စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင်တည်ရှိသော ရေရှင်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း ၈ လောင်းကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ က ဒေသခံများက သဂြိုလ်ခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
“အလောင်းတွေက ပုတ်လို့နေပြီ အလောင်းတောင် ကောက်လို့မရတော့ဘူး၊ မနေ့က ၈ လောင်းကို သဂြိုလ်တာ ရွာထဲမှာပဲ အိမ်နားနီးချင်းတွေရဲ့ထင်းတွေကိုယူပြီး ရှို့ပြီး သဂြိုလ်ကြတာ ၃ ယောက်က ရေရှင်သားတွေ သူတို့ လည်ပင်းတွေကို ဓားနဲ့လှီးဖြတ်ထားကြတာ ၅ ယောက်ကျတော့ ဘယ်သူတွေလည်းမသိရဘူး” ဟု ရေရှင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သည့် ၃ ဦးမှာ ရေရှင်ကျေးရွာသာများဖြစ်ကြပြီး ကျန် ၅ ဦးမှာမူ အလောင်းပုတ်ပွနေပြီဖြစ်သည့်အတွက် မည်သူမည်ဝါမသိရှိနိုင်ကြောင်း PDF-Kalay တပ်ဖွဲ့ဝင်များလည်း ဟုတ်/မဟုတ်မသိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရှင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၇ လုံး မီးလောင်ပြာကျသွားသည့်အပြင် နေအိမ်အချိူ့မှာလည်း ဖောက်ထွင်းခံရပြီး ကားတွေပါ မီးလောင်ပျက်စီးခဲ့သည်ဟုသိရ သည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ရေရှင်ကျေးရွာအပါအဝင် မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာများအား ဝင်ရောက်စီးနင်မှုကြောင့် PDF- Kalay ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း စက်တင်ဘာလ ၃ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးသေဆုံးကာ PDF-Kalay ဘက်မှလည်း ၃ ဦးခန့် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
ကလေးမြို့နယ် တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် အနည်းဆုံး ကျေးရွာ ၁၀ ရွာခန့်မှ ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် တောထဲသို့နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် အချိူ့မှာလည်း ဘုန်းကြီးကျောင်းများတွင် ခိုလုံနေကြရသည်ဟု သိရသည်။
“ရွာလုံးကျွတ်ထွက်ပြေးတာ၊ တောထဲမှာနေကြရတယ်၊ တချို့က ဘုန်းကြီးကျောင်းမှာနေတယ် အခုက ဝက်တွေကို အစာကျွေးမရတာ ၂-၃ ရက်လောက်ရှိတော့ ခနပြန်လာပြီး ကျွေးတာ။ လမ်းတွေလည်း ပိတ်ထားတော့ ကိုယ်ဝယ်ချင်တာကို ဝယ်လို့မရဘူး၊ ဖုုန်းဘေတောင် တအားခက်ခဲတာ၊ ဟင်းတောင် ချဉ်ပေါင်နဲ့စားရတာ” ဟု ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယခုလက်ရှိ စစ်ဘေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းမှ ကျောက်ဆယ်၊ ကျောက်ပြုတ်၊ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ နွားရွာနှင့် အနောက်ဘက်ကမ်းမှ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်းနှင့် ကြံသာရွာတို့ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။