“ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုအချင်းချင်းက ပြန်ပြီးပြိုင်ရတဲ့အနေအထားမျိုးဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်တွေ ဖက်ဒရယ်စနစ်တွေဖြစ်လာဖို့က ဝေးနေအုံးမှာပဲ”

“ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုအချင်းချင်းက ပြန်ပြီးပြိုင်ရတဲ့အနေအထားမျိုးဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်တွေ ဖက်ဒရယ်စနစ်တွေဖြစ်လာဖို့က ဝေးနေအုံးမှာပဲ”
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးသဲရယ်နှင့်အင်တာဗျူး

၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် ဖက်ဒရယ်အရေးနှင့် ညီညွတ်ရေးအစိုးရဖွဲ့ရေးအတွက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်နေပြီဖြစ်သည်။ ပထဦးဆုံးအနေဖြင့် ကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့ပြီးနောက် မွန်ပါတီနှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံမည့်နေရာညှိနှိုင်းမရသဖြင့် အစီအစဉ်ပျက်ခဲ့ရသည်။ ထိုသို့ NLD ပါတီလုပ်ဆောင်ချက်အပေါ် အမြင်များ၊ ဖြစ်လာနိုင်သည့် နိုင်ငံရေးအခင်းအကျင်းများအား ကယားပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးသဲရယ်အား ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ပထမဦးဆုံးအနေနဲ့  NLD ပါတီက မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံမှုပျက်သွားတဲ့အပေါ်မှာ ဘယ်လိုသုံးသပ်ပြောဆိုချင်လဲ။

ဦးသဲရယ် - အဲဒါနဲ့ပတ်သက်ရင် NLD ဖက်အနေနဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ သူတို့သ ဘော ထားကြီးဖို့လိုတာပေါ့။ တိုင်းရင်းသားတွေဖက်ကလည်း သဘောထားကြီးဖို့လိုပါတယ်။ ဆိုတော့ အခုဟာ တိုင်းရင်းသားဖက်က သူတို့ပါတီရုံးမှာ တွေ့မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ NLD ဖက်က သူတို့ပါတီရုံးထဲမှာ ပဲတွေ့ရမယ်ဆိုပြီးတော့ အဲလို တစ်ဖက်သတ်ဆွဲယူတဲ့အနေအထားမျိုးဖြစ်တဲ့ခါကျတော့ သူတို့ဖက်ကနေပြီး တော့မှ သဘောထားမကြီးဘူးလို့ ယူဆရတယ်ပေါ့နော။ နောက်တစ်ခုက တိုင်းရင်းသားတွေဖက်က NLD နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း အဓိကနိုင်ငံရေးကိစ္စတွေပေါ့ အဲဒါတွေ ဆွေးနွေးဖို့အတွက်လည်း ကျွန်တော်တို့ ပါတီခြောက်ခုက ဆွေးနွေးထားတဲ့အကြောင်းအရာတွေလည်း ရှိတာပေါ့။

မေး - ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ NLD ပါတီက တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာလည်းရှိတယ်။ လက်ရှိအခြေအနေနဲ့က သူတို့ထုတ်ပြန်ထားတဲ့ တိုင်းရင်းသားအရေးကိစ္စနဲ့ပတ်သက် ဘယ်လိုမြင်လဲ။

