Covid-19 တတိယလှိုင်းက ရှမ်းနီဒေသတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါပြီ။ ဖေဖော်ဝါရီလ (၁) ရက်နေ့မတိုင်ခင်အထိ ရှမ်းနီဒေသမှာ ကိုဗစ်ကူးစက်မှုက အနည်းငယ်တာရှိခဲ့တာကိုလည်း တွေ့ရမှာပါ။ စစ်ကောင်စီက အာဏာသိမ်းပြီး ၅ လအကြာမှာ ကိုဗစ်က တစ်နိုင်ငံလုံးကို ပျံ့နှံ့လာခဲ့ပါတယ်။
အာဏာတည်မြဲရေးအတွက် အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်နေတဲ့အခါမှာပဲ ဒီရောဂါက ဆိုးသထက်ဆိုးရွားလာခဲ့ပါတယ်။ မြို့ကြီးပြကြီးတွေက ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာသလို နယ်မြို့တွေမှာလည်း ရောဂါက ပိုတိုးလို့လာခဲ့ပါတယ်။
ဒုတိယလှိုင်း ရိုက်ခတ်တဲ့အချိန်က ကူးစက်လူနာတစ်ဦးတစ်ယောက်မှ မရှိခဲ့တဲ့ ဗန်းမောက်မြို့မှာ တစ်လအတွင်း ကူးစက်လူနာ ငါးရာကျော်ခဲ့ပါတယ်။ ဟုမ္မလင်းမြို့မှာဆိုရင်လည်း တစ်လတာအတွင်း ကူးစက်လူနာ တစ်ထောင်ကျော်လာခဲ့ပါတယ်။
ဒီနှစ်မြို့အပြင် ဟောင်ပါး၊ တာမခံ၊ မိုးမောက်၊ ဗန်းမော်နဲ့ မိုးကောင်းမြို့တွေကလည်း ကူးစက်မှုအရှိန်မြင့်လာပြီး Stay at Home သတ်မှတ်ခံထားရသည်အထိ ဆိုးရွားလာခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒီလိုဆိုးရွားတဲ့အခြေအနေမှာ စစ်ကောင်စီဘက်က ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်စွမ်းမရှိတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရုန်းထပြီး ဒီကိုဗစ်ကို အနိုင်တိုက်နေကြရတာပါ။ ငွေအားတတ်နိုင်သူက ငွေအားကူ၊ လူအားတတ်နိုင်သူက လူအားကူရင်း ကာကွယ်နေကြရပါတယ်။
ဒီအခြေအနေမှာ တချို့သော ရှမ်းနီအဖွဲ့အစည်းတွေကလည်း လူရောစိတ်ပါ ဝိုင်းကူတွန်းနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ရှမ်းနီလူငယ်အဖွဲ့များ စတဲ့အဖွဲ့တွေက ရှမ်းနီဒေသကို စုပေါင်းကာကွယ်ဆေးကုနေကြရပါတယ်။ သို့ပေမယ့်လည်း တချို့မြို့နယ်တွေမှာတော့ ကူးစက်မှုနှုန်းက မလျော့ကျသေးပါဘူး။
ရှမ်းနီဒေသမှာ အချင်းချင်းကူညီတဲ့ အစီအစဉ်တွေနဲ့ ကိုဗစ်ကုသကာကွယ်တားဆီးရေးကို လုပ်ဆောင်နေကြရတာကိုတွေ့ရပါတယ်။ ရှမ်းနီဒေသတွေက ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်တားဆီးရေးဆိုင်ရာ ဗဟုသုတများလည်း အလွန်အားနည်းနေကြပါတယ်။
