ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တွေ့ဆုံခြင်း

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တွေ့ဆုံခြင်း
by -
ကန္တရဝတီ
အစိုးရအသစ် သက်တမ်းတစ်နှစ်ပြည့်အပြီး ကယားပြည်နယ်အတွင်း ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် စိန်ခေါ်မှုများကို ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားချက်တွေကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

မေး။ ဝန်ကြီးချုပ်တို့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေထဲက အအောင်မြင်ဆုံးတစ်ခုကို ပြောပေးပါ။

ဖြေ။ အအောင်မြင်ဆုံးကတော့ လမ်းပန်းဆက်သွယ်ရေးက ထိုက်သင့်တဲ့အတိုင်းအတာအထိ အောင်မြင်အောင် ဖော်ဆောင်နိုင်တယ်လို့တော့ ကိုယ့်ကိုကိုယ် သိထားတယ်ပေါ့။

မေး။ လုပ်ဆောင်လို့ မအောင်မြင်လိုက်တဲ့ လုပ်ငန်းတွေကရော။

ဖြေ။ မအောင်မြင်တဲ့ လုပ်ငန်းရယ်လို့တော့ မရှိပါဘူး။ အနည်းအကျဉ်းတော့ အားနည်းချက်ကလေးတွေ ရှိတာပေါ့။ ဒါကလည်း အချိန်ယူရမယ့် ကိစ္စတွေမို့လို့ အချိန်ယူနေရတဲ့ အတိုင်းအတာ ရှိနေလို့တာ မအောင်မြင်ဘူးလို့ ယူဆရတာပါ။ အချိန်ကြာလာတာနဲ့အမျှ အောင်မြင်မှုတော့ ရလာမှာပါ။

မေး။ အချိန်ယူ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ။

ဖြေ။ ဥပမာ ကျနော်တို့အချိန်ယူလုပ်ရမယ့် ကိစ္စလုပ်ငန်းတွေဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးဆိုတာ အချိန်ယူပြီးလုပ်မှ လုပ်ရမှာ။ ကောက်ခါငင်ခါ လက်ငြင်း ဆောင်ရွက်လို့မရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးနဲ့့ပါတ်သက်ရင် ကျနော်တို့ ပြည်နယ်မှာ ထိုက်သင့်တဲ့တွေ့ဆုံမှုတွေကို ဆွေးနွေးတာတွေ ရှိတယ်။ ဒီလိုဆွေးနွေးချက်တွေကိုလည်း ကျနော်တို့အထက်ကို တင်ပြထားတာရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ရင်တော့ ကျနော်တို့ ပြည်ထောင်စုအဆင့်ကပဲ အဓိက ဇောင်းပေးဆောင်ရွက်တာဖြစ်ပါတယ်။

မေး။ ဟုတ်ကဲ့။ နေပြည်တော်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ပါသလဲ။

ဖြေ။ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုပါစို့။ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် ပြည်ထောင်စုက Guide Line တွေပေးတယ်။ ကျနော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်အောင် ဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အခါမှာ ကျနော်တို့ ပြည်နယ်အစိုးရက ဆောင်ရွက်တဲ့အတိုင်းအတာ အပေါ်မှာ ဆောင်ရွက်ချက်လေးကိုသာ တင်ပြတာ ရှိတယ်။ ဒီလိုမျိုး ပေါင်းစပ်ညှိနှိုင်းမှုလေးတွေနဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ဥပမာ ဘတ်ဂျက်ကိစ္စတွေဆိုရင်လည်း ထိုနည်း လည်းကောင်းပါပဲ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိပါတယ်။

မေး။ လာမယ့်နှစ်မှာ လုပ်ဆောင်မယ့် လုပ်ငန်းအစီအစဉ် နစ်ခုလောက် ပြောပြပေးပါဦး။

ဖြေ။ လာမယ့်နှစ်မှာ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်စွမ်းအင် ရရှိရေး ဒါတွေကိုပဲ အရှိန်အဟုန်နဲ့ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်မှာ အမှန်တကယ် လိုအပ်နေတာကတော့ ရေ၊ မီး၊ လမ်း ဒီအခန်းကဏ္ဍတွေကို ကျနော် အရှိန်အဟုန်နဲ့ ဖွ့ံဖြိုးတိုးတက်အောင် လုပ်ပေးချင်ပါတယ်။ လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ကလည်း အရှိန်အဟုန်နဲ့ ဖွ့ံဖြိုးအောင် လုပ်ဖို့အတွက်က ရေ၊ မီး၊ လမ်းက မရှိမဖြစ် လိုအပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော် အရှိန်အဟုန်နဲ့ ကြိုးစားနေတာပါ။ ကြိုးစားနေတဲ့အခါမှာလည်း ခုဏ ပြည်ထောင်စုက ခွဲဝေပေးတဲ့ ဘတ်ဂျက်တွေနဲ့ ကျနော်တို့ အရှိန်အဟုန်နဲ့ ကြိုးစားနေတာပါ။ နောက်လည်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

