စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

သျှမ်းပြည်၊ မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁၂) ရက်မှစတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားများနှင့် အသက် (၂၇) နှစ်အောက်ရှိ အမျိုးသမီးများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများက နယ်စပ်ဖြတ်သန်းခွင့် တားမြစ်ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီကိုင်တဲ့လူဆိုရင် အခု နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်မှာ လဝကနဲ့ ရဲတွေ ပေးမဖြတ်တော့ဘူး။ ဒီဘက် စစ်ကောင်စီကပဲ ပေးမဖြတ်တာ မဟုတ်ဘူး၊ တရုတ်ရဲတွေလည်း သူတို့ဘက် ပေးမဝင်ဘူး။ အရေးတကြီး ဖြတ်ရမယ်ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာဖြစ်ဖြစ် ပါမှ ဖြတ်လို့ရမှာ” ဟု မူဆယ်ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အကယ်၍ တရုတ်နိုင်ငံဘက်သို့ ကျန်းမာရေးကဲ့သို့ အရေးတကြီး မဖြစ်မနေ သွားရောက်ရမည်ဆိုပါက စစ်မှုထမ်းဆင့်ခေါ်စာ မရရှိကြောင်း ထောက်ခံစာပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဟု တာဝန်ကျ လဝက အရာရှိများက ပြောဆိုကြောင်း ၎င်းလူငယ်က ဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ယခုကဲ့သို့ နယ်စပ်ဂိတ်များမှတဆင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အရွယ်ဖြင့် လူငယ်များကို ခြိမ်းခြောက်အကြပ်ကိုင်ကာ စစ်မှုထမ်းစာရင်း ပါဝင်သူများကို နိုင်ငံပြင်ပ ထွက်ခွာခွင့် မရရှိအောင် တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးသဘောတူထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလားတူ တရုတ်နိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် အေဂျင်စီနှင့် ပွဲစားများကို ဆက်သွယ်ပြီး မူဆယ်မြို့သို့ ရောက်ရှိစောင့်ဆိုင်းနေသည့် ပြည်မမှ အလုပ်သမား အများအပြားလည်း စစ်မှုထမ်းအသက်အရွယ် ကန့်သတ်ချက်အရ နယ်စပ်ဖြတ်သန်းခွင့် မရတော့ခြင်းကြောင့် နေရပ်ပြန်လွှတ်ခံနေရကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ မှစတင်ပြီး မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ခံ အစိမ်းရောင်ကတ် (TBP) ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းသို့ အလုပ်သွားရောက်လုပ်ကိုင်သူများ ရှိခဲ့ရာမှ အေဂျင်စီနှင့် ပွဲစားများ၏ အာမခံချက်ဖြင့် ရောက်ရှိလာသည့် လူငယ် (၄၀၀၀) ကျော်လည်း နေရပ်ပြန်လွှတ်ခံနေရသည်။

စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများကို ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ ဇန်နဝါရီလ (၃၁) ရက်တွင် စတင်ကန့်သတ်လိုက်ပြီးနောက် မူဆယ်နှင့် တာချီလိတ်မြို့ရှိ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

Most read this week

April 11, 2025
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီလက်အောက်ခံ...
April 11, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး...
April 10, 2025
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ...
April 9, 2025
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်...