ပထမလှိုင်း ဒုတိယလှိုင်းတွေနဲ့ မတူတဲ့ စီမံခန့်ခွဲသူ ပြောင်းလဲခြင်းကလည်း များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ သယံဇာတတူး ဖော်မှုလုပ်ငန်းများတွင်တွင်ကျယ်ကျယ်ရှိနေမှုတွေကြောင့် ရွေ့ပြောင်းလုပ်သားများစွာလည်းရှိပါတယ်။ ရွေ့ပြောင်းလုပ်သားများထံမှ ကူးစက်မှုများကလည်း ယနေ့တိုင် ထိန်းချုပ်၍ မရနိုင်သေးတဲ့ အခြေအနေတွေပါ။ ရွှေမှော် ကျောက်မှော်များ၏ ဝင်ထွက်သွားလာမှုများနှင့် ကွာလတင်းစင်တာများမရှိခြင်းများ၊ ဗဟုသုတ အားနည်းမှုများကလည်း ကူးစက်မြန်တဲ့ တတိယလှိုင်းမှာ အလူးအလဲခံနေရတာလည်းဖြစ်ပါတယ်။ အခုထိလည်းကူးစက်မှုများက လျော့ကျမသွားပဲ စစ်ရင်စစ်သလို တိုးများလာဆဲဖြစ်ပါတယ်။
တချို့ကျေးလက်များကလည်း ရောဂါကို မယုံကြည်ကြသူများလည်း ရှိနေသည်ကိုတွေ့မြင်ရသလို၊ ကူးစက်မှုရောဂါကို ကြောက်လန့်မှုမရှိသည်များကိုလည်း တွေ့မြင်နေရပါတယ်။ ဒီလိုတွေကြောင့် ရောဂါထိန်းချုပ်ရေးအတွက် အတားအဆီးများ ရှိနေဆဲလည်းဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA ကတော့ ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်ကြားက စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေများလည်း ရှိနေပါတယ်။ ရှမ်းနီဒေသမှာတော့ တတိယလှိုင်းမှာ ကိုယ့်အားကိုယ်ကိုးရင်း ရောဂါပိုးတိုက်ပွဲနွဲနေကြရဆဲဖြစ်ပါတယ်။
တတိယလှိုင်းဘယ်လောက်ကြမ်းလဲ
ဒုတိယလှိုင်းအပြီးဆိုတာ စစ်တပ်က အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ ပြီးဆုံးသွားတယ်လို့ယူဆရပါလိမ့်မယ်။ မြန်မာနိုင်ငံတဝှမ်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း သန်းနဲ့ချီတဲ့ပြည်သူတွေက နေ့စဉ်နှင့်အမျှ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အိမ်တွင်းနေထိုင်ရေးသတ်မှတ်ထားတဲ့မြို့နယ်တွေကအစ ကျေးလက်တွေအထိ ပါဝင်ပါတယ်။ ဒီလောက်များတဲ့လူအုပ်စုတွေအထဲမှာ ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းက အသေးအဖွဲလေးကိစ္စတစ်ခုဖြစ်သလို လူထုထဲကူးစက်မှုကလည်း မရှိသလောက်ပါပဲ။ ၂၂၂၂၂ အရေးတော်ပုံနေ့ဆိုရင်တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေသန်း (၂၀) လမ်းပေါ်စုဝဝေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သို့ပေမယ့်လည်း ကူးစက်မှုနှုန်းက မရှိသလောက်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက Delta ဆိုသည့် ကိုဗစ်ရောဂါမျိုးကွဲတစ်မျိုး အိန္ဒိယမှာ ဖြစ်ပွားနေချိန်တွင် မြန်မာနိုင်ငံတွင်ဆန္ဒပြပွဲများ၊ စစ်တပ်က အရပ်သားများကို ပစ်ခတ်ဖြိုခွင်းမှုများ အရှိန်မြင့်နေသည့်အချိန်ဖြစ်ပါတယ်။ မေလလယ် နေစပြီး ကိုဗစ်ရောဂါပိုး ကူးစက်မှုကို မြင်တွေ့လာခဲ့ရပါတယ်။
ကိုဗစ်ရောဂါပိုးစတင်တွေ့ရှိခဲ့ ပေမယ့်လည်း စစ်ကောင်စီက stay at home ကြေညာတာက လွဲပြီး ကျန်တဲ့ကုသရေးပိုင်းမှာ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ နေပြည်တော်ကိုသာ အသည်းအသန်ကာကွယ်နေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဇွန်လနောက်ဆုံး အပတ်ကစပြီးတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကူးစက်မှုလည်း စံချိန်တင်မြင့်တက်ခဲ့သလို သေဆုံးမှုလည်း တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ဒါက တတိယလှိုင်းစတင်ပြီးနောက်ပိုင်း အခြေအနေတွေပါ။
ကုသမှုများကို လုံလုံလောက်လောက်ပေးနိုင်ဖို့ကလည်း စစ်ကောင်စီမှာလုံလောက်တဲ့ ကျန်းမာရေး ဝန်ထမ်းရှိမနေပါဘူး။ သူတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM ကျန်းမာရေးဝန်ထမ်း ရှစ်ဆယ်ရာခိုင်နှုန်းခန့်ပါဝင်ခဲ့ပါတယ်။
CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ တွေနဲ့ တရားစွဲဆို ဝရမ်းထုတ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ ကျန်းမာရေး ကဏ္ဋကိုမကူညီတဲ့ ဆရာဝန်တွေကိုလည်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဒီလိုတွေကြောင့် ကိုဗစ်တတိယလှိုင်းက ကျန်းမာရေးဝန်ထမ်းတွေမရှိ ဖြတ်သန်းနေကြရတာပါ။
ဆေးရုံဆေးခန်းတွေက အစ ကုသရေးစင်တာတွေမှာ လက်ခံကုသပေးနိုင်တဲ့ အရေအတွက်က အနည်းအကျဉ်းသာရှိနေပါတယ်။ အိမ်မှာနေပြီး အွန်းလိုင်းစာမျက်နှာတွေကနေ ကိုဗစ်ကုသ ရေးစာစုများ၊ နည်းနာများဖြင့် အချင်းချင်းကုသပေးခဲ့ကြပါတယ်။ စစ်ကောင်စီက အိမ်တွင်းကုသရေး လုပ်နေတဲ့ ပြည်သူတွေကို အောက်စီဂျင်ကအစ ကန့်သတ်ချုပ်ချယ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ အောက်စီဂျင်လိုအပ်ချက်က မြင့်မားနေဆဲဖြစ်ပါတယ်။ ဆေးဝါး၊ ကုန်ပစ္စည်းတချို့ စျေးမြင့်တက်မှုများလည်း လက်ရှိတိုင်ဖြစ်နေပါတယ်။
တတိယလှိုင်းမှာ ရန်ကုန်တစ်မြို့တည်းမှာပင် ရာနှင့်ချီသေဆုံးတဲ့ ရက်တွေရှိခဲ့ပါတယ်။ ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်း သေဆုံးမှု တွေက တတိယလှိုင်းကပိုမြင့်လာခဲ့ပါတယ်။ စာရင်းအတိအကျကိုမူ လက်ရှိတွေရနိုချေလည်းနည်းနေပါတယ်။ အဓိက စစ်ဆေးပေးနိုင်မယ့် စင်တာတွေကလည်း အခကြေးငွေပေးနေရသလို လုံလုံလောက်လောက်လည်း မရှိပါဘူး။ ဒီအခြေအ နေအရပ်ရပ်က ကိုဗစ်တတိယလှိုင်းကို ကြမ်းသထက်ကြမ်းလာစေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအပြင် နိုင်ငံရေးကမောက်ကမပျက်ပြဿနာလည်းရှိနေပါတယ်။ ကိုဗစ်တတိယလှိုင်းကြမ်းကိုတော့ ရှမ်းနီဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ခံစားနေကြရပါတယ်။
ကိုဗစ်ဘေးကင်းဝေးကြပါစေ။
ကွမ်းခေး ရေးသားသည်။