ဥပါယ်

ဥပါယ်

“သတင်းစာသည်ကမ္ဘာ့၏ပြတင်းပေါက်”ဟူ၍ လက်ခံအသိမှတ်ပြုခဲ့မိသည့်အချိန်ကစ၍ ကျနော်သည် လက်လှမ်းမှီခဲ့သမျှ စာအုပ်တွေ၊ သတင်းစာတွေကို အချိန်ရတိုင်းဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်သည် ကျနော့်ဘဝ၏ အကောင်းဆုံးမိတ်ဆွေဆိုရင်လည်း မမှားပါ။ တခါတရံပျင်းရိစရာတွေ၊ စိတ်ပျက်စရာတွေနဲ့ ကြုံလာခဲ့သည်ဖြစ်ဖြစ် ဝမ်းနည်းစရာတွေနဲ့ကြုံလာရသည်ဖြစ်ဖြစ် ကျနော်သည် သိမ်းထားခဲ့သမျှစာအုပ်အဟောင်းတွေထဲကနှစ်သက်ရာစာအုပ်တွေကို ပြန်ဖတ်ဖြစ်မိပါတယ်။ အွန်လိုင်းသတင်းစာတွေကိုတော့ နေ့တိုင်းဖတ်ဖြစ်ပါတယ်။

စ၍ဖတ်မိသည့်အချိန်ကစပြီး ယနေ့တိုင် ကျနော့်ရင်ထဲမှာ စွဲစွဲမြဲမြဲ အကြိမ်ကြိမ်အခါခါ ပြန်ဖတ်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်စာအုပ်ကောင်းတစ်အုပ်ကတော့ကတော့ မွန်အမျိုးသားသမိုင်းပညာရှင်ဒေါက်တာနိုင်ပန်းလှ၏ “ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း” ပဲဖြစ်ပါတယ်။ ဒီစာအုပ်သည်  မွန်ဗမာဆက်ဆံရေးသမိုင်း အဖြစ်အပျက်အမှန်ကို လေ့လာချင်သူတို့အတွက် အလွန်တန်ဖိုးရှိလှတဲ့ စာအုပ်တစ်အုပ်ပါပဲ။

ရေမြေကိုအစိုးရတဲ့ သက်ဦးဆံပိုင်ဘုရင်ဖြစ်လင့်ကစား တိုင်းပြည်အရေးကို ရှေ့ရှုကာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မဲ့သူရဲကောင်းအတွက် မိမိ၏မိဖုရားကိုပင် ရက်ရောစွာစွန့်ကြဲခဲပြီး သူရဲကောင်းကိုအလေးထားချီးမြှောက်တဲ့ မွန်ဘုရင်ရာဇာဓိရာဇ်ရဲ့စိတ်နေသဘောထားတွေကို လေ့လာဖတ်ရှုခဲ့ရသလို တဖက်မှာလည်း ရိက္ခာပြတ်လပ်၍ အင်းဝနေပြည်တော်ဆီ တပ်ပြန်ဆုတ်ရာတွင် မွန်တပ်တွေအပြင်းအထန် လိုက်လံတိုက်ခိုက်မှုကြောင့် တကွဲတပြားစီဖြစ်ကာ တောလမ်း တနေရာမှာ ကျန်နေရစ်တဲ့ မိမိ၏တောင်နန်းစံမိဖုရားကို သစ္စာရှိစွာ မိမိရှေ့မှောက်အရောက် ဘေးမသီရန်မခစေပဲ ကာ ကွယ်စောင့်ရှောက်ခဲ့ပေမဲ့လည်း သံသယချစ်စိတ်တွေနဲ့ မိမိ၏အမှုထမ်းကောင်း ”ဆင်ကဲ” ကို ကွပ်မျက်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်မင်းခေါင်ရဲ့ စိတ်နေသဘောထားကိုလည်း စိတ်ဝင်စားဖွယ် လေ့လာဖတ်ရှုရပါတယ်။

"...ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း...” စာအုပ်ကိုဖတ်ခဲ့ဖူးတဲ့သူတွေအားလုံးအတွက် သဘောအကျရဆုံးနဲ့ အတုယူထိုက်သူ အားအကျရဆုံး သူရဲကောင်းတွေကတော့ မွန်သူရဲကောင်းလဂွန်းအိန်၊ သမိန်ဗရမ်းနဲ့ ဘုရင်မင်းခေါင်၏သားတော်မင်းရဲ ကျော်စွာတို့ပဲဖြစ်ပါလိမ့်မယ်။ သူရဲကောင်းလဂွန်းအိန်နဲ့ မင်းရဲကျော်စွာတို့ ရင်ဆိုင်တိုက်ခိုက်ကြပုံကလည်း စိတ်တွေလှုပ်ရှားသလို သင်ခန်းစာယူဖွယ်လည်း ကောင်းလှပါတယ်။