မေး။ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပါတ်သက်ပြီးတော့ အခြေအနေ ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။

ဖြေ။ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပါတ်သက်ရင်တော့ ကျနော်တို့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နဲ့ ကျနော်တို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို ကျနော်တို့ ညီအမ မြို့တော်အဖြစ် မတ်လ ၉ ရက်နေ့မှာ ကျနော်တို့ MOU လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့ အစိုးရသစ် လက်ထက်မှာမှ MOU လက်မှတ်ရေးထိုးတဲ့အဆင့်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်နိုင်တဲ့အပေါ်မှာ ကျနော့်အနေနဲ့ ကျေနပ်ပါတယ်။ သို့ပေမယ့် ကျနော်တို့ MOU ထိုးပြီးတာနဲ့အပြင် ကျနော်တို့ ရှေ့ဆက်ပြီးမှ အသေးစိတ် နှစ်နိုင်ငံ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ ပူးပေါင်းဆောင်ရွက်မယ့် ဆက်လက် ဆောင်ရွက်မယ့် အသေးစိတ် အချက်အလက်တွေ ဆက်လက်ဆွေးနွေးဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ဒါကတော့ ကျနော်တို့ မြင်ပါတယ်။ အောင်မြင်မှု တစ်ခုပါပဲ။

မေး။ ကယားပြည်နယ်အနေနဲ့ ဘာတွေကို အဓိက လိုအပ်နေလဲ။

ဖြေ။ ကျနော်တို့ ကယားပြည်နယ်မှာတော့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးစခန်းကြီးကိုတော့ ဖွင့်လှစ်လိုက်တာပေါ့။ သို့ပေသော်လည်းပဲ ကျနော်တို့ ပြည်နယ်မှာ ကုန်ပစ္စည်းတွေကို မပို့နိုင်ဘူး။ စက်ရုံကြီးတွေ စက်မှုလက်မှု လုပ်ငန်းတွေ မရှိဘူး။ ကျနော်တို့ ဖွင့်တာ ဖွင့်လှစ်ခဲ့တာ။ သို့ပေသော်လည်းပဲ ဒါတွေဟာ တစ်နှစ်တစ်ချိန်မှာဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွင့်ခဲ့တာ။ အဓိကကတော့ စောင်းပေးတာကတော့ ညီအမမြို့တော် ဖော်ဆောင်တဲ့နေရာမှာ စောင်းပေးတာကတော့ ဟော်တယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းကို အဓိက စောင်းပေးခြင်းဖြစ်ပါတယ်။ ဒီ MOU ထိုးတဲ့ကိစ္စဟာလည်းပဲ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း တဖြည်းဖြည်းချင်း အသက်ဝင်လာဖို့အတွက် ကျနော်တို့ စောင်းပေးခြင်းဖြစ်ပါတယ်။

မေး။ ဝန်ကြီးချုပ်တို့ တစ်နှစ်တာ သက်တမ်းမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းနဲ့ပါတ်သက်ပြီး ဘာအခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကြံုတွေ့ရလဲ။

ဖြေ။ အခက်အခဲ စိန်ခေါ်မှုဆိုတာက ကျနော်တို့ နေရာတိုင်းမှာတော့ အနည်းအကျဉ်းရှိပါတယ်။ပြီးပြည့်စုံတာတော့ ဘယ်နေရာမှာမှ မရှိပါဘူး။ ဥပမာဆိုပါစို့ ကျနော်တို့ အုပ်ချုပ်ရေးဆိုက်ကနေ ပြောမယ်ဆိုရင် ကျနော်တို့ ဌာနဆိုင်ရာ အပိုင်းမှာလည်း ကျနော်တို့ တရားဥပဒေစိုးမိုးမှု၊ အကတိလိုက်စားမှု ကင်းစင်ရေး။ ဒီနေရာတွေကတော့ စိန်ခေါ်မှုပါပဲ။ ဒါတွေက ဘယ်သူမှ ငြင်းလို့မရတဲ့ ကိစ္စပါ။ အုပ်ချုပ်ရေးဆိုက်အနေနဲ့ အဓိက စိန်ခေါ်မှုဖြစ်တဲ့ လဒ်ပေးလဒ်ယူ မရှိစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများကို ကျနော်က အကတိတရားနဲ့ ပါတ်သက်ပြီးမှ ကင်းကင်းရှင်းရှင်းနေနိုင်ဖို့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ကျနော် ညွန်ကြားပြီး ဖြစ်ပါတယ်။ ကြပ်မတ်ထားပါတယ်။ ထိထိရောက်ရောက် စီစစ်ဆောင်ရွက်နေပါတယ်။ ကျနော်ကိုယ်တိုင် ကျနော့်ရဲ့ အတွေးတွေကို ပြင်ပါတယ်။ တရားဥပဒေ စိုမိုးမှုလုပ်ငန်းအောင်မြင်ဖို့ လဒ်ပေးလဒ်ယူ ကင်းစေဖို့အတွက်က ကျနော်တို့ ဌာနဆိုင်ရာရဲ့ အတွေးတွေကို ပြောင်းလဲရမှာဖြစ်သလို ကျနော်ကိုယ်တိုင်လည်း ကျနော့် အတွေးကို ပြင်တယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေကလည်း ဒီအပေါ်မှာ ကျနော်တို့ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်နိုင်ဖို့ လဒ်ပေးလဒ်ယူ ကင်းစင်ဖို့အတွက် ပြည်သူတွေရဲ့ အတွေးကိုလည်း ပြည်သူတွေ တချို့ ပြင်ဖို့ လိုပါတယ်။ ဥပမာဆိုပါစို့ ဘယ်လိုပြင်ရမလဲဆိုရင် အကတိတရားနဲ့ ပါတ်သက်ပြီးတော့မှ မပေးကမ်းမိဖို့ တကယ်လို့မြင်ခဲ့ရင်လည်း အစိုးရကို ထိထိမိမိလာရောက် တိုင်တန်းပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးအောင်မြင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။

