၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ (၅) နှစ်အောက် ကလေးငယ်တွေရဲ့ ကာကွယ်ဆေး ထိုးနှံနိုင်မှု (၃၀) ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။
ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားနေဆဲအပြင် ကရင်နီပြည်က လူထုတွေဟာ တစ်နေရာပြီး တစ်နေရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စာရင်းကောက်ယူရာမှာ အခက်အခဲရှိနေပြီး ၂၁၂၁ခုနှစ်အတွင်းက ကောက်ထားတဲ့ စာရင်းအရ (၅)နှစ်အောက် ကလေးငယ်တွေကို (၃၀) ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံပေးနိုင်တယ်လို့ IEC ရဲ့ ကျန်းမာရေးဌာ၊ ဌာနမှုးကြီး ခွန်းဖိလစ်က ကန္တာရဝတီတိုင်း ( မ် ) နဲ့ အင်တာဗျုးပြုလုပ်စဉ်မှာ ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ်တုန်းက ကောက်ထားတဲ့ ၅ နှစ်အောက် စာရင်းအရဆိုရင် အခုလက်ရှိ ကာကွယ်ဆေး ထိုးနှံနိုင်တာက အရင်ကကောက်ထားတဲ့ လူဦးရေ စာရင်းနဲ့ဆိုင်ရင် (၃၀) ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်သေးတယ်။ ကျန်တဲ့ (၆၀) ၊ (၇၀) ရာခိုင်နှုန်းကတော့ အခက်အခဲအမျိုးမျိုးကြောင့် ကျနော်တို့ မလုပ်နိုင်သေးဘူး။ နောက်တစ်ခုက စစ်ရှောင်တွေက ဟိုရှောင်ဒီရှောင်ဖြစ်တဲ့အခါကျတော့ လူဦးရေ စာရင်းအတိအကျ ကောက်ရဖို့က ကျနော်တို့အတွက် အခက်အခဲဖြစ်တယ်”လို့ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။
အာဏာမသိမ်းခင်မှာတော့ မြန်မာနိုင်ငံက မွေးကင်စကလေးငယ်တွေ နဲ့ ၅ နှစ်အောက်ကလေးငယ်တွေ ကာကွယ်ဆေးထိုးနိုင်ဖို့ ဆေးရုံ၊ ကျန်းမာရေးဌာန တွေနဲ့ ကျေးရွာတွေမှာ ကျန်းမာရေးဆရာမတွေက လိုက်လံထိုးနှံပေးတာရှိပါတယ်။ သို့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအပြောင်းအလဲ ၊ ဆေးဝါးပြတ်တောက်မှု နဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးနှံဖို့ အခက်အခဲတွေ ရှိနေတာပါ။
မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ( ၁၁ ) မျိုး ထိုးနှံပေးရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အသက်အရွယ်တွေမှာ ထိုးနှံဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီတဲ့ ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံလို့ရတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို သွားရောက်ကြတယ်လို့ တစ်နှစ်ဝန်းကျင် ကလေးငယ်မိခင်တစ်ဦးက ပြောပါတယ်။
“ကျမတို့ ဒီရွာဖက်ဆိုရင် ကာကွယ်ဆေးထိုးနှံဖို့ဆို ဒီးမော့ဆိုထိသွားရတာပေါ့နော။ ခရီးကဝေးတော့ အသွားအပြန် ၂ ရက်လောက်လုပ်ရတာပေါ့။ ဘယ်နေရာ ကာကွယ်ဆေးထိုးလို့ရနိုင်မလဲ ကြိုမေးရတာပေါ့နော။ ကာကွယ်ဆေးက အမြဲအဆင်သင့်မရှိဘူးလို့လည်း ပြောတယ် ရတဲ့အချိန် ရနိုင်တဲ့နေရာတွေမှာ သွားထိုးရတာပေါ့နော။”လို့ သူက ပြောပါတယ်။
ပုံမှန်ကာကွယ်ဆေးမထိုးနှံရတဲ့ ကလေးငယ်တွေဟာ နောက်ဆက်တွဲကျန်းမာရေး အကျိုးဆက်ကို ခံစားရနိုင်ပြီး ကျန်းမာရေးချို့တဲ့တာ ၊ မကြာခဏဖျားနာတာ၊ ခုခံအားမရှိတာအပြင် ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကို မကာကွယ်နိုင်တော့ဘဲ မလိုလားအပ်တဲ့ သေဆုံးမှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ဌာနမှူးကြီး ခွန်းဖိလစ်က အခုလို ဆက်ပြောပါတယ်။
“လူထုက ဒီကာကွယ်ဆေးမရရင် ဘာဖြစ်နိုင်လည်းဆိုရင် တချို့ကာကွယ်နိုင်ရမယ့် ရောဂါတွေဆို မကာကွယ်နိုင်တော့ဘူး။ အဲ့သလို မကာကွယ်နိုင်တဲ့ ရောဂါနည်းနည်းဖြစ်တာနဲ့ သေဆုံးတာတွေ နောက်တစ်ခု ကလေးငယ်တွေမှာ အများဆုံးဖြစ်တတ်တဲ့ ဥပမာ ပိုလီယိုတို့၊ ဝက်သက် တို့ အုပ်စုလိုက် ရောဂါဖြစ်တာမျိုးတွေ အသေဆုံးမှုတွေ များတာမျိုးတွေ ဆေးမရရင် ဒါတွေက အများကြီး ဖြစ်လာနိုင်တယ်”လို့ သူက ပြောပါတယ်။
ကာကွယ်ဆေးတွေကို သတ်မှတ်အပူချိန်မှာ သိမ်းဆည်းထားရတာဖြစ်ပြီး တစ်နေရာမှတစ်နေရာသယ်ယူဖို့ ရေခဲပုံးနဲ့ သေချာထည့်သယ်ရတာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် နှောင့်နှေးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိကရင်နီပြည်က ကလေးငယ်တွေ ပုံမှန်ကာကွယ်ဆေးထိုးနှံဖို့ နောက်ကျတာတွေရှိနေတယ်လို့ ကလေးမိခင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
၅နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံပေးဖို့ နေရာဒေသတချို့မှာ ကျန်းမာရေး အသိပညာ ဗဟုသုတလိုအပ်နေသေးသလို IEC အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝမပေးနိုင်ဘူးလို့ ဆိုပါတယ်။ တချို့သော စစ်ဘေးရှောင်နေရာတွေမှာ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့် ဆေးရုံဆေးခန်း အချိန်မမှီနိုင်တော့ဘဲ ကလေးငယ်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
IEC စရင်းအရ ကရင်နီပြည်က မြို့နယ်၊ ကျေးရွာတွေမှာ ဆေးရုံ ၊ ဆေးခန်းပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်ထားနိုင်ပေမယ့် အားလုံးကို လွှမ်းခြုံနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ်။