်ထမ်းဆောင်နေခြင်းမှာ ဟုတ်မှန်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ၂ဝ၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတိအလင်း ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် AA ထိန်းချုပ်မှုအောက်တွင် မွတ်ဆလင်များအနေဖြင့် လယ်လုပ်လုပ်ခြင်း၊ ငါးဖမ်းထွက်ခြင်း၊ ကုန်ရောင်းကုန်ဝယ်ခြင်းနှင့် ကျပန်းအလုပ်အကိုင်များကို လွတ်လပ်စွာ လုပ်ကိုင်ရှာဖွေ စားသောက်ခွင့်ရနေကြသည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲကာလဖြစ်သည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်နေ၍ လက်လုပ်လက်စား မွတ်ဆလင်များတွင် စားရေး၊ သောက်ရေး ခက်ခဲနေသည်ဟု ပြောသည်။

ရခိုင်မှ အသက် ၄ဝ အရွယ် ဒေါ်အေးကျီက “စားဝတ်နေရေးက အရင်တုန်းကလိုတော့ အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ အရင်လိုလည်း အလုပ်မလုပ်ရဘူး။ အခု အလုပ်လုပ်ရရင်လည်း ကုန်ဈေးနှုန်းတွေက ဈေးတက်နေတော့ အဆင်မပြေဘူး။ အရင်က ပိုက်ဆံတစ်သောင်းနဲ့ဆို အမဲသားစားလို့ရတယ်။ အခု တစ်သောင်းနဲ့ဆို ဟင်းနဲ့စားရပါတယ်။ တစ်ခါတစ်လေ ဆန်တောင်မဝယ်နိုင်တဲ့ နေ့တွေတောင်ရှိတယ်” ဟု ပြောသည်။

အလားတူ တိုက်ပွဲကာလဖြစ်၍ မွတ်ဆလင်များတွင်လည်း ဆေးဝါးအထောက်အပံ့များ မရသလို နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ယခင်ကလို မရှိတော့ဟု ဆိုကြသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်၊ ဗုံးဒဏ်များနှင့်အတူ ယခုနောက်ပိုင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခံရမှုတို့အတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများထဲတွင် မွတ်ဆလင်များလည်း အများအပြားပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ အင်ဇုံပြင်ကျေးရွာအနီး ဖုန်းပြောနေသည့် လူအုပ်ထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့်အတွက် သေဆုံးခဲ့သူ ၄ ဦးထဲတွင် ကျောက်တော်မြို့နယ်၊ ဝကင်းရွာမှ မွတ်ဆလင် အမျိုးသမီးနှစ်ဦးလည်း ပါဝင်ခဲ့သည်။

ရခိုင်မှ မွတ်ဆလင်အမျိုးသမီး ဒေါ်မေရီက “ဗုံးချတော့ လူတွေ သေကြတယ်။ နောက်ပြီး အသံကိုကြားရုံနဲ့ နှလုံးတွေ ခုန်မိတယ်။ အရမ်းကြောက်မိပါတယ်။ ကလေးတွေလည်း ကြောက်မိပါတယ်။ ကျမတို့ ကြောက်ရပါတယ်။ ဒါကြောင့် အဲလို ဗုံးလာမချကြပါနဲ့” ဟု ပြောသည်။

ယင်းအပြင် ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက မွတ်ဆလင်အများအပြားကို အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းပေးပြီး တိုက်ပွဲများအတွင်း အသုံးချစေခိုင်းမှုများလည်း ရှိခဲ့သည်ဟု မွတ်ဆလင်များက ပြောသည်။

အလားတူ လက်ရှိ ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူတို့တွင် မွတ်ဆလင် ထောင်နှင့်ချီကို အဓမ္မစစ်မှုထမ်းစေပြီး စစ်ကောင်စီတပ်စခန်းများ၌ တာဝန်ချထားသည်ဟု သိရသည်။

April 1, 2025
အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင် ၁၂ ဦးသည် မကွေးတိုင်းထဲတွင်...
March 28, 2025
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိဆေးရုံကို စစ်တွေမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုက...
March 27, 2025
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စားဝတ်နေရေးအတွက်...
March 26, 2025
အာရက္ခတပ်တော် (AA) ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တိကျသော ပြဋ္ဌာန်းချက်၊ စည်းကမ်းများကို...