၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်မံအနိုင်ရရှိခဲ့သည်။ ထိုသို့ အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တတိယအကြိမ်လွှတ်တော်ကို မကြာမီတက်ရောက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ယင်းလွှတ်တော်ကိုယ်စားလှယ်များအပေါ် မဲဆန္ဒရှင်များအနေဖြင့် မည်မျှမျှော်လင့်ထားသလဲဆိုသည်ကို သိရှိစေရန် ကချင်ပြည်နယ်ရှိ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်တို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဦးစားဂျီ (KDNG အတွင်းရေးမှူး)
“ကျွန်တော့်အနေနဲ့တော့ နိုင်ငံရေးပေါ်လစီက ပြောင်းလဲလာမယ်လို့တော့ မျှော်လင့်ချက်မရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအထဲမှာ ဆိုတော့လေ။ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုဖက်က လွှတ်တော်အမတ်တွေကတော့ သွားရောက်ဆွေးနွေးရပိုင်ခွင့်တွေ ရှိလာမယ်။ ဖက်ဒရယ်စနစ်ကို ဆွေးနွေးနိုင်မယ်လို့တော့ မျှော်လင့်တယ်။ ကချင်ပါတီကနေ အမျိုးသားလွှတ်တော်မှာ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ် ရပိုင်ခွင့်တွေကို သွားရောက်ဆွေးနွေး တင်ပြနိုင်ဖို့ရှိလာနိုင်မယ် ထင်တယ်။ တင်ဒါတွေ၊ ရွှေတူးတဲ့နေရာတွေ၊ တစ်သျှူးငှက်ပျောတွေ၊ သတ္တုတူးဖော်ရေးတွေ တင်ပြပြီး လုပ်ကိုင်ဖို့ ပိုများလာမယ် ထင်တယ်။ ဒီလွှတ်တော်သက်တမ်းမှာ။ ဒါပေမဲ့ ပြည်နယ်အခြေစိုက်ပါတီတွေက လွှတ်တော်ထဲမှာ ပြည်နယ်အရေး သွားရောက်တင်ပြဆွေးနွေးနိုင်မယ့် အခွင့်အရေးတော့ရမယ်လို့ မျှော်လင့်ပါတယ်”
ဦးတူးခေါင် (အလွတ်တန်း သုတေသနပညာရှင်)
“အဓိကတော့ ဖြစ်နိုင်ရင် ဗဟိုချုပ်ကိုင်မှုကို လွှတ်တော်ကနေ ဖြည်းဖြည်းချင်း လုပ်ဆောင် သွားစေချင်တယ်။ ပညာရေးမှာလည်း ဗဟိုချုပ်ကိုင်မှုကနေ ပြည်နယ်အစိုးရကနေ လုပ်ဆောင်နိုင်မယ့် အခွင့်အ ရေးကို လုပ်ဆောင်စေချင်တယ်။ ပြည်နယ်ထဲမှာ သဘာဝသယံဇာတနဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုကို ပြည်နယ်လွှတ်တော်ကနေ တွန်းအားပေး လုပ်ဆောင်စေချင်တယ်။ ကျောက်စိမ်းစျေးကွက်လည်း မန္တလေးဘက် ကိုပဲ ဖြစ်သွားတော့ ကျွန်တော်တို့ပြည်နယ်သားတွေအနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်။
အဲ့ဒါကြောင့် ကျောက်စိမ်းစျေးကွက်ကို မြစ်ကြီးနားမှာ ဖြစ်ထွန်းစေချင်တယ်။ ပြည်နယ်လွှတ်တော် ထဲမှာ NLD ပါတီကနေလည်း ပေါ်လစီတွေကို ချမှတ်နိုင်ဖို့လုပ်ပေးနိုင်ရင် ကောင်းမယ် ထင်တယ်။ မြေယာကိစ္စနဲ့ ပတ်သက်တဲ့ အခွင့်အရေးလည်း များသောအားဖြင့်ကြုံနေရတာက နေပြည်တော်ကနေ လုပ်ချင်သလို လုပ်နေတာကြောင့် ဒေသခံတွေနစ်နာမှုတွေ ကြားနေရတယ်။ ကြားရသလောက် ဆွမ်ပရာဘွမ်မှာ ဝန်ကြီးရုံးကနေ မြေပုံကြည့်ပြီး အကုန်နေရာယူလိုက်တာ။ အဲ့လိုမျိုးတွေကို ပြည်နယ်လွှတ်တော်က lang right ကို သေချာချမှတ် လုပ်ဆောင်နိုင်ရင် ကောင်းမယ်ထင်တယ်။ မြေယာ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရမှာ အပြည့်အဝ အခွင့်အရေးရရှိရင် ကောင်းမယ်လို့ မျှော်လင့်တယ်။ ပြီးတော့ စစ်ရှောင်တွေကိုလည်း လွန်ခဲ့တဲ့ငါးနှစ်ကဆို အစိုးရက ပစ်ထားသလိုဖြစ်ခဲ့တယ်။ စစ်ရှောင်တွေရဲ့ရှေ့ရေးကို သေချာစီမံခန့်ခွဲရင် ကောင်းမယ်လို့ ထင်မြင်မိပါတယ်။ without ကားနဲ့ ပတ်သက်ပြီးလည်း တရားဝင်တဲ့ နည်းလမ်းတစ်ခုခုတော့ လုပ်ပေးစေချင်တယ်။ ဒီတိုင်း အကုန်ဖမ်းလိုက်ရင်လည်း အကုန်လုံးအတွက် အရမ်းနစ်နာတယ်လေ။ ဒီတိုင်းလွှတ်ထားရင်လည်း မကောင်းဘူးလေ။ တရားဥပဒေစိုးမိုးရေး ထိခိုက်တယ်။ ကားသာမက ဆိုင်ကယ်အဆုံးပေါ့လေ။ နည်းလမ်းကောင်း ရှာပေးနိုင်ရင် ကောင်းမယ်လို့ မြင်တယ်။ နယ်စပ်ကုန်သွယ်ရေးလည်း သေချာ ဖြေရှင်းပေးဖို့လည်း မျှော်လင့်ပါတယ်”
ဒေါ်နန်ပူ (ထွယ်ဂျဲန်ဒါ)
“လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှုက ၁၇ရာခိုင်နှုန်းတိုးလာတာ တွေ့ရတယ်။ ဒီတစ်ခု အားသာချက် အဖြစ် တွေ့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသူ အမျိုးသမီးတွေရဲ့အခက်အခဲတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ညီလာခံမှာတက်လာမယ့် သူတွေကို ရွေးချယ်တဲ့အခါမှာ လွှတ်တော်ထဲက အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့လည်း မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နေရာမှာ ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့လုပ်နေတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အာမခံချက် အပြည့်အဝမရှိဘဲ အတင်းပြန်ခိုင်းတာတွေ မလုပ်ဖို့ လွှတ်တော်အသစ်က လွှတ်တော်ထဲမှာ ထည့်သွင်းစဉ်းစားဖို့ပါ။ နောက်ပြီးတော့ အမျိုးသမီးအကြမ်းဖက်မှု ဥပဒေက လွန်ခဲ့တဲ့ (၇) နှစ်လုံးလုံး ရေးဆွဲခဲ့တဲ့ ဥပဒေက ခုထိလွှတ်တော်ထဲမှာ အတည်မပြုသေးနိုင်သေးဘူး။ အမျိုးသမီးတွေကို အကြမ်းဖက်မှုကာကွယ်တဲ့ ဥပဒေကို လွှတ်တော်ထဲမှာ အတည်ပြုဖို့ လုပ်ခိုင်းစေချင်ပါတယ်”
ဦးဂဲနက်စ် (တရားလွှတ်တော်ရှေ့နေ)
“အခုလွှတ်တော်သက်တမ်းမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ မေးခွန်းပေါင်း ၁၅၀၀ ကျော်ကို မေးမြန်းခဲ့ကြတယ်။ မေးခွန်းပေါင်းချုပ်ကို ကြည့်လိုက်လို့ရှိရင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်နေတာကို တွေ့ရတယ်။ ကချင်ပြည်နယ်အတွင်းမှာ တကယ်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးကဏ္ဍနဲ့ ကလေးသူငယ် အရေးတွေ မေးမြန်းခဲ့တာ တော်တော်နည်းနေတာကို တွေ့ရတယ်။ အဲ့ဒါတွေကို နောက်ပိုင်း ပြန်တက်လာမယ့် အစိုးရသစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ခုနပြောတာတွေကို ဦးစားပေး မေးမြန်းဆွေးနွေးသင့်တယ်လို့ ပြောချင်ပါတယ်။ စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးမှ ကချင်ပြည်နယ် ဒေသခံတွေရဲ့ အကျိုးဖြစ်ထွန်းနိုင်မယ့် ကိစ္စဆိုရင်ပေါ့လေ။ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းဆောင်ရွက်ရမယ့် အခန်းကဏ္ဍတစ်ခုလို့ မြင်ပါတယ်။ လာမယ့် လွှတ်တော်သက်တမ်းမှာ အစိုးရ၊ လွှတ်တော်၊ မြို့နယ်၊ ရပ်ကွက်အဆင့်ကအစ ပြည်သူတွေကို နားလည်အောင် ရှင်းပြပြီး မည်သည့် စီမံကိန်းမဆို ကောင်းမွန်တယ်ဆိုရင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ အဓိကပြောချင်တာက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဘက်က အင်မတန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့ကို ရွေးချယ်လိုက်တဲ့ ပြည်သူတွေရဲ့ အသံကို ယူပြီး လွှတ်တော်မှာ တင်ပြဆွေးနွေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”