ပြည်ခိုင်ဖြိုးက မွန်ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်မည့်အပေါ် ဒေသခံတို့၏အမြင်များ

ပြည်ခိုင်ဖြိုးက မွန်ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်မည့်အပေါ် ဒေသခံတို့၏အမြင်များ
by -
Myat Thwin Oo (Hinthar)

ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်စလုံးတွင် ပြုလုပ်သွားရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲများကို ၂၀၂၁ နှစ်သစ်မကူးမီ ယခု ဒီဇင်ဘာလအတွင်း ဆက်တိုက်ပြုလုပ်သွားရန်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောဆိုထားသည်။ မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၂၅ ဦးခန့် သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ က စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြသူတို့က ဖွင့်ဟခဲ့သည်။ မွန်ပြည်နယ်က ကျန်မြို့နယ်များတွင်လည်း အလားတူပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေပြီး ငြိမ်းစုစီဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်ရယူ လျှောက်ထားလျက်ရှိကြောင်း ပါတီပြည်နယ်အတွင်းရေးမှူးက ဆိုသည်။

 

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ၄၅ ဦး မွန်ပြည်နယ် မဲဆန္ဒနေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရခဲ့ချေ။ မွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၃၁ ဦး၊ မွန်ညီညွတ်ရေးပါတီ (MUP) က ၁၁ ဦး အနိုင်ရရှိထားသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးကလုပ်ဆောင်မည့် ထိုဆန္ဒပြပွဲများအပေါ် ဒေသခံတို့၏ သဘောထားများ ဖော်ပြလိုက်ရပါသည်။

 

ဦးအောင်နိုင်ဝင်း (အတွင်းရေးမှူး၊ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (YSS - Ye Social Society))

“ပထမဦးဆုံးပြောရရင် သူတို့ တရားဥပဒေနဲ့အညီ သက်သေခိုင်ခိုင်လုံလုံ ရှိပြီးသားဆိုရင် ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန် ကန့်ကွက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာတင်၊ အမှုဖွင့်၊ သူ့မှာ လုပ်စရာရှိ တာ တရားဥပဒေနဲ့အညီ လုပ်လို့ရပါတယ်။ အဲဒါမျိုးကို အဓိက ဦးစားပေးပြီး ဒေသခံတစ်ယောက်အနေနဲ့ လုပ်စေ ချင်တယ်။ ဒီဆန္ဒပြတာကျတော့ ဒေသတွင်းမှာ ကိုဗစ် - ၁၉ ကာလပေါ့နော်၊ ဆန္ဒပြတာလည်း သူတို့ ဥပဒေနဲ့ အ ညီပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီ ကိုဗစ် - ၁၉ ကာလမှာကျတော့ ဆန္ဒပြသူတွေက ဘယ်လောက်ပဲ Social Distancing အရ ဘယ်လိုပဲ တိတိကျကျ လိုက်နာသည် ဖြစ်စေ၊ ဘေးကနေ ဝန်းရံ ကြည့်တဲ့သူတွေ၊ ဝန်းရံသူတွေ၊ သတင်းသ မားတွေ၊ ဒီလိုမျိုး လူတွေနဲ့သာ စုဝေးမိသွားလို့ရှိရင် ဘာပဲဖြစ်ဖြစ်  ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ မလိုလားအပ် တာတွေ ဖြစ်လာနိုင်တာပေါ့။ပြီးတော့ ဒီ ဆန္ဒပြုမှုဟာ နိုင်ငံတကာ သိဖို့၊ အများပြည်သူ သိဖို့၊ သတင်းမီဒီယာမှာ Issue တစ်ခုအနေနဲ့ တက်လာဖို့အတွက် ရည်ရွယ်ပုံ ပေါက်ပါတယ်။ ဥပဒေအရကတော့ ခုနက ပြောသလို ရွေး ကောက်ပွဲကော်မရှင်ကို ကန့်ကွက်ခြင်း၊ အချက်အလက်တွေနဲ့ ကန့်ကွက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကန့်ကွက်ခြင်းတွေ လုပ်တာကပဲ ပိုပြီးထိရောက်တယ်လို့ ကျွန်တော်တော့ မြင်မိပါတယ်။

 

ဆန္ဒပြတယ်ဆိုတာက ဥပဒေနဲ့အညီ ဘယ်လိုပဲလုပ်လုပ်၊ ကိုဗစ် - ၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘယ်လိုပဲ လုပ်လုပ် မလိုလားအပ်တဲ့ ရောဂါပြန့်ပွားမှုတွေကို ဖြစ်စေနိုင်တယ်၊ လူစုလူဝေးတွေ ဖြစ်သွားနိုင်တယ်။ အဲဒါကို ဆိုလိုတာ။ တကယ်ကန့်ကွက်စရာ ရှိလို့ရှိရင် သတင်းအချက်အလက် မှန်မှန်ကန်ကန် ရယူပြီးတော့မှ ဥပဒေနဲ့အညီ၊ နည်းဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာက ပိုပြီး အဆင်ပြေတယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်”

 

မချောစုကြည် (မော်လမြိုင်မြို့ ဒေသခံမဲဆန္ဒရှင်)



 

“USDP ရဲ့ ရွေးကော်အပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်တာကတော့ ကျွန်မအမြင်ပြောရရင် ဒီမိုကရေစီ အခွင့်အ ရေးတစ်ခုပါပဲ။ အဖွဲ့အစည်းတစ်ခုအတွက်၊ ဝန်းရံသူတွေအတွက် တရားမှု၊ မတရားမှုတွေကို ထုတ်ဖော်ခွင့် ရှိပါတယ်။ တစ်ဖက်ကလည်း UEC အနေနဲ့ သူ့ရဲ့ Websiteမှာ မဲရလဒ်တွေကို အမြဲတင် ထားတာတွေ့ရပါတယ်။ ကျွန်မတို့ မဲဆန္ဒရှင်ပြည်သူများအနေနဲ့လည်း နိုင်ငံသားတာဝန်ကျေစွာနဲ့ အစိုးရနဲ့ UEC တို့ရဲ့ ကျန်းမာရေး၊ လုံခြုံရေးအစီအမံ အောက်မှာ မဲပေးခဲ့ပြီးပါပြီ။ အဲဒီတော့ နှစ်ဖက်အဖွဲ့အစည်းနဲ့ ဝန်းရံသူများအားလုံးဟာ သူ့တာဝန်သူကျေအောင် ဆောင်ရွက်ခဲ့ကြပြီးသားလို့ ပြောနိုင်ပါတယ်။ အခုချိန်မှာ တိုင်းပြည်ကြီးအတွက်၊ ပြည်ထောင်စုသားနိုင်ငံသားများအတွက် ဝန်းရံပံ့ပိုးကြမယ်ဆို သမာသမတ်အတွေးနဲ့ ယုတ္တိဗေဒကျကျ ဖော်ဆောင်နိုင်ကြဖို့ပဲ မျှော်လင့်ပါတယ်ရှင့်”

 

ဦးဇင်အောင်ကျော်ထင် (မော်လမြိုင်) Project CoordinatorMyanmar Election Observation Network



 

“ပြည်ခိုင်ဖြိုးပါတီက အတိုက်အခံပါတီလို့ ပြောလို့ရတယ်။ အင်အားကြီးတယ်ပေါ့။ အင်အားကြီးတဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးပါတီက ဒီလို လှုပ်ရှားမှုတွေမှာ ပေါ်လွင်တာရှိတယ်။ ကျန်တဲ့ ပါတီသေးသေးလေးတွေမှာလည်း UEC အပေါ်မှာ