ဦးသဲရယ် - သူတို့ထုတ်ပြန်ထားတဲ့စာထဲမှာ လက်ရှိသူတို့သွားနေတဲ့ဟာက ကွဲလွဲမှုတွေရှိတယ် လွဲချော်မှု တွေရှိ တယ်ပေါ့။ သူတို့ပြောတဲ့အတိုင်း သူတို့အကောင်အထည်ဖော်ဆောင်ရွက်တာမရှိဘူးလို့ ကျွန်တော်တော့ အဲလိုပဲ ယူဆတယ်။ ဘာလို့လဲဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ သူတို့ဦးစားပေးဖော်ဆောင်မယ်ဆိုပြီးမှ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ဆောက်တာလည်း  ဒါ NLD ပါတီရဲ့မူ ရပ်တည်ချက်နဲ့  တစ်ထပ်တည်းကျတဲ့အတွက် လက်တွဲဆောင်ရွက်လိုတယ်လို့ပြောခဲ့တာပေါ့။ ဒါ ပေမယ့် လက်တွေ့မှာတော့ တိုင်းရင်းသားတွေနဲ့သွားတွေ့တဲ့အခါမှာ တိုင်းရင်းသားတွေပြင်ဆင်ထားတဲ့ဟာကို သူတို့က လက်ခံတဲ့ပုံစံမျိုးမဟုတ်ဘူး။ သူတို့ဖြစ်ချင်တဲ့ပုံစံနဲ့ပဲ ဆွဲယူတဲ့သဘောမျိုးဖြစ်တယ်လို့ပဲ ကျွန်တော်က တော့ အဲလို မြင်တယ်။ အဲဒါကတော့ ဘာလဲဆိုရင် ဥပမာ- ကချင်နဲ့သွားတွေ့တဲ့အခါမှာ ပါတီကိုယ်စားလှယ်နဲ့ တွေ့တာမဟုတ်ဘဲနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပဲတွေ့တယ်။ ဒါက ပထမလွဲချော်တဲ့ လွဲချော်မှုတစ်ခုပေါ့။ နောက်ပြီးတော့ မွန်နဲ့သွားတွေ့တဲ့အခါမှာလည်း ပါတီကိုယ်စားလှယ်တွေနဲ့တွေ့မယ် မွန်ဖက်ကပြောဆိုလာတဲ့အ ပေါ်မှာတော့ သူတို့ပါတီရုံးမှာပဲ တွေ့မယ်ဆိုတဲ့ တစ်ဖက်သတ်ဆွဲယူတဲ့ပုံစံမျိုး ဖြစ်နေတာ ဆိုတော့ တိုင်းရင်းသား တွေရဲ့အရေးနဲ့ ပတ်သက်ပြီးတော့မှ သူတို့ဦးစားပေးဆောင်ရွက်မယ်ဆိုတဲ့နေရာမှာလည်း တိုင်းရင်းသားတွေကို တစ်ဖက်သတ်ဆွဲယူတယ်။ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာ ကျွန်တော်တို့ အဲလိုပဲသုံးသပ်မိတာပေါ့နော်။ သူတို့ပြောတဲ့ဟာနဲ့ လက်တွေ့လုပ်ဆောင်တဲ့နေရာမှာတော့ နည်းနည်းလေးလွဲချော်နေသလားပေါ့ အဲလိုပဲသုံးသပ်မိပါတယ်။

မေး - ကချင်မှာတွေ့ဆုံခဲ့တဲ့ အနိုင်ရကိုယ်စားလှယ်တွေနဲ့ပဲ သီးသန့်တွေ့ဆုံတဲ့အပေါ်မှာ တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုသဘောထားမှတ်ချက်ပေးချင်လဲ။

ဦးသဲရယ် - တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင်တော့ တိုင်းရင်းသားကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သို့မဟုတ်လည်းပဲ တိုင်းရင်းသားပါတီတွေ နဲ့ပဲတွေ့ဆုံဆွေးနွေးဖို့သင့်တယ်ပေါ့။ အခုဟာက အနိုင်ရ ကိုယ်စားလှယ်တွေကိုပဲသွား တွေ့တယ်ဆိုတာတော့ ဒါမဖြစ်သင့်ဘူးပေါ့နော်။ ကျွန်တော်တို့က ကိုယ်စားလှယ် တစ်ယောက် နေရာရဖို့ဆိုရင် ပါတီကိုအခြေခံတာကိုး ပါတီမူနဲ့အခြေခံရတာဖြစ်တဲ့အတွက် ကိုယ်စားလှယ်တစ်ယောက်ရဲ့ သူ့ရဲ့ ပါဆင်နယ်ရပ်တည်ချက်ကလည်း ဒါရွေးကောက်ပွဲဝင်တာလည်းမဟုတ်တဲ့ခါကျတော့ အဲလိုပဲ အနိုင်ရကိုယ်စားလှယ်နဲ့ သွားတွေ့မယ်ဆိုရင်တော့ နိုင်ငံရေးအရ အပေးအယူလုပ်တဲ့နေရာမှာ နောက်ပြီးတော့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

မေး - ကချင်မှာ တိုင်းရင်းသားပါတီနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ အပြန်အလှန်ဆွေးနွေးတာမဟုတ်ဘဲနဲ့ သဘောထားမှတ်ချက်လောက်ပဲ ယူသွားတာလောက်ပဲ တွေ့ရတယ်ဆိုတော့လေ။ နောက်လာမယ့်ဆွေးနွေးပွဲတွေမှာ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ဆွေးနွေးပွဲကို ထိရောက်အောင်လုပ်သင့်လဲ။

