မြန်မာစစ်တပ်နှင့် MNDAA တပ်ဖွဲ့အကြား အပစ်အခတ် ရပ်စဲလိုက်ပြီဟု တရုတ်ပြော

မြန်မာစစ်တပ်နှင့် MNDAA တပ်ဖွဲ့အကြား အပစ်အခတ် ရပ်စဲလိုက်ပြီဟု တရုတ်ပြော
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)

မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်တို့အကြား ဇန်နဝါရီ ၁၈ ရက်တွင် စတင်အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

နှစ်ဘက်ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ ကျေးဇူးတင်နေကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဇန်နဝါရီ ၂၀ ရက်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေအနေများ တည်ငြိမ်အေးဆေးအောင် ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်နေသူအားလုံးနှင့် ဒေသတွင်း နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် တက်ကြွစွာဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မော်နင်းက ပြောကြားခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် မိမိ၏ ပိုင်နက်အဖြစ်ယူဆထားသော နယ်မြေများမှ မြန်မာစစ်တပ်ကို တိုက်ထုတ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်သည်။ ၎င်းသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့နှင့်အတူ ဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့တွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ တရုတ်နိုင်ငံနယ်စပ်အနီးရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

အရေးပါသောနယ်စပ်ဒေသများမှ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ထုတ်ပြီး နိုင်ငံအလယ်ပိုင်း မန္တလေးမြို့သို့ စတင်ချဉ်းနင်းဝင်ရောက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ ရှေ့ဆက်တိုးလာမည်ကို တရုတ်အစိုးရက စိုးရိမ်လျက်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသည်။

ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်မျဉ်းတလျှောက်ရှိ ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့အား ထိခိုက်လာမည်ကို တရုတ်နိုင်ငံက စိုးရိမ်လျက်ရှိသည်။

တရုတ်အစိုးရသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ယခင်က ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း အဆိုပါသဘောတူညီချက်သည် လအနည်းငယ်အကြာတွင် ပျက်ပြယ်သွားခဲ့သည်။

Most read this week

April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...
April 11, 2025
ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info...
April 10, 2025
အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းပေါင်းစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇...
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)
April 10, 2025
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၉ ရက် ည‌နေတွင်...