မင်းရဲကျော်စွာရဲ့စစ်ရေးစစ်ရာ ကောက်ကျစ်စဉ်းလဲမှုဆိုတဲ့ စစ်ရေးစစ်ရာဥပါယ်အောက်မှာ သူရဲကောင်းလဂွန်းအိန်ကျဆုံးခဲ့ရတာပါ။ ”တလည်းစီးတွင်စခန်းချနေသော မင်းရဲကျော်စွာဟာ သမိန်ဗြာဇ္ဖလွန်သည်ကိုကြားရလျှင် ဝမ်းသာအားရစွာ ဖြင့် “ရာဇာဓိရာဇ်၏ ပတ္တမြားအစွယ်တချောင်းကျိုးလေပြီ၊ လဂွန်းအိန်သာကျန်တော့သည်၊ လဂွန်းအိန်ကို ငါဥပါယ်ပြု၍ အရယူမည်။ ရာဇာဓိရာဇ်ချီလာလျှင် လှေစီးချင်းသော်လည်းကောင်း၊ ဆင်စီးချင်းသော်လည်းကောင်း၊ မြင်းစီးချင်းသော် လည်းကောင်း၊ ဥပါယ်ဖြင့် တစ်ဦးချင်းစစ်ထိုးမည်ကို ငါစီစဉ်မည်။ လဂွန်းအိန်ထွက်တိုက်ပါက သူ့ကိုရအောင်ယူမည်” ဟု ကြံစည်တော်မူသည်” လို့ ဥပါယ်ဆိုတဲ့ နည်းဗျူဟာတရပ်ကို သတိထားမိပါတယ်။

”တလည်းစီးတွင်တပ်ချ၍ အလွဲမြစ်ကမ်းနှစ်ဖက်လုံးတွင် တပ်ကိုဖြန့်ထားသည်။ သူ့ရဲ့ဥပါယ်အတိုင်း ကမ်းနှစ်ဖက်တွင် လှေဝှက်နိုင်ရန်ကျုံးမြောင်းငယ်များကို ဖောက်လုပ်စေသည်။ တိုက်လှေများကို သိုဝှက်ယုံသာပြုလုပ်စေသည်။ ယင်းသို့စီ စဉ်ပြီးနောက် ရာဇာဓိရာဇ်စစ်ချီလာမည်ကို စောင့်မျှော်လျှက်နေသည်။ ရိက္ခာပြတ်လပ်မှုကြောင့် ပြည်မြို့ကိုဝိုင်းရံနေတဲ့ သားတော်ဗညားပုသိမ်အားကူညီရန် ရာဇာဓိရာဇ်သည် လဂွန်းအိန်၊ သမိန်အဝမင်းကြီး၊ သမိန်သံပြပ်တို့ကို ဗိုလ်မင်းခန့် ၍ ဟံသာဝတီမှသန်လျင် ဒလဒဂုန်တို့ကို ဖြတ်၍ရေလမ်းမှ ပြည်သို့ဆန်၏။ ဤသို့တလည်းဆီးတွင် ရာဇာဓိရာဇ်၏ တပ်စခန်းချနေသည်ဟု မင်းရဲကျော်စွာကြားလျှင်ကြားချင်းသူ၏ စစ်ဥပါယ်ကိုစတင် အကောင်ထည်ဖော်ပါတော့သည်”

