မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးကော်မတီ - ကရင်ပြည်နယ် ကိုယ်စားလှယ် စောထွန်းဝင်းမင်းနှင့် တွေ့ဆုံမေးမြန်း

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးကော်မတီ - ကရင်ပြည်နယ် ကိုယ်စားလှယ် စောထွန်းဝင်းမင်းနှင့် တွေ့ဆုံမေးမြန်း
by -
ကေအိုင်စီ
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လူငယ်မူဝါဒ ဖြစ်မြောက်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသ ၁၄ ခုမှ မူကြမ်းရေး ဆွဲရေးကော်မတီ၊ လုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့် ဗဟို ကော်မတီ ဟူ၍ ဖွဲ့စည်းထားသည်။

ထိုသို့ လူငယ်ပေါ်လစီ ရေးဆွဲသွားရန်အတွက် စွမ်းဆောင်သွားရန် အကျိုးဆောင်အဖွဲ့ (Consultant Team) ထားရှိထားသလို အစိုးရဘက်မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဓိက ပါဝင်ပြီး ပညာရေး ဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှလည်း ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လူငယ်မူဝါဒ ရေးဆွဲရေးနှင့်ပတ်သက်၍ မတ်လ ၂၉-၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးပြီးနောက် ကရင်ပြည်နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော မူကြမ်းရေး ဆွဲရေးကော်မတီအဖွဲ့ဝင် စောထွန်းဝင်းမင်းကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်။

ကရင်ပြည်နယ် မူကြမ်းရေးဆွဲရေးကော်မတီမှာ ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားရင်ကြားစေ့ရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရွှေ့ပြောင်းလုပ်သား ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၊ ပညာရေး၊ အားကစားနှင့် အပန်းဖြေအားသစ်လောင်းခြင်း၊ ကျန်မာရေး၊ မူးယစ်ဆေးဝါး၊ လူငယ်နှင့် လူမှုရေး လုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှု စာပေ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာများ၊ လူမျိုးစု တိုင်းရင်းသား အခွင့်အရေး၊ အထူးဂရုပြု စောင့်ရှောက်ရမည့် လူငယ်များ၊ ကျားမရေးရာ (ဂျဲန်ဒါ - Gender)နှင့် အပြည်ပြည် ဆိုင်ရာ ကိစ္စရပ်များ စသည့် အခန်း (၁၇)ခန်းကို ပေါ်လစီရေးဆွဲရေး အကျိုးဆောင်အဖွဲ့ဖြစ်သည့် (Consultant Team)သို့ တင်သွင်းထားသည်။

မေး-လူငယ်မူဝါဒ ဆွဲဖို့ စတင်ဖြစ်ပေါ်လာတဲ့ အကြောင်း ရှင်းပြပေးပါလား။

ဖြေ- တစ်နိုင်ငံလုံး လူငယ်မူဝါဒ ပေါ်လစီ စတင်လာဖို့က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကနေ စတင်လာတာပေါ့။ တစ်တိုင်း၊ တစ်ပြည်နယ်ကို ၁၂ ယောက်နှုန်းနဲ့ပေါ့။ ဖိုရမ်မှာ ဆွေးနွေးပြောဆိုကြတယ်။ အဲဒီမှာ ကျင်းပရေးအဖွဲ့ကနေပြီးတော့ လူငယ်မူဝါဒ ထွက်ပေါ်လာရေးဆိုပြီး ရည်ရွယ်ချက်ထားတာ ရှိတယ်။ အရင်အစိုးရ လက်ထက်မှာတော့ မဖြစ်ခဲ့ဘူး။ အခု အစိုးရသစ်လက်ထက် ရက်တစ်ရာ စီမံကိန်းမှာ အကောင်အထည်ဖော်ဖို့အတွက် အစိုးရက လုပ်ဆောင်ပေးလာတဲ့အတွက် လူငယ်ပေါ်လစီကို လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ၂၀၁၆ အတွင်း မုံရွာမှာ လုပ်တဲ့ လူငယ်ဖိုရမ်မှာ ပညာရှင်တို့က ပေါ်လစီထွက်ပေါ်လာဖို့ ဆွေးနွေးပြီး လူရွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီတုန်းက အဆင်သင့် မဖြစ်သေးလို့ လူငယ်တွေ အချိန်သုံးလ တောင်းဆိုတယ်။ အဲနောက်မှာ ကိုယ့်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်တမ်းကောက်ပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။ လုပ်တဲ့အခါမှာ ကျနော်တို့ ကရင်ပြည်နယ်လည်း ရှေ့ဆုံးကနေ လုပ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တယ်။