မေး။ ဆိုတော့ ဝန်ကြီးချုပ်တို့ရဲ့ လုပ်ငန်းစဉ်ထဲမှာဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းရေးက အဓိက တစ်ခု အပါအဝင်လို့ ပြောလို့ရမလား။

ဖြေ။ ကျနော့်ရဲ့ လုပ်ငန်းတွေထဲမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ခုက Good Government ( ကောင်းမွန်သော အစိုးရ ) ဆိုသော စကားရပ်မှာ ကျနော်တို့ အဂတိလိုက်စားမှု ကင်းစင်ပပျောက်မှသာ ကျနော်တို့ Good Government ( ကောင်းမွန်သော အစိုးရ )ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒီ အဂတိ ကင်းစင်ဖို့ ပပျောက်ဖို့အတွက် ခုဏ ကျနော် တင်ပြသလိုပဲ ကြိုးပမ်းနေပါတယ်။ ရှေ့ဆက်ပြီးမှလည်း ဒီထက် တင်းတင်းကြပ်ကြပ် ကြိုးပမ်းရပါမယ်။ ဒီအချိန်မှာတော့ အုပ်ချုပ်ရေးဆိုက်အနေနဲ့ အလယ်အလတ် ကျင့်စဉ်နဲ့ ကျနော်သွားတာတွေလည်း ရှိပါတယ်။ ဒီထက် တင်းကြပ်လို့မရသေးတဲ့အချိန်မှာ မတင်းကြပ်သေးတဲ့ အနေအထားလည်း ရှိပါတယ်။ နောက် နေရာဒေသအလိုက် ဒီထက် အကတိလိုက်စားမှု ကင်းစင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

မေး။ အစိုးရသစ် အတက်ချိန် ဝန်ကြီးချုပ်အင်တာဗျူးတစ်ခုမှာ ဖြေထားတာက ငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး အရင်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောထားတာရှိပါတယ်။ အခု ဘာတွေ လုပ်ဆောင်ပြီးသွားပြီလဲ။ ဘယ်အတိုင်းအတာရှိရောက်နေပြီလဲ။