“ယခု ဟံသာဝတီပြည့်ရှင်ဘကြီးတော် ဆိုက်ရောက်လာသည်မှာ စစ်သည်သူရဲသူခက်များလည်း ပင်ပန်းသဖြင့် အနား ယူကြပါစေဦး။ အနားယူပြီးပါက ကြည်းတပ်၊ ရေတပ် နှစ်ဖက်စလုံးဖြင့် ကျွန်ုပ်တို့နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြမည်။ကျွန်ုပ် တို့သည် စစ်သေနင်္ဂဗျုဟာ မခင်းကျင်းမီ အချည်းနှီးနေကြမည့်အစား ဟံသာဝတီဘက်မှ လှေစီးသူရဲတစ်ယောက်နှင့် အင်းဝဘက်မှ လှေစီးသူရဲတစ်ယောက်တို့ကို လှေတစ်ဆင်းစီဖြင့်တိုက်ခိုက်စေလိုသည်။ နှစ်ဖက်သောဧကရာဇ် မင်းများ ရှုစားရန်ဖြစ်ပါသည်။”ဟု မင်းရဲကျော်စွာသည် မိမိ၏အမှာစကားကို မင်းနတ်တော်မှတဆင့် ရာဇာဓိရာဇ်အားပါးလိုက်ပါ သည်။ မင်းရဲကျော်စွာ၏အမှာစကားကို ရာဇာဓိရာဇ်ကြားလျှင် ဦးခိုက်နေသော မှူးမတ်သေနာပတိများ၏ မျက်နှာတို့ကို ကြည့်တော်မူ၏။ မည်သူမျှဦးမမော်ဘဲ ရှိခိုးမြဲရှိခိုးနေကြ၏။ ထိုစဉ်လဂွန်းအိန်သည် ဦးသုံးကြိမ်ခိုက်ပြီးမှ……

“ ကျွန်နုပ်ယောင်္ကျားဖြစ်သည်မှ ဆင်းစီးချင်း၊ မြင်းစီးခြင်း၊ လှေစီးချင်း၊ တစ်ဦးချင်းစစ်ထိုးရန် သည်ဇမ္ဖူဒိပ်မြေပြင်ဝယ် မည်သူ့ကိုမျှ ကျွန်ုပ်မကြောက်၊ သူရဲကောင်းတစ်ဦးချင်းဖြစ်လျှင် ကျွနု်ပ်ထွက်၍တိုက်မည်ဖြစ်ကြောင်း ..........ရွှေနန်း သခင်၏သားတော်မင်းရဲကျော်စွာအား ပြန်ကြားတော်မူပါ” ဟုလျှောက်၏။ ......ရာဇာဓိရာဇ်သည်လည်းအားရ တော်မူသည် ” မွန်သူရဲကောင်းလဂွန်းအိန်နှင့် “ မနက်ဖြန်မိုးသောက်လျှင်လှေတစ်စီးချင်း နှစ်ဖက်သောသူရဲကောင်းများ တိုက်ပါစေ မည်ဟု” ရာဇာဓိရာဇ်၏ အမှာစကားကိုတမန်တော် မင်းနတ်တော်မှတဆင့် မင်းရဲကျော်စွာကြားလျှင်အားရဝမ်းသာစွာဖြင့် “ဟံသာဝတီတွင် သမိန်ဗြာဇ္ဖနှင့် လဂွန်းအိန်တို့သည် သူ့ရှင်၏လက်ဝဲလက်ယာရံ သူရဲကောင်းနှစ်ဦးဖြစ်သည်။သမိန်ဗြာဇ္ဖ သေပြီ၊ လဂွန်းအိန်သာကြွင်းသည်။ လဂွန်းအိန်ကိုငါတို့ရပြီးလျှင် ငါ့လက်ချက်ကို မွန်တွေခံနိုင်မည်လော။ စစ်တို့မည် သည်နည်းသည်များမဟူ။ စီရင်မှု၌သာ ပဓာနဖြစ်သည်။ သူရဲကောင်း လဂွန်းအိန်သည် လှေတစီးချင်းသာသူနိုင်ပေမည်။ လှေလေးစီးကို သူနိုင်မည်လော”..ဟူ၍ မိမိ၏ စစ်ဥပါယ်ကို စီမံပါတော့၏။

မင်းရဲကျော်စွာသည် အံ့စရာလှေကို စုက္ကတေး၊ မြေးများဖွားလှေကို စည်သူ၊ သားများမိလှေကို ဥဇနာ၊ ရှမ်းမွန်လှေကို စတုရင်္ဂသူအား အသီးသီးစီးစေပြီး လှေလေးစီးစလုံးတွင် ဓားလှံချက်နာသူရဲချည်းစီးစေ၍ ဒိုင်း၊ လွှား၊ ဓား၊ လှံများကို ကိုင်ဆောင်စေသည်။ အံ့စရာလှေကိုထီးဖြူကနက္ကဒဏ်နှင့် ဗိတာန်မိုးစေလျှက် ထွက်စေသည်။ ကျန်လှေသုံးစီးကို အနောက်ဘက်ကမ်းတွင်ပြုလုပ်ထားသောမြောင်းအတွင်း၌ ပုန်းကွယ်လျှက်နေစေသည်။