မေး-လူငယ်မူဝါဒ ဘာကြောင့် ရေးဆွဲဖို့ လိုအပ်လဲ။

ဖြေ- လူငယ်မူဝါဒ ဘာကြောင့်လုပ်ရလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ လူငယ်မူဝါဒက မရှိသေးဘူး။ တခြား နိုင်ငံပေါင်းများစွာက လူငယ်မူဝါဒတွေ ရှိနေကြတယ်။ အဲဒီ ကမ္ဘာ့နိုင်ငံပေါင်း အများကြီးထဲမှာမှ နိုင်ငံပေါင်း နှစ်ဆယ်၊ သုံးဆယ်မှာ လူငယ်မူဝါဒ မရှိဘူး။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အဲလို ဖြစ်နေတဲ့ အခါကျတော့ လူငယ်မူဝါဒက ရှိသင့်တာပေါ့တယ်လို့ ကျနော်တို့ လူငယ်မူဝါဒ ရေးဆွဲဖို့ ကူညီပေးတဲ့ (Consultant Team)က သုံးသပ်ကြတယ်။ အဲဒါ အစိုးရကနေပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာ

လူငယ်တွေကို တစ်ခုခု ဖြည့်စွက်လုပ်ဆောင်ပေးရမယ်။ အဲလို လုပ်ဆောင်တဲ့နေရာမှာ မူဘောင်ကျကျဖြစ်အောင် ဒီလို လုပ်တာလည်း ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေကို အခြေခံပြီး လုပ်တာ ဖြစ်ပါတယ်။

မေး-ကရင်ပြည်နယ်အနေနဲ့ မူဝါဒမူကြမ်းအတွက် ဘာတွေ တင်ပြထားလဲ။

ဖြေ- အခု နေပြည်တော်မှာ လုပ်တဲ့ တတိယအကြိမ်တွေ့ဆုံပွဲမှာ ကျနော်တို့ ကရင်ပြည်နယ်အနေနဲ့ အခြေခံထွက်ရှိလာတဲ့ အချက် (၁၇)ချက်ရယ်၊ နောက်ခံ ကျောရိုး (၈)ချက်ရယ် တင်ပြခဲ့တယ်။ ကျနော်တို့ တင်ပြတဲ့အထဲမှာ အခြားတိုင်းနဲ့ ပြည်နယ်တို့နဲ့ တူညီတဲ့ အကြောင်းအရာတွေက လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ ကျန်းမာရေး၊ လူငယ်နဲ့ နိုင်ငံရေးတို့ပေါ့့။ ကျနော်တို့ဆီမှာကတော့ လူငယ်နဲ့ နိုင်ငံရေးကို လူငယ်နဲ့ ငြိမ်းချမ်းရေးလို့ သုံးတယ်ပေါ့။ နောက်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတာတွေ ပါပါတယ်။

အခုလို မူဝါဒအကြမ်း ရေးဆွဲတဲ့ နေရာမှာ တော်တော်များ မပြီးဘူး။ သူတို့တွေက စစ်တမ်းကောက်ယူမှု သီးခြားမခွဲထားဘူး။ Consultant Team ကနေ ထုတ်ထားတဲ့ စစ်တမ်း(ဆာဗင်း)ဖောင် ရှိတယ်။ အဲဒီ ဖောင်ကနေ သူတို့ အခြေခံလိုက်တယ်။ အဲဒီဖောင်ကနေ သူတို့ တိုင်းနဲ့ ပြည်နယ်တွေကို မေးတယ်။ ပြီးရင် လိုအပ်တဲ့ ခေါင်းစဉ် အချက်အလက်တွေကို အဲဒီ မေးခွန်းတွေမှာ ထပ်ပေါင်းတယ်။ မလိုအပ်တဲ့ မေးခွန်းတွေကို ဖြုတ်တယ်။ ရရှိလာတဲ့ အချက်အလက်တွေကို Consultant Team ကို ပို့တယ်။ အဲဒီကနေပြီး ပြန်ခွဲခြားစိပ်ဖြာသုံးသပ်ပြီးတော့ ခေါင်းစဉ်ကို ပြန််ထုတ်တယ်။ ကျနော်တို့ကျတော့ သီးသန့်ထုတ်ထားတာ အချက်အလက်တွေကို Consultant Team ကို ပို့တယ်။ ကွာဟချက်က အဲလို ရှိတယ်။