ဦးသဲရယ် - ကျွန်တော်တို့ကတော့ တကယ့်ကိုဆုံးဖြတ်ချက်ချနိုင်တဲ့ပုဂ္ဂိုလ်လာပြီးတော့မှ ဆွေးနွေးနိုင်ရင်ကောင်း တယ်။ အခုသူတို့ဖက်က ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့ ဒီဖက်က ဆွေးနွေးတင်ပြတာကိုပဲယူပြီးတော့မှ ဗဟိုကိုပြန် တင်ပြမယ်ဆိုတဲ့ဟာမျိုးတွေ လုပ်တဲ့အပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့က အားရကျေနပ်မှုမရှိဘူး။ အဲဒါ သူတို့ ဖက်ကနေပြီး ပုံစံပြောင်းဖို့လိုတယ်လို့ ကျတော်ကတော့ ယူဆရတယ်။ အဓိက NLD ပါတီအနေနဲ့ နိုင်ငံရေးပေါ့ နော်။ လာမယ့်အစိုးရဖွဲ့စည်းတဲ့အခါမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍမှာကော တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ဟာတွေကော သူတို့ရဲ့မူက ဘယ်လိုရှိတယ်ဆိုတာ တိတိကျကျ တိုင်းရင်းသားတွေကိုလည်း ချပြဖို့ လိုတယ်။ ပြီးတော့မှ တိုင်းရင်းသားဖက်ကနေ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ တိုင်းရင်းသားအခွင့် အရေးနဲ့ပတ်သက်တဲ့ဟာတွေ ဘယ်လိုရှိတယ်ဆိုတာတွေ ဘယ်လိုဖြစ်စေချင်တာတွေ တင်ပြဆွေးနွေးပြီးတော့မှ ဒီအပေါ်မှာအခြေခံပြီး တင်ပြဆွေးနွေးတာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်တာ သို့မဟုတ်လည်း ဒီအပေါ်မှာအ ခြေခံပြီးတော့မှ ကိုယ့်ပါတီဆီမှာ ပြန်ဆွေးနွေးတာမျိုးလုပ်ရင်လည်း ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆတယ်ပေါ့နော်။ အခု သူတို့လွှတ်လိုက်တဲ့ပုဂ္ဂိုလ်က သတင်းအချက်အလက်တွေရယူပြီးတော့မှ ဗဟိုကိုပြန်တင်ပြမယ်ဆိုတဲ့ဟာမျိုးပဲဖြစ်တယ်ဆိုတော့ ထိရောက်မှုမရှိဘူးလို့ပဲ ယူဆရတယ်ပေါ့။

မေး - NLD ပါတီနဲ့တွေ့ဆုံမှုအပေါ်မှာ ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားလဲ။ ပါတီအနေနဲ့ ဘာတေါဆွေးနွေးသွားဖို့ရှိလဲ။

ဦးသဲရယ် - ဒါကတော့ အသေးစိတ်ပြောဖို့ခက်တာပေါနော်။ ဒါပေမယ့် အဓိကဆွေးနွေးမယ့်အကြောင်းအရာ၊ စဉ်းစားထားတဲ့ အပိုင်း နှစ်ပိုင်းရှိပါတယ်။ နိုင်ငံရေးကိစ္စရယ် နောက်ပြီးတော့လက်ရှိ NLD လာမယ့် အစိုးရဖွဲ့တဲ့အ ခါမှာ လွှတ်တော်ဖွဲ့စည်းတဲ့အခါမှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုစဉ်းစားထားလဲဆိုတဲ့ဟာ မျိုးတွေ ရှင်းရှင်းပြောရရင် နေရာနဲ့ပတ်သက်တဲ့ကိစ္စတွေ ခုနပြောသလိုပဲ ပထမတစ်ခုက နိုင်ငံရေးကိစ္စရယ်၊ နောက်တစ်ခုက အစိုးရလွှတ်တော်ဖွဲ့စည်းမယ့်ကိစ္စပေါ့။ အဓိက နှစ်ခုကိုပဲ စဉ်းစားမှာဖြစ်တယ်။ အဓိကဦးစားပေး အဆင့်အနေနဲ့ကတော့ နိုင်ငံရေး အမျိုးသားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ်လို့ ကျွန်တော်တို့စဉ်း စားထားတာပေါ့လေ။ ဒါပေမယ့် အကြောင်းအရာအသေးစိတ်ကတော့ ပြောလို့တော့အဆင်မပြေဘူးပေါ့နော။

မေး - NLD ပါတီကနေ ကယားက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်ကိစ္စကို ဘယ်လိုဖြစ်စေချင်လဲ။

