ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ မြို့တွင်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်ကျန် လက်နက်ကြီးတစ်လုံး ပြန်လည်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ (၂၇) မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်လောက်တွင် စစ်ကောင်စီလက်ကျန် လက်နက်ကြီးကျည်အား အရပ်သားတစ်ဦးက သွားရောက်ကိုင်တွယ်ကာရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ထန်တလန်မြို့ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“တနေ့ သြဂုတ်လ (၂၅) ရက်နေ့က ပစ်တော့ ကျည်ဆံမှန်ပြီး အိမ်တစ်လုံးက ပျက်သွားတယ်... အိမ်ပျက်တဲ့ဟာတွေကို ပြုပြင်ဖို့သွားနေတုန်း ဗုံးလက်ကျန်လို့ပြောရမှာပေါ့ အိမ်ပြင်ရင်းနဲ့ အဲ့ဒီဗုံးက ကွဲသွားတာနဲ့တူတယ်” ဟု ပြောသည်။
ယခုပေါက်ကွဲမှုအတွင်း သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရှိသူများမှာ ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ မြို့တွင်းပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် ထန်တလန်မြို့ပေါ်၊ ကျောင်းရပ်ကွက်ရှိ နေအိမ်များကို သွားရောက်ပြုပြင်ကြသူများဖြစ်သည်။
ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဘုရားကျောင်းတွင်ထားရှိကာ ဆေးကုသမှုပေးနေပြီး သေဆုံးသူ အသက် (၄၅) နှစ်အရွယ် Pu Hlei Bik ၏ ရုပ်အလောင်းကိုတော့ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင် ထားရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့ ထန်တလန်မြို့ပေါ် ပစ်ခတ်မှုအတွင်းတွင်လည်း နေအိမ်အတွင်းပုန်းအောင်းနေသည့် အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန် သေဆုံးခဲ့ကာ လူနေအိမ်များလည်းပျက်စီးခဲ့သည်။