သျှမ်းပြည်ကျေးလက်ဒေသပြည်သူတွေဟာ ဝမ်းရေးအတွက် ရွာနဲ့ မနီးမဝေး တောမှာ ဟင်းရွက်တွေ ရှာဖွေ စားသောက်ကြသလို ရလာတဲ့ ဟင်းရွက်သီးနှံတွေကိုလည်း ဈေးတက်ရောင်းကြတာတွေလည်း ရှိကြပါတယ်။
မနက်အာရုံတက်ချိန် ကျေးလက်ဒေသ နေထိုင်တဲ့အိမ်တိုင်းနီးပါး တောမှာ ရာသီအလိုက်ပေါက်တဲ့ အသီးအရွက်တွေ၊ မှိုတွေ၊ ငှက်ပျောဖူးတွေ၊ မျှစ်တွေကို ရှာဖွေပြီး ဈေးတက်ရောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးမှုကြပါတယ်။
သြဂုတ် ၁၉ ရက် မနက်ပိုင်း ၁၁နာရီ အချိန်မှာ ကျောက်မဲမြို့ ရပ်ကွက် (၇) တွင်နေထိုင်တဲ့ ကိုကျော်လွင်နဲ့ သူ့ရဲ့ အမျိုးသမီး လည်း မိသားစုစားဝတ်နေရေးအတွက် ငှက်ပျောဖူးခူးပြီး ဈေးထဲရောင်းရန် ကျောက်မဲမြို့ နဲ့ ၁၂မိုင်ဝေးတဲ့ နမ့်မန်းကျေးရွာ အထိ ဆိုင်ကယ်နဲ့ ခရီးနှင်းခဲ့ကြပါတယ်။
နမ့်မန်းကျေးရွာ နမ့်မန်း-ပုံးလုံသွားလမ်းဘေးမှာ ကိုကျော်လွင်တယောက် ငှက်ပျောဖူး (၃၊၄) ဖူးခူးပြီး၊ လမ်းဘေး မှာစောင့်နေတဲ့ အမျိုးသမီးဆီလာပို့ခဲ့ကာ ငှက်ပျောဖူး ဆက်ခူးရန် ပြန်သွားချိန် ကိုကျော်လွင်တယောက် မထင်မှတ်ဘဲ မြေမြုပ်မိုင်းနင်းမိခဲ့ပါတယ်။
“အကိုက ငှက်ပျောဖူး (၃/၄)ဖူး ခူးပြီး လမ်းဘေးမှာပဲ စောင့်နေတာ မရီးကိုလာပေးတယ်။နောက်ထပ် (၂)ဖူးတွေ့ထား သေးတယ်၊ သွားခူးဦးမယ်ဆိုပြီး ပြန်သွားတဲ့အချိန်မှာ မိုင်းနင်းမိတာပဲ” လို့ ကိုလွင်ရဲ့ ညီမဖြစ်သူ မအေးရီက ဝမ်းနည်းစွာဖြင့် ပြန်ပြောပြပါတယ်။
ကိုကျော်လွင် မြေမြုပ်မိုင်းနင်းမိပြီး ငှက်ပျောပင်နား ပက်လက်လှဲနေတာ တကိုယ်လုံး ဒဏ်ရာ သွေးတွေဖြစ်နေတာကို သူရဲ့အမျိုးသမီး က မြင်ခဲ့ရပေမယ့် မိုင်းထပ်နင်းမိမှာကို စိုးရိမ်တဲ့စိတ်ကြောင့် မသွားကြည့်ရဲခဲ့ပါ။
နမ့်မန်းကျေးရွာအနီးမှာ ဖုန်းလိုင်းမရတဲ့အတွက် မိုင်းနင်းမိတဲ့ ကိုကျော်လွင်ရဲ့ အမျိုးသမီးဟာ (၆) မိုင်ခန့် ဝေးကွာတဲ့ လွိုင်ခွန်တောင် (နတ်တောင်) ထိ သွားပြီး မိသားစုဝင်တွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့ရပါတယ်။
“အကို ကျော်လွင်က မိုင်းနင်းမိတာ နေ့လည် (၁၂) နာရီက၊ ကျမတို့ မိသားစုဝင်တွေ သူ့ဆီ (ကိုကျော်လွင်) ရောက်သွားချိန်က ညနေ (၄) နာရီ။ မိုင်းနင်းမိပြီး ချက်ချင်းသေဆုံးသွားတာလား၊ သွေးထွက်လွန်ပြီး သေဆုံးသွားတာလား ဆိုတာ မသိရဘူး” လို့ မအေးရီက ဆိုပါတယ်။
မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ ကိုကျော်လွင် ကတော့ လည်ပင်း၊ ရင်ဘက်၊ ဝမ်းဗိုက်နဲ့ လက်မောင်းတွေမှာတော့ ဒဏ်ရာတွေ ပရပွတွေဖြစ်နေတယ်လို့ မအေးရီ က ဆိုပါတယ်။
ကိုကျော်လွင် မိုင်းနင်းမိပြီး သေဆုံးခဲ့ချိန်မှာ အသက် (၃၅) နှစ်သာရှိသေးပြီး၊ အမေအို၊ ဇနီးနဲ့ ကလေး (၃) ဦး ကျန်ရှိခဲ့ပါတယ်။
“သူက မိသားစုအတွက် အဓိက အားကိုးနေရတဲ့ အိမ်ထောင်ဦးစီးပါ။ အခုတော့ ကလေး (၃) ယောက်နဲ့ ကျမရဲ့မရီး ကျန်ခဲ့တယ်။ အခု အကိုလည်းမရှိတော့သူတို့တွေ စားဝတ်နေရေးခက်ခဲနေတယ်” လို့ မအေးရီက ဝမ်းနည်းစွာဖြင့် ပြောပါတယ်။
ထိုနည်းတူ သြဂုတ် ၁၅ ရက် တွင်လည်း ကျောက်မဲမြို့ မှာနေထိုင်တဲ့ ဦးအောင်လေး တို့သားအဖ ဟာ ဝမ်းရေးအတွက် နမ့်မန်းကျေးရွာအနီး မျှစ်သွားချိုးရင်း ရုတ်တရက် မြေမြုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ပါတယ်။
“နမ့်မန်းရွာဖက်ကို အရင်ရက်တွေကလည်း သွားနေကြပဲ၊ မှိုရှာ၊ မျှစ်ရှာတဲ့ အခြားသူငယ်ချင်းတွေလည်း အဲ့ဒီဖက်ကို သွားတာများတယ်၊ အဲ့ဒီနေ့ကတော့ ကံဆိုးသွားတယ်” ဆိုပြီး သူ့သားနဲ့အတူ မျှစ်သွားချိုးစဉ် မိုင်းထိဒဏ်ရာရရှိခဲ့တဲ့ ဦးအောင်လေးက ပြောပြပါတယ်။
မိုင်းနင်းမိခဲ့တဲ့ ဦးအောင်လေးမှာ ညာဖက်ပေါင်ရင်းတွင် ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူကတော့ ဒူးခေါင်းမှာ ဒဏ်ရာ ရရှိခဲ့ပေမယ့် ဆေးရုံတက် ဆေးကုခွင့်မရခဲ့ပဲ နေအိမ်မှာသာ ဆေးကုခဲ့ရပါတယ်။
ဦးအောင်လေးတို့ သားအဖ လည်း ကျေးရွာပတ်ဝန်းကျင်အနီးတဝှိက် မှိုရှာ၊ မျှစ်ချိုးပြီး ဝမ်းရေးအတွက် ရှာဖွေ စားသောက်နေကြတဲ့သူတွေ ဖြစ်ပါတယ်။
မြေမြုပ်မိုင်း မကြာခဏ နင်းမိတဲ့ နမ့်မန်းကျေးရွာဟာ ကျောက်မဲ − မိုင်းငေါ့ သွား လမ်းမကြီးဘေးမှာရှိပြီး ခရီးသွားပြည်သူတွေ ခေတ္တနားခို စားသောက်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် နှစ်စပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီးနောက် နမ့်မန်းကျေးရွာအခြေအနေဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မှ နမ့်မန်းကျေးရွာရှိ နေအိမ်နှင့် စားသောက် ဆိုင်တစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံ (၈၀) ကျော် နေရပ်ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး၊ ထိုဒေသမှာ မိုင်းအန္တရာယ်ဇုံနေရာ လို့လည်း ပြောရင် မမှားပါဘူး။
“ဒီရွာဘက် လာတဲ့သူ အားလုံး မိုင်းအန္တရာယ်ကို သတိထားစေချင်ပါတယ်၊ မလာခင်မှာ ဒီနယ်မြေ အနေအထားကို အရင်စုံစမ်းပြီးမှ လာကြပါ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ မလာစေချင်ဘူး၊ အန္တရာယ်များလွန်းလို့ပါ” လို့ ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ကိုစိုင်းက ပြောပါတယ်။
သျှမ်းမြောက် ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ လှုပ်ရှားသွားလာမှု စတင် များပြားခဲ့တဲ့ (၂၀၁၁) ခုနှစ်နောက်ပိုင်း မြေမြုပ်မိုင်းအန္တရာယ်လည်း စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ RCSS/SSA တပ်ဖွဲ့၊ မြောက်ပိုင်းမဟာမိတ်တပ်တွေဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ သွားလာလှုပ်ရှားတဲ့နယ်မြေဒေသတခုဖြစ်ပြီး၊ စစ်ရေးတင်းမာနေတဲ့နေရာလည်းဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်မှာ လတိုင်းနီးပါး မြေမြုပ်မိုင်းနင်းမိတဲ့ ဒေသခံပြည်သူတွေရှိပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေအတွင်းက ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနင်းမိပါက သွားရောက်သယ်ယူ ကူညီဖို့က လွန်စွာခက်ခဲပြီး တားဆီးပိတ်ပင်ခံရတာတွေလည်းကြုံရကြောင်း ကျောက်မဲမြို့နယ် လူမှုပရဟိတအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။
“မိုင်းထိတဲ့သူတွေကို သွားသယ်ဖို့ဆိုတာလည်း မလွယ်ဘူး၊ အဲဒီဒေသရဲ့ တာဝန်ရှိသူကို အရင် သတင်းပို့ရတယ်၊ တစ်ချို့နေရာက ကားလမ်းမရှိလို့ ခြေလျင်သွားရတယ်၊ အဲဒီလို သွားသယ်တဲ့လမ်းမှာ မိုင်းထောင်ထားတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတယ်” ဆိုပြီး ကျောက်မဲမှ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဒါ့ကြောင့် တချို့ မြေမြုပ်မိုင်းနင်းမိတဲ့သူတွေဟာ လမ်းကြမ်းတမ်းမှု၊ လက်နက်ကိုင်အဖွဲ့ တားဆီးပိတ်ပင်မှုနဲ့ တိုက်ပွဲစစ်ရေး တင်းမာမှုတွေကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသလို ဆေးရုံတက်ဆေးကုမရတဲ့သူတွေကလည်း များစွာရှိကြောင်း ပရဟိတ လုပ်နေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ထိုချိန်က အဲ့ဒီဒေသမှာ ခြေကုတ်ယူထားတဲ့ လက်နက် ကိုင်တပ်ဖွဲ့က ကျေးရွာအဝင်အထွက်လမ်းကို ပိတ်ထားတဲ့အတွက်ကြောင့် မိုင်းထိဒဏ်ရာရလူနာကို သွားရောက်သယ်ယူဖို့ မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များလည်း မပြုလုပ်နိုင်ခဲ့ကြပေ။
“မိုင်းကိစ္စနဲ့ ပတ်သက်ရင် တစ်ဖက်ထဲ ကြည့်လို့တော့မရဘူး၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နေရာတွေကို စုံစမ်းကြည့်စေချင်တယ်။ ပြီးတော့ မိုင်းအမျိုးအစားပေါ့၊ ဘယ်လိုမိုင်းလဲ ဆိုတာ သိရင် ဘယ်သူထောင်တာလဲ၊ ဘယ်အဖွဲ့ထောင်တာလဲ ဆိုတာ သိနိုင်တယ်” လို့ (RCSS/SSA)မှ ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။
Geneva Call’s Deeds of Commitment မြေမြုပ်မိုင်းဆန့်ကျင်တားဆီးရေးသဘောတူ စာချုပ်ကို ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံတကာရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ပြည်သူလူထုကို အန္တရာယ်ပြုစေမယ့် မြေမြုပ်မိုင်းများ၊ စွန့်လွတ်မိုင်းများကို (လုံးဝ) အသုံးမပြုပါ ဆိုပြီး ပါဝင်ထားပါတယ်။
မြေမြုပ်မှိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာများအရ စစ်ကောင်စီတပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ လူသတ်မိုင်းကြောင့် သေဆုံးသူ တတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်နောက်ပိုင်း စတင်ခဲ့ပေမယ့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေက အခုချိန်ထိ မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို မဆောင်ရွက် နိုင်သေးဘူးလို့ မြေမြုပ်မိုင်း အသုံးပြုမှုပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
မြေမြုပ်မိုင်းကြောင့် ကျေးလက်ဒေသခံတွေ ထိခိုက်သေဆုံးနေရတဲ့အတွက် လက်နက်ကိုင်တပ်များ မြေမြုပ်မိုင်းအသုံးပြုပြီး တိုက်ခိုက်ခြင်း၊ ကျေးရွာအနီး မိုင်းထောင်ခြင်းများ မပြုလုပ်ကြဖို့ ကျောက်မဲမြို့နယ် ပြည်သူတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေ က နားထောင်မှုမရှိခဲ့ပါပေ။
“တိုက်ပွဲဖြစ်မှ ရမှာဆိုရင်လည်း ရွာနဲ့ နီးတဲ့နေရာမှာ မတိုက်ကြပါနဲ့၊ ဒေသခံတွေ လက်ဖက်ခြံ၊ တောင်ယာသွားတဲ့ နေရာအနီးနားမှာလည်း မိုင်းထောင်တာတွေ လုံးဝမလုပ်ကြပါနဲ့ အနူးအညွှတ်ကို တောင်းဆိုပါတယ်” လို့ ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာနေ ဦးဆွေက ဆိုပါတယ်။
ကျေးလက်ဒေသ ဓလေ့ ရွာနီးချုပ်စပ်မှာ ရာသီအလိုက်ထွက်တဲ့ မှိုတွေ၊ မျှစ်တွေ သွားရောက်ရှာဖွေဖို့ အတွက် ပြည်သူတွေ က တွန့်တိုနေရပေမယ့် လက်ရှိ စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေကြောင့် ဝမ်းရေးအတွက် ကြောက်စိတ်ကို ဘေးဖယ်ပြီး ဆက်လက်ရှာဖွေ စားသောက်နေရပါတယ်။
ဝမ်းရေးအတွက် ဘဝဆုံးရှုံးရတဲ့ပြည်သူတွေရှိနေပေမယ့် အသက်စွန့်ပြီး ဟင်းတခွက် မိသားစုဝမ်းစာအတွက်ကတော့ ဆက်လက်ပြီး စွန့်စားနေရဆဲပါ။