ဦးသဲရယ် - ကျွန်တော်တို့ပါတီမှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး  ဆုံးဖြတ်ချက်ချထားပြီးသားပါ။ကျွန်တော်တို့ကတော့ ပါတီကိုယ်စားလှယ်အနေနဲ့ပဲ တွေ့မှာပေါ့။ တကယ်လို့ ပါတီကိုယ်စားလှယ်နဲ့မတွေ့ချင်ဘူး။ အနိုင်ရကိုယ် စားလှယ်နဲ့ပဲ တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့တွေ့မှာမဟုတ်ဘူးဆိုပြီးတော့မှ ဆုံးဖြတ်ချက်ချထားပြီးသားပါ။ အခု ကချင်နဲ့မွန်နဲ့ တွေ့ထားတဲ့ပုံစံကို ကျတော်တို့သိခဲ့ပြီးပြီဆိုတော့ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ ကျွန် တော်တို့ပါတီ ရုံးမှာတွေ့ရင်လည်း သူတို့ဖက်ကလည်း အခက်အခဲရှိနိုင်တာပဲပေါ့။ ဘာလို့လဲဆိုရင် သူတို့အတွက် မလွတ်လပ်ဘူးပေါ့ အထက်စီးပုံစံမျိုးဖြစ်သွားနိုင်တယ်။ သူတို့ပါတီရုံးမှာ ကျွန်တော်တို့သွားတွေ့ရင်လည်း ကျွန်တော်တို့အတွက် လွတ်လပ်မှာမဟုတ်ဘူးပေါ့နော်။ နှစ်ဖက်စလုံးအတွက် မျှမျှတတဖြစ်အောင်နဲ့ လွတ်လွတ်လပ်လပ်ဖြစ်အောင်ဆိုလို့ရှိရင်တော့ တတိယနေရာပေါ့နော် နှစ်ဖက်စလုံးအဆင်ပြေတဲ့နေရာမှာပဲတွေ့တာအကောင်းဆုံးပေါ့။

မေး - NLD ပါတီအနေနဲ့ ဆရာတို့ပါတီကို တွေ့ဆုံဖို့ အကြောင်းကြားပြီလား။

ဦးသဲရယ် - အဲလိုတော့မရှိဘူး။ ပြီးခဲ့ နှစ်ပတ်သုံးပတ်ကတော့ ဖုန်းဆက်တာတွေပဲ ရှိတာပေါ့နော်။ ခင်ဗျားတို့ KySDP နဲ့လာတွေ့ဖို့ရှိတယ်။ ဘယ်တော့လာမလဲဆိုပြီးတော့မှ မသိသေးဘူးဆိုပြီးတော့မှ ဖုန်းနဲ့လှမ်းအကြောင်းကြားတာပဲရှိသေးတယ်။ တရားဝင်စာနဲ့ပေးပို့လာတာတော့မရှိေသးဘူး။

မေး - ဖြည့်စွက်ပြောချင်တာများရှိရင် ပြောနိုင်ပါတယ်။

ဦးသဲရယ် - နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လက်ရှိ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာတော့ ဒီမိုကရက်တစ်အင်အားစုအနေနဲ့ကတော့ စည်းလုံးဖို့လိုတယ်။ နောက်ပြီး အပြန်အလှန်သဘောထားကြီးဖို့လိုတယ် သင်ယူဖို့လိုတယ်။ တကယ်လို့ အဲလိုမဟုတ်ဘူးဆိုရင် ဒါက စစ်အာဏာရှင်ကို လိုလားတဲ့အစုအဖွဲ့ကနေပြီးတော့ ပြန်ပြီးနေရာယူသွားနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒီမိုကရက်တစ်အင်အားစုအနေနဲ့က ဘယ်လိုဆွေးနွေးပြီးတော့မှ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲမလဲ၊ ဒီမိုကရေစီအားကောင်းအောင် နောက်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာအောင် ဘယ်လိုလက်တွဲပြီးလုပ်ကြမလဲဆိုတဲ့ဟာတွေတော့ သဘောထားကြီးကြီးနဲ့ စဉ်းစားဖို့လိုတယ်လို့ အဲလိုပဲပြောချင်ပါတယ်။ တစ်ဖက်တစ်ဖက် လွန်ဆွဲပြီးတော့မှပဲ လက်တွဲတာတွေ အဆင်မပြေဘူး။ ဒါကဒီမိုကရက်တစ်အင်အားစုဆိုပေမယ့်လည်း အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက်က အငြင်းအခုံ ဖြစ်ကြမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့က အပြိုင်အဆိုင်ဖြစ်လာမယ်။ နောက်ဆုံးပြောရရင်တော့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုအချင်းချင်းက ပြန်ပြီးပြိုင်ရတဲ့ အနေအထားမျိုးဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်တွေ ဖက်ဒရယ်စနစ်တွေဖြစ်လာဖို့က ဝေးနေအုံးမှာပဲ။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...