အဲဒီမှာ ချင်းလူငယ်ကျတော့ သူတို့က သူရဲ့ ချင်းပြည်နယ် လူငယ်ဖိုရမ်ပြီးမှသာ ဒီအကြောင်းအရင်းတွေကို တင်သွင်းချင်တယ်။ အချိန်က စကားပြောတယ်။ ငွေကြေးစကားပြောတယ်။ တချို့ကတော့ အချိန်ပေးထား တယ်၊ ပြန်လုပ်ပေမယ့် မပြီးဘူး။ ကယားပြည်နယ်ဆိုရင် ပထမတစ်ခေါက် တွေ့ဆုံရာမှာ လူမပါဘူး။ လူမပါဝင် နိုင်ရခြင်းက သူတို့ မကြိုက်တဲ့ အကြောင်းအရာရှိတယ်။ ဗဟိုမှာ ဘာကြောင့် အစိုးရ များနေရတဲ့ အရာတွေ၊ အဲဒါကို လျှော့ပေးဖို့၊ လူငယ်ပဲ များရမယ်။ အဲလို သူ့ရဲ့ တောင်းဆိုချက်တွေ ရှိတယ်။ အဲဒီချိန်မှာ လူငယ်တွေ စုပြီးတော့ ကယားပြည်နယ် မပါလာနိုင်ဘူး။ အဲဒီမှာ လူငယ်ထွက်ရှိလာရေးနဲ့ မူဝါဒထွက်ရှိလာရေး ဆိုပြီးတော့ လူမှုဝန်ထမ်းဝန်ကြီးဌာနနဲ့ ပညာရေးဦးစီးဌာနကနေ ဦးစီးပြီး အကောင်အထည်ဖော်ခဲ့တယ်။ လူကတော့ သုံးယောက် ထွက်လာပါတယ်။ မူကတော့ ပါလာဖို့ နည်းတယ်လို့ သုံးသပ်မိတယ်။

မေး-လက်ရှိ အခြေအနေက လူငယ်မူဝါဒ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ဘယ်အထိ ရောက်နေပြီလဲ။

ဖြေ-ကျနော်တို့ ဆွဲထားတဲ့ အချိန်ဇယားအရ လူငယ်မူဝါဒက ကျနော်တို့ တတိယအကြိမ်မြောက် တွေ့ဆုံခြင်းနဲ့ မူဝါဒ ထွက်ရှိရေးအထိ ရောက်နေပြီ။ ဒီ တွေ့ဆုံမှုတွေ အရှေ့မှာ တွေ့ဆုံတာ ရှိသေးတယ်။ ဒါက ကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်မှုဆိုင်ရာတွေ၊ ပြီးတော့ အချိန်ဇယားပေါ်ပေါက်ရေးတွေ တွေ့ဆုံခဲ့တာတွေ ရှိတယ်။ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကတော့ သုံးကြိမ်ရှိပြီ။ ဆွေးနွေးရင်းနဲ့ အချက်တွေက ကျန်နေတာလည်း ရှိတာပေါ့။

