MyTel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ဆိုသူ နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲဝန်းကျင်က ဇနီးနှင့် အတူ နေအိမ်မှထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားသည်ဟု စုံစမ်းသိရရှိရသည်။
သေဆုံးသူ ဦးသိန်းအောင်သည် တပ်မတော်ရေတွင် ဗိုလ်မှူးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်း ဟောင်းတစ်ဦးဖြစ်ပြီး MyTel ကုမ္ပဏီ စတင်တည်ထောင်စဉ်ကတည်းက ဘဏ္ဍာရေးအရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။
“သူ့မိန်းမနဲ့ မနက်လမ်းလျှောက်ထွက်လာတုန်း လာပစ်သွားတယ်လို့ ကြားတယ်။ သူကတော့ ပွဲချင်းပြီးပဲ။ သူ့ မိန်းမကိုတော့ ဆေးရုံခေါ်သွား ကြတယ်” ဟု ၇ မိုင်အနီးရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးသိန်းအောင်သည် သေနတ်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်သည့် နေရာတွင် ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာလည်း သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ MyTel က ဘဏ္ဍာရေး အရာရှိချုပ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရ သည့်ကိစ္စနှင့် ပတ်သက်၍လည်း စစ်ကောင်စီ၏ ပြန်ကြားရေးက အတည်ပြုပြောဆိုထားသည်။
သို့သော်မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါက လုပ်ကြံပစ်သတ်သွားသည်ကို အတိအကျ မသိရှိရသေးပေ။
ဦးသိန်းအောင်သည် DSA စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်ပြီး ရေတပ်တွင် ဗိုလ်မှူးရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ကာ လက်ရှိ စစ်ကောင်စီပိုင် Mytel ကုမ္ပဏီတွင် ငွေကြေးဆိုင်ရာ အရာရှိ အဖြစ် လုပ်ကိုင်နေသူ လည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် Mytel ကုမ္ပဏီသည် မြန်မာစစ်တပ်၏ စီးပွားရေး လုပ်ငန်းတခုဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ PDF တပ်များက ၎င်းကုမ္ပဏီပိုင် ဖုန်းတာဝါတိုင်များကို ဖောက်ခွဲ ဖျက်ဆီးမှုများ ဆက်တိုက် ကြုံနေရခြင်းဖြစ်သည်။
သို့သော်ယခုကဲ့သို့ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တစ်ဦး အသတ်ခံရခြင်းသည် ပထမဆုံး ပစ်သတ်ခံရခြင်း ဖြစ်သည်။
Mytel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားခဲ့သည့် တေးနုယဉ်လမ်းနှင့် ၇ မိုင်ဝန်းကျင် တစ်လျှောက် ပိတ်ဆို့ စစ် ဆေးမှုများပြုလုပ်ခဲ့သည်ဟု အနီးအနားနေထိုင်သူများက ဆိုသည်။
Published
Friday, November 05, 2021
Mytel အဆင့်မြင့် အရာရှိတစ်ဦး ပစ်သတ်ခံရ