ပြန်ဖွဲ့သည့် သတင်းမီဒီယာကောင်စီတွင် စစ်တပ်နှင့်ဆက်နွယ်သူများ ချုပ်ကိုင်ထား

ပြန်ဖွဲ့သည့် သတင်းမီဒီယာကောင်စီတွင် စစ်တပ်နှင့်ဆက်နွယ်သူများ ချုပ်ကိုင်ထား
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း

စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း အရေးပါသောရာထူးများကို စစ်တပ်နှင့်ဆက်နွယ်နေသူများက ချုပ်ကိုင်ထားကြသည်။

အဖွဲ့ဝင် ၂၅ ဦးပါ သတင်းမီဒီယာကောင်စီတွင် ဥက္ကဌအဖြစ် ဒေါက်တာတင်ထွန်းဦး၊ ဒုဥက္ကဌ (၁) ဦးခင်မောင်ဇော်နှင့် ဒုဥက္ကဌ (၂) ဦးကျော်ဒင်၊ အတွင်းရေးမှူး ဦးအေးချမ်း တို့ပါဝင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာ၊ သုတစွယ်စုံ စသည်တို့ထုတ်ဝေသော မီဒီယာစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုကာ ပုဇွန်တောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီလိုလားသော နိုင်ငံရေးပါတီများက သပိတ်မှောက်ခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီက မဲအများစုဖြင့် အနိုင်ရခဲ့သည်။

ဒုဥက္ကဌ (၁) ဦးခင်မောင်ဇော်သည် နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြံပေးအဖွဲ့ဖြစ်သော မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) မှ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။

ဒုဥက္ကဌ (၂) မှာ ဦးခင်မောင်ကျော်ဒင်သည် ကြေးမုံသတင်းစာ စာတည်းမှူးချုပ်ဟောင်းဖြစ်သည်။

အတွင်းရေးမှူး ဦးအေးချမ်းသည် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး စိုးသိန်း၏သားဖြစ်ကာ Myanmar Insider စီးပွားရေးဂျာနယ်ထုတ်ဝေသူဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပထမအကြိမ်ပြန်ဖွဲ့သော သတင်းမီဒီယာကောင်စီကတည်းက အတွင်းရေးမှူးဖြစ်ခဲ့သည်။ သူက သတင်းမီဒီယာကောင်စီကိုကိုယ်စားပြုကာ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တီမောလက်စ်တေးနိုင်ငံ ဒေလီတွင်ကျင်းပသော ဒိုင်ယာလော့ဂ်ဖိုရမ်တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် မဲသမာမှုများပြုလုပ်၍ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် “အကြမ်းဖက်သမားများ” နှိမ်နင်းကာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် စစ်တပ်က လုပ်ဆောင်နေရသည်ဟုဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးသိန်း၏သားဖြစ်သည်။ ဦးစိုးသိန်းသည် ၂၀၂၀ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ပြီးနောက် အိပ်မပျော်ဖြစ်ခဲ့ပြီး စစ်တပ်က အာဏာမသိမ်းမှာကို စိုးရိမ်ခဲ့သည်ဟု သူ၏စာအုပ်တွင် ရေးသားထားခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ၎င်းအလိုကျလူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပြီး သက်တမ်း သုံးနှစ်ကျော်ချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ဥက္ကဌ ကိုကျော်ကျော်မင်းက “မီဒီယာကောင်စီထဲမှာပါတဲ့လူ အများစုက သက်ကြီး ဝါကြီးတွေ၊ သတင်းလုပ်သက်အရတော့ ကြာတယ်ပေါ့၊ ဒါပေမဲ့ သူတို့ ရပ်တည်ချက်သည် ဘယ်တော့မှ မှန်ကန်ခဲ့တာမျိုးမရှိဘူး၊ ပြည်သူဘက်မှ တကြိမ်တခါမှ မရှိတဲ့ လူအများစုလို့ ယူဆတယ်။ ပိုက်ဆံရှိလို့ မီဒီယာထောင်တယ်ဆိုတဲ့ လူမျိုးတွေဆိုတော့ ဘာမှ ထူးခြားလာမဲ့ အရာတစ်ခုတော့ မဟုတ်ဘူးလို့မြင်တယ်”ဟု ပြောသည်။

MeKong News-မဲခေါင်သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုညာဏ်လင်းထက်ကလည်း ”ကောင်စီမှာပါဝင်တဲ့လူတွေကို ကြည့်ရင်လည်း တနည်းတဖုံနဲ့ မြန်မာစစ်တပ် ဒါမှမဟုတ် ကြံ့ခိုင်ရေးပါတီနဲ့ ဆက်နွယ်နေတဲ့လူတွေဖြစ်တယ်ပေါ့။ သူ့ဟာသူ သတင်းမီဒီယာ ကောင်စီလို့ ဘယ်လိုပဲ နာမည်တပ်တပ်၊ ဒီမိုကရေစီအတွက်လိုအပ်တဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုတော့ ဆက်ပြီးတော့ ဖိနှိပ်နေဦးမှာပဲ၊ ဖမ်းဆီးနေဦးမှာပဲ ရန်သူလို သဘောထားနေဦးမှာပဲလို့ မြင်ပါတယ်”ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော်အဖမ်းခံခဲ့ရပြီး ၅၀ ကျော် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ကာ ခုနှစ်ဦး အသတ်ခံရသည်။

စစ်ကောင်စီနှင့် မပူးပေါင်း၊ မဆောင်ရွက်လိုသော သတင်းသမားများနှင့် သတင်းတိုက်များက ယမန်(၂၀၂၃ ) ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCMN) ကို ဖွဲ့စည်းခဲ့ကြသည်။

January 24, 2025
ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီ၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များ (...
မန္တလေးတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်။ (ပုံ – အဟောင်း)
January 23, 2025
အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ ၂ လအတွင်း ကလေးငယ်တဦးအပါအဝင်...
January 22, 2025
ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ...
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)
January 21, 2025
မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်တို့အကြား ဇန်နဝါရီ ၁၈...