ရာဇာဓိရာဇ်သည်လည်း သူရဲကောင်းလဂွန်းအိန်လှေချင်းစီးထိုးရန် မိကျောင်းရုပ်လှေနှင့်အတူ တိုက်ဖော်ရဲဘော်ရဲဘက် သူရဲကောင်း ၃၀၀ ကိုပေးစေသည်။ လဂွန်းအိန်သည် သေနာပတိအဆောင်ယောင်ဖြင့် ဝတ်ဆင်သည်။ ရွှေခါးစည်း၊ ရွှေစလွယ်၊ ရွှေလက်ကျပ်၊ ရာမနားတောင်း၊ လက်နှစ်ဖက်စလုံးတွင် ကျောက်စီသောလက်စွပ်၊ လက်ကောက်များကို ဝတ်ဆင်သည်။ အဆင်သင့်ဖြစ်သော် သူ့ရှင်ရာဇာဓိရာဇ်အားဦးခိုက်ပြီး လှေသို့ဆင်းကာ လှေစီးချင်းတိုက်ရန်ထွက်လေ ၏။ အင်းဝဘက်မှ စုက္ကတေးသည် အံ့စရာလှေဖြင့်ထွက်ခဲ့သည်။ ဟံသာဝတီဘက်မှ ဗညားလဂွန်းအိန်သည် မိကျောင်း ရုပ်လှေဖြင့် ထွက်ခဲ့သည်။ လှေနှစ်စင်းရင်ဆိုင်မိလျှင် ထိုးနှက်တိုက်ခိုက်ကြတော့သည်။

အံ့စရာလှေသည် မိကျောင်းလှေထက်နှစ်စမျှ မြင့်မားသဖြင့် လဂွန်းအိန်ဘက်မှထိုးခုတ်ရန်ခက်ခဲခဲ့သည်။ သို့ဖြစ်၍လဂွန်း အိန်သည် ကွင်းဆက်သံကြိုးကိုအံ့စရာလှေထက်သို့ ပစ်တင်၏။ လှေချင်းဆက်တွဲပြီးမှ ကူး၍ရန်သူအား တက်ခုတ်မည် ကြိုးစားစဉ် မင်းစည်သူဦးစီးတဲ့မြေးများဖွားလှေသည် ရုတ်တရက်ထွက်၍ကူတိုက်သည်။ ကုန်းထက်မှာလည်း အင်း၀ မြင်းတပ်နှစ်ထောင်မျှ လဂွန်းအိန်ကို လိုက်ကြသည်။ လဂွန်းအိန်သည် လှေတစ်စီးထဲဖြင့် စုက္ကတေနဲ့မင်းစည်သူတို့၏ လှေပေါ်ကအင်းဝသူရဲတွေကို ရွပ်ရွပ်ချွံချွံဦးစီးတိုက်ခိုက်မှုကြောင့် အင်းဝသူရဲတို့များစွာသေ ကြေပျက်စီးနေသည်ကိုမြင် နေရတဲ့ ဥဇနာနဲ့စတုရင်္ဂသူတို့ဦးစီးသော အခြားလှေနှစ်စီးသည် ပုန်းကွယ်နေရာမှ ရုတ်ချည်းထွက်လာကြသည်။

စုက္ကတေး၊ မင်းစည်သူ၊ ဥဇနာနဲ့စတုရင်္ဂတို့ဦးစီးတဲ့ပူးပေါင်းလှေလေးစီးသည် လဂွန်းအိန်ဦးစီးသော မိကျောင်းလှေတစ် စီးထဲကို အုံ၍ထိုးထိုးခုတ်ကြသည်။ သို့တိုင် အင်းဝသူရဲအမြောက်အမြားသေ၏။ လဂွန်းအိန် ၏သူရဲ ၃၀၀ အနက် တစ်ရာ မျှရေထဲကျသည်။ လဂွန်းအိန်သည်စိတ်ဓါတ်မကျ ကျန်သမျှအင်အားဖြင့် အင်းဝသူရဲတို့အား အသေခံတိုက်ခိုက်သည်။ ခြေကုန်လက်ပန်းကျသော်လည်းလက်နက်မချ။ စစ်ကူရောက်မလာသောကြောင့် အင်းဝလှေလေးစီးမှများပြားလှသော သူရဲတို့၏ဝိုင်းဝန်းထိုးခုတ်မှုအောက်မှာပေါင်တွင် လှံချက်ထိ၍လဲကာ အဖမ်းခံရတော့သည်။

