ချင်းပြည်နယ် ဖလမ်း-တီးတိန်-တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်ကြောင့်သေဆုံးမှု ဆက်လက်မြင့်တက်

ချင်းပြည်နယ် ဖလမ်း-တီးတိန်-တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်ကြောင့်သေဆုံးမှု ဆက်လက်မြင့်တက်

ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေပြီး သေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။

ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ (၂၉) ဦးရှိပြီး သေဆုံးသူအများစုမှာလည်း ရောဂါအခံရှိသူများဖြစ်ကြသည်ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မြို့ပေါ်မှ သေဆုံးတာ (၂၅) ဦး မြို့နယ်ကျေးရွာဘက်မှ (၄) ဦးသေဆုံးတယ်၊ အများသောအားဖြင့် ဆေးချိုသွေးချိုတွေများတယ်၊ ဒါလည်းရောဂါအခံရှိလို့ ဖြစ်သွားတယ်လေ၊ ရောဂါအခံမရှိဘဲ သေဆုံးတဲ့သူတွေကတော့ (၄) ယောက်လောက်ဖြစ်မယ်ထင်တယ်၊ ဒီနေ့တော့ သေဆုံးတာမရှိဘူး၊ သာမန်သေဆုံးတာတစ်ဦးရှိတယ်" ဟု ဖလမ်းမြို့မှ ကိုဗစ်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖလမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ကုသရေးပိုင်းတွင် ဆေးရုံမှ အောက်ဆီဂျင်ပြန်ဖြည့်သည့်စက်တွင် တစ်ရက်လျှင် အလုံး (၃၀) သာဖြည့်လို့ရခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှု အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် တီးတိန်မြို့တွင် ယနေ့ဇူလိုင် (၁၃) ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ (၂၀) ကျော်ရှိပြီဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။

"၂၀ ဝန်းကျင်ရှိမယ် (၁၆) ဝန်းကျင်က ဆေးရုံပေါ့၊ ပြီးတော့ အပြင်မှာ သူတို့ဟာသူတို့ test ပြီးတော့ ကိုဗစ်-၁၉ Positive အယောက်ပေါင်းနဲ့ဆိုရင် ၂၀ ကျော်ပေါ့၊ အဓိက ရောဂါအခံရှိတဲ့သူတွေ အများဆုံးသေဆုံးတာ" ဟု တီးတိန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteer တစ်ဦးမှ သိရသည်။

တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄၆၀) ရှိသည်ဟု သိရသည်။

တီးတိန်မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကုသရေးထိန်းချုပ်ရေးပိုင်းတွင် သမားတော်အထူးကုဆရာဝန်မရှိခြင်းနှင့် အောက်ဆီဂျင်မလုံလောက်မှုအခက်အခဲ ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

တွန်းဇံမြို့နယ်တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့တွင်လည်း ကူးစက်မှုမြင့်မားပြီး သေဆုံးသူစုစုပေါင်း ဇူလိုင်လ (၁၃) ရက်နေ့အထိ (၂၆) ဦးရှိပြီဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထန်ရှန်ထံမှ သိရသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှု (၃၃၈၀) ဦးစစ်ဆေးခဲ့ပြီဖြစ်ပြီး Positive တွေ့ (၆၄၉) ဦးရှိပြီး ရောဂါပိုးတွေ့များမှ ပြန်လည်ကောင်းမွန်လာသူ (၅၈၁) ဦးရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ကုသရေးပိုင်းတွင် ဝန်ထမ်းမလုံလောက်မှုကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။

စစ်ကောင်စီမှ အာဏာမသိမ်းမီအချိန်က ချင်းပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် စောင့်ကြည့်ကုသရေးပိုင်းများတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းရှိခဲ့သော်လည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင်တော့ ကိုယ်ထူကိုယ်ထစနစ်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းစီစဉ်ဆောင်ရွက်မှုများဖြင့်သာ ယခုလို အရေးပေါ်အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရလျက်ရှိကြောင်း သိရသည်။

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...