အခု ဆွေးနွေးမှု တတိယအကြိမ်မြောက်မှာ (မူကြမ်း) အဆုံးသတ်တယ်။ အချိန်ဇယားအရ ဒီအကြိမ်ပြီးရင် မူဝါဒ အကြမ်းထွက်ရတော့မယ်။ တကယ်လည်း အကြမ်းထွက်သွားပြီ။ ဧပြီလမှာ လုပ်ငန်းကော်မတီကို တင်တော့မယ်။ တင်တဲ့အခါကျရင် လုပ်ငန်းပြန်လည်အကောင်အထည် ဖော်နိုင်ဖို့အတွက် ဒီမူဝါဒကို အခြေခံရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လုပ်ငန်းကော်မတီကနေပြီးတော့ ဧပြီလမှာ ဆွေးနွေးချက်တွေ ပြီးသွားလိမ့်မယ်။ မေလမှာကျရင် လုပ်ငန်းကော်မတီနဲ့ မူကြမ်းကော်မတီတို့ ပေါင်းပြီး ပြန်ဆွေးနွေးမယ်။ ဖြုတ်တဲ့ အချက်တွေ၊ ကျန်ခဲ့ရမယ့်အပိုင်းတွေ ရှိမယ်။ ဘာကြောင့်ဖြစ်ရလဲ စတာတွေကတော့ ကော်မတီ နှစ်ရပ်ပေါင်းပြီး ရှင်းလင်းရေးလုပ်ရမှာပဲ။ ဆွေးနွေးလို့ ထွက်ရှိလာတဲ့ မူကြမ်းတွေကို ဗဟိုတင်မယ်။ ဇွန်လမှာ လုပ်ငန်း၊ မူကြမ်း၊ ဗဟို ကော်မတီသုံးရပ် ပေါင်းပြီး ပြန်သုံးသပ်ဆွေးနွေးမယ်။ ပြီးရင် ပြန်လည်ချပြရေး အစီအစဉ်တစ်ခု ရှိတယ်။ ပြီးရင် ဗဟိုကနေပြီးတော့ ထုတ်ပြန်တော့မယ်။ အချိန်ဇယားအရဆိုရင် သြဂုတ်လ အထိ ဖြစ်ပါတယ်။

မေး-မူဝါဒ ဆွေးနွေးချက်ထဲမှာ ဘာစိန်ခေါ်မှုတွေ ရှိလဲ။

ဖြေ- စိန်ခေါ်မှုကတော့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုပေါ့။ စကားဝိုင်းတစ်ဝိုင်း ဆွေးနွေးမယ်ဆိုရင် ပံ့ပိုးကူညီသူ လိုအပ်လိမ့်မယ်။ ဒါပေမယ့် တကယ်က ဆွေးနွေးတဲ့အထဲမှာ တိုင်းနဲ့ ပြည်နယ်လား။ အစိုးရဆို သူ့ဟာသူ၊ ကျန်းမာရေးဆို ကျန်းမာရေး၊ လူမှုဝန်ထမ်းဆို လူမှုဝန်ထမ်း သူ့ဟာသူ ထိုင်ကြမယ်။ ထိုင်ပြီးရင် ဆွေးနွေးမယ်။ ဘယ်အပေါ်မှာ အခြေခံဆွေးနွေးလဲဆိုတော့ (မြန်မာနိုင်ငံ လူငယ်မူဝါဒရေးရာ ရေးဆွဲရေး အကျိုးဆောင် National Consultant) ဒေါက်တာ နေဝင်း ပြုစုထားတဲ့ အချက်အလက်ပေါ်မှာ ကဲ.. ဒါတွေ ဒီလို ရှိတယ်။ ဖတ်တယ်၊ ကဲ.. ဘယ်လိုမြင်လဲ မေးတယ်။ ဘာထပ်ထည့်ချင်လဲ။ စကားလုံး ဘယ်လိုပြင်မလဲ။ လက်ရှိ အခြေအနေက အဲလို ဆွေးနွေးနေတယ်။ ကျနော်ဖြစ်စေချင်တာက ရေးထားတဲ့ မူဝါဒတစ်ကြောင်းကို ကျနော်တို့ကို ပြန်ရှင်းပြ။ (ဒေါက်တာနေဝင်း)သူက ဒါ သားတို့ ရေးဆွဲခဲ့တဲ့ဟာကို ဆရာက အဓိပ္ပါယ် တသွေမတိမ်းဖြစ်အောင် စကားလုံး စီလိုက်တဲ့ သဘောပါပဲတဲ့။ ဒါသားတို့ တင်သွင်းတဲ့ အချက်ပါပဲတဲ့။

အဲဒီလိုဖြစ်တော့ ဒါတွေ ကိုယ့်ဟာကိုယ် ပြန်ဖတ်ရတော့မယ်။ ကိုယ်ဘယ်လို နားလည်လဲပေါ့။ ကျနော်တို့လည်း ဝိုင်းဖတ်ကြတာပေါ့။ ဒါကတော့ ဒီလို ပြင်လိုက်ရင်တော့ ကောင်းမယ်၊ ခြံုငုံမိတယ်။ အဓိပ္ပါယ်ဖွင့်ဆိုလိုက်ရင် ပိုပြည့်စုံတဲ့ စကားလုံးရဲ့ အသုံးအနှုန်းတွေကိုရော ပြင်ဆင်တာတွေပဲ ဖြစ်လာတယ်။ ကျနော်ဖြစ်ချင်တာက အား လုံး ပါဝင်ရေး။ အခုက အပြောမြိုင်တဲ့သူ၊ အပြောများတဲ့ သူက စားပဲ ဖြစ်သွားတယ်။ အထူးသဖြင့် ပြည်နယ်က မပြောနိုင်တာက များသွားတယ်။ ဒါပေမယ့် အဲလို ပြောလိုက်ရင် ပြည်နယ်နဲ့ တိုင်းကခွဲခြားဆက်ဆံသလား။ တချို့ လာကြတဲ့အထဲမှာ ကိုယ့်ရဲ့အခွင့်အရေးတွေ မူဝါဒထဲမှာ ပါဝင်ရေး လာပြောနေကြ တဲ့သူတွေ ဖြစ်သွားတယ်။ တစ်နိုင်ငံလုံး သိအောင် အခွင့်အရေးရရှိအောင် ဒီမူဝါဒထဲမှာ အရေးလာဆိုတဲ့ ပုံစံပဲ ဖြစ်နေတယ်။ ပြောမယ်ဆိုရင် ပြည်နယ်ရဲ့ အမြင်တွေက ကျန်ခဲ့တာ များတယ်။ ဒါပေမယ့် စာထဲမှာ မပါဘူးလားဆိုတော့ ပါတယ်။ မူဝါဒကို ဆွေးနွေးတဲ့အခါကျတော့ ဆွေးနွေးခွင့်က အဲလောက် မပါခဲ့ဘူး။ ဘာဖြစ်လဲဆိုတော့ စကားပြော သန်တဲ့သူက ရှိနေတယ်။ ကျနော်ပြောချင်တာက ဆွေးနွေးမှုပုံစံကို ပညာရှင်တစ်ယောက် ငှားပြီးတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတစ်ခု ကျနော်က ဖြစ်စေချင်တယ်။

မေး-ပေါ်လာစီထွက်ရှိလာဖို့ တစ်ဆင့်ချင်း ဘယ်လို လုပ်ဆောင်နေလဲ။

ဖြေ-ကျနော်တို့က ဒီမူဝါဒထွက်ရှိဖို့ မျှော်လင့်ကြတာပေါ့။ မူဝါဒကို အခြေခံပြီးတော့ အစိုးရကို ကျနော်တို့ ဘယ်လိုတွန်းအားပေးမလဲ။ အစိုးရကနေပြီးတော့ စွမ်းဆောင်ရမယ့်၊ ဖြည့်ဆည်းပေးရမယ့် လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို ဒီမူဝါဒကိုင်ပြီး စကားပြောဆိုလို့ ရမယ်။ နောက်တစ်ချက် ထပ်စဉ်းစားတာက လွှတ် တော်ကို ဖြတ်ပြီးတော့ ဥပဒေထွက်ရှိလာမယ်။ ဒါပေမယ့် လူမှုဝန်ထမ်းဦးစီးဌာနကနေပြီးတော့ ပြောတာက လွှတ်တော်ကို မဖြတ်တော့ဘူး။ လက်ရှိ မြန်မာနိုင်ငံမှာရှိထားတဲ့ ဌာနဆိုင်ရာတွေမှာရှိထားတဲ့ လူငယ်တွေကို လုပ်ပေးရမယ့် မူဝါဒတွေ၊ ဥပဒေတွေ ရှိတယ်။ အဲဒီ မူဝါဒကို အဲဒီထဲကို ပေါင်းမယ်။ ဥပဒေအသစ် ပြဋ္ဌာန်းဖို့ လိုတယ်ဆိုရင်တော့ လွှတ်တော်ကို ထပ်ဖြတ်မယ်။ လက်ရှိ ရှိထားတဲ့ ဥပဒေကို သူက အရင်ဆုံး သွားချိတ်ဆက်ကြည့်မယ်။ အကယ်၍ ဥပဒေအသစ် ထပ်ထုတ်ဖို့ လိုတယ်။ နည်းဥပဒေအသစ် ထပ်ထုတ်ဖို့ လိုတယ်ဆိုရင် လွှတ်တော်ကို ထပ်ဖြတ်မယ်ပေါ့။

မေး-ဒီပေါ်လစီ ရေးဆွဲမှုအပေါ် ဘာတွေ ဖြည့်စွက်ပြောချင်လဲ။

ဖြေ-အခု ဆွေးနွေးချက်က အတည်တော့ မဖြစ်သေးဘူး။ လေးနှစ် တစ်ကြိမ်လား၊ ငါးနှစ် တစ်ကြိမ်လား၊ ခြောက်နှစ် တစ်ကြိမ်လား။ ပြင်ဆင်ရေးဆွဲခွင့် ရှိတာပေါ့။ မူဝါဒက အရှင်ပဲလေ။ အဲဒီလို အချိန်မျိုးမှာ ကျနော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးကနေပြီးတော့မှ သူ့တိုင်း၊ သူ့ပြည်နယ်မှာရှိတဲ့ လူငယ်မူဝါဒကို ထွက်ရှိအောင် လုပ်ထားဖို့ ပိုပြီးကျစ်လစ်အောင်၊ အဓိပ္ပါယ်ရှိရှိ ပိုပြီးဖြစ်လာအောင်ပေါ့။

အခုက ပညာရှင်တစ်ယောက်အပေါ် မူတည်ပြီးတော့မှ ရေးဆွဲနေရတာ ဖြစ်နေတဲ့အခါကျတော့ အကယ်၍ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်မှာ မူဝါဒ ထွက်ရှိထားမယ်ဆိုရင် ပြန်လည်အကောင်အထည်ဖော်ရာမှာ ပိုအဆင်ပြေမယ်။ ဒီမူဝါဒတွေ ကြည့်လိုက်မယ်ဆိုရင် အစိုးရ ဝန်ကြီးတွေ ပြောဆိုချက်အရတော့ ပြည်နယ်မူဝါဒ ထွက်ရှိဖို့ မရှိဘူး။ တစ်နိုင်ငံလုံး မူဝါဒထွက်ရှိရေးပဲ အစီအစဉ်ရှိတယ်။ တစ်နိုင်ငံလုံုးကို အခြေခံပြီးတော့ ရေးဆွဲတဲ့ နေရာမှာ အခြေခံမူဝါဒက ခိုင်မာစေချင်တယ်။ ခိုင်ခိုင်မာမာ ရှိထားခဲ့မယ်ဆိုရင်တော့ ကျစ်ကျစ်လစ်လစ် ပိုဖြစ်တာပေါ့။ အဲလို အကြံပြုချင်တယ်။

တချို့အဆင်မပြေသေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို နားလည်ပါတယ်။ လူငယ်မူဝါဒ ရှိဖို့ မလိုဘူးဆိုတဲ့ စဉ်းစားချက်တွေလည်း ရှိကောင်း ရှိမှာပဲ။ ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီမူဝါဒတစ်ခု ထွက်ပေါ်လာဖို့ အခြေခံအကြောင်းတရားတော့ ရှိရမယ်။ နောက်မှာ လူငယ်နဲ့ ပတ်သက်တဲ့ အကြောင်းတရားမှ မခိုင်လုံဘူးဆိုရင် ဒီမူဝါဒကလည်း ခိုင်လုံစရာ အကြောင်းမရှိဘူး။ နောက် မူဝါဒမရှိရင်တောင်မှ အနည်းဆုံး အခြေခံ အကြောင်းတရားလေးတော့ ရှိသင့်တယ်။

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...