ယင်းညသန်းခေါင်ယံအချိန်တွင်ဗညားလဂွန်းအိန်သည်ပေါင်ကလှံချက်ဒဏ်ရာဖြင့်မင်းရဲကျော်စွာ၏စစ်သုံ့ပန်းဘဝဖြင့် အနိစ္စရောက်လေသည်။ လဂွန်းအိန်သည် အနိစ္စမရောက်မီမိမိအား ဥပါယ်ဖြင့်အနိုင်ယူခဲ့သောမင်းရဲကျော်စွာအား နှလုံး ရည်ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။ အနာသည်း၍ကွယ်လွန်လုနေချိန်တွင်မင်းရဲကျော်စွာမှ “ထမင်းစားမည်လောဟု” မေးသည်ကို “အရှင်တယောက်၏ထမင်းကိုသာ ကျွန်ုပ် ဝမ်းသို့ဝင်စေမည်။ အရှင်နှစ်ယောက်တို့၏ထမင်းကို ကျွန်ုပ်ဝမ်းသို့ မသွင်းပါ” ဟု လဂွန်းအိန်ဆိုလေသည်။ “ထမင်းမစားလျှင်ရေသောက်မည်လော” ဟု မေးသောအခါ “ရေနဲ့ကွမ်းကိုသာပေးပါ” ဟု လဂွန်းအိန်ဆိုသည်။

လဂွန်းအိန်သည် မင်းရဲကျော်စွာပေးသောရေနဲ့ကွမ်းကိုစားသောက်ပြီးလျှင်မင်းရဲကျော်စွာအား “ရွှေနန်းရှင်၏သားတော်ပေးသော ရေကိုသောက်ရပြီးကွမ်းကိုလည်း စားရသည်။ ကျေးဇူးတော်ကို တစ်ပွဲတစ်လမ်းမျှ ကျွန်နုပ်မဆပ်ခဲ့နိုင်တော့ပါ။

သို့သော်နောင်ရေးအတွက် အရှင့်သားတော်အကျိုးရှိစေဖို့ အရေးကိုမူကားကျွန်ုပ်နားတော်လျှောက်ခဲ့ပါမည်။ မှတ်ယူတော်မူပါ။ ရွှေနန်းရှင်သားတော်မနာယူခဲ့သော် အမတ်သေနာပတိတို့ မှတ်သားနာယူကြပါကုန်။ နောင်ကို သူ့ရှင်ရာဇာဓိရာဇ်နှင့် စစ်ထိုးလျှင် လှေစီးချင်း၊ မြင်းစီးချင်း၊ ခြေလျင်ချင်း မတွေ့ပါစေနှင့်။ သူ့ရှင်ရာဇာဓိရာဇ်သည် ဆင်စီးချင်း၊ မြင်းစီးချင်းတို့တွင် နည်းနည်းကောင်းသည်မဟုတ်၊ လက်ဝဲလက်ယာရံ ဆင်စီးသူရဲသုံးဆယ် သားတို့သည် သူစိမ်းတစ်ရံစာမဟုတ်။ ဆွေသားမျိုးသားချည်း။ ရန်သူကိုပမာမခန့်၊ ကြောက်ရွံ့မှုမရှိ၊ ဘီလူးသရဲတွေနဲ့ တူကြသည်။ လူနဲ့မတူကြ။ ကျွန်ုပ်လျှောက်သည်ကို မယုံသော်နောင်တွေ့ကြသောအခါမှ သိတော်မူမည်”ဟု သူ့ရှင် ရာဇာဓိရာဇ်၏ တန်ခိုးစွမ်းရည်ကို အင်းဝသားတို့ကြောက်ရွံ့အောင် နှလုံးရည်ဖြင့်သူရဲကောင်း လဂွန်းအိန်နားတော် လျှောက်လေသည်။

မင်းရဲကျော်စွာသည်လည်း လဂွန်းအိန်သည် သေလုနီးပါးလျက်ပင် သူ့သခင်အား ငါတို့ကြောက်ရွံ့ အောင်အရေးစကား ကိုဆိုသေးသည်ဟု မိန့်တော်မူခဲ့သည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးတွင် ရာဇာဓိရာဇ်နှင့် မင်းရဲကျော်စွာစီးချင်းထိုးသည့်ပွဲတွင် လဂွန်းအိန်စကားဆိုထားသည့်စကားလက်ဆောင် အလွန်တရာမှန်ကန်လှပါတကား သိလိုက်ရသည့်အချိန်မှာ မင်းရဲကျော်စွာ ဘဝနိဂုံးအဆုံးသတ်လေရှာပြီ။

သဒ္ဒါမန်

 
 

 

 

December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...