ဖြေ။ ကျနော်ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီးတော့မှ ကျနော် စောင်းပေး လုပ်သွားပါတယ်။ ဥပမာဆိုရင် လက်နက်ကိုင်အဖွဲ့အစည်း ရ ဖွဲ့ ရှိပါတယ်။ ၆ ဖွဲ့ကတော့ အပစ်အခတ် ရပ်စဲပြီးဖြစ်တယ်။ ကျနော်တို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီကတော့ ကျနော်တို့ သဘောတူညီမှု ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်တယ်။ ကျနော် ဒီအဖွဲ့တွေအားလုံးနဲ့ ကျနော် ရ ကြိမ်တိုင်တိုင် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် သူတို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော် အဓိက ဘာပြောလဲဆိုရင် သူတို့ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ သူတို့ကိုယ်တိုင်လည်း ပြောပါတယ်။ ပြည်သူတွေလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျနော်လည်း ငြိမ်းချမ်းရေးကို ကိုလားတယ်။ ဒါဆိုရင် ကျနော်တို့ဘယ်လိုလုပ်မလဲ။ ဒီငြိမ်းချမ်းရေးကို အမှန်တကယ် ပူးပေါင်းဆောင်ရွက်ဖို့ အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ အဲဒီအခါမှာ ကျနော်တို့ ဘာပြောလဲဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ ကျနော်တို့ ကိုယ်တိုင် ပေးဆပ်ရမယ်။ ကျနော်ကိုယ်တိုင် ပေးဆပ်ပါ့မယ်။ ပေးဆပ်မှသာ ကျနော်တို့ အောင်မြင်မှုကို ရမှာပါ။ အဓိကကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ကျနော်တို့ နောင်လာနောင်သား သားစဉ်မြေးဆက်အထိ ငြိမ်းချမ်းရေး အနှစ်အရသာကို ခံစားနိုင်ဖို့အတွက် အမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ် ဆိုတဲ့ Message လေးတွေကို ကျနော် သူတို့ကို ချပြတယ်။ သူတို့လည်း ဒီအပေါ်မှာ လက်ခံပါတယ်။ ငြိမ်းချမ်းရေးအတွက် သူတို့ကိုယ်တိုင်လည်း လိုလိုချင်ချင်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ စကားလေးတွေနဲ့ ကျနော်တို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒါကတော့ ကျနော် ၆ကြိမ်တိုင်တိုင် တွေ့ဆုံတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အတိုင်းအတာလေးတွေကို ကျနော် အကျဉ်းချုပ် ပြောခြင်းဖြစ်ပါတယ်။ ဒါကို သူတို့လည်း လက်ခံပါတယ်။ သူတို့လည်း ပူးပေါင်းဆောင်ရွက်တယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့လည်း ဒီနေ့ဒီအချိန်ထိ ဘယ်ငြိမ်းချမ်းရေးအဖွဲ့အစည်း ဘယ်လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျနော့်ကို တွေ့လို့ရတယ်။ ဆွေးနွေးလို့ရတယ် တိုင်ပင်လို့ရတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုထားပြီးသားဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိ သေနတ်သံမထွက်ခြင်းဟာလည်းပဲ ကျနော်တို့ ငြိမ်းချမ်းရေးရဲ့ အနှစ်အရသာကို ပူးပေါင်းဆောင်ရွက်လို့ ဒီနေ့ဒီချိန်မျိုး ရောက်တယ်လို့ ကျနော့်အနေနဲ့ ခံယူပါတယ်။

မေး။ ကေအဲန်ပီပီနဲ့ ဆက်ဆံရေးအခြေအနေနဲ့ ပူးပေါင်းလုပ်ဆောင်မှုက ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ။

ဖြေ။ ကေအဲန်ပီပီနဲ့ ကျနော်တို့ အစိုးရနဲ့ ဆက်ဆံမှုကတော့ အောင်မြင်မှု ဘယ်လောက်ရမလဲဆိုတော့ အောင်မြင်မှု ရာခိုင်နှုန်းအပြည့်ပဲလို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်နေတာလေ။ သူတို့လည်း ငြိမ်းချမ်းရေးကိုလိုချင်တာ။ ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်တာ။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တာ။ အမြင်ချင်းတူနေတာ။ အဲကြောင့်မလို့ အမြင်ချင်း တူနေတဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်အဆင့်အနေနဲ့ကတော့ ရာနှုန်းပြည့် အောင်မြင်တယ်လို့ ကျနော်ယုံကြည်တယ်။ ဆက်လက်ပြီးတော့ အသေးစိတ်ဆွေးနွေးမှာကတော့ ကျနော်တို့ ငြိမ်းချမ်းရေးအရ ၂၁ ပင်လုံမှာသာ ဗဟိုမှာ ဆွေးနွေးမှာကိုး သူတို့ဆက်လက်ဆွေးနွေးမယ်လို့တော့ ကျနော် ယုံကြည်ပြီးသားပါ။

မေး။ ဝန်ကြီးချုပ်အနေနဲ့ကော သူတို့ကို ဘာတိုက်တွန်းချင်ပါသလဲ။

ဖြေ။ ကျနော်သူတို့ကို တိုက်တွန်းချင်တာကတော့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးပါ။ ပြည်သူတွေ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။

မေး။ ကယားပြည်နယ်မှာရှိတဲ့ ပြည်သူတွေအတွက် ဝန်ကြီးချုပ်အနေနဲ့ ဘာသတင်းစကား ပြောချင်ပါသလဲ။

ဖြေ။ ကျနော်တို့ ပြည်နယ်ဖွ့ံဖြိုးတိုးတက်ဖို့ ကျနော်တို့ ပြည်နယ်ကြီးငြိမ်းချမ်းသာယာဖို့အတွက် ကျနော်တို့အစိုးရတစ်ဖွဲ့တည်းနဲ့တင် ကြိုးပမ်းဆောင်ရွက်လို့ မရပါဘူး။ ပြည်သူတွေကိုယ်တိုင် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ကိုယ်ရောစိတ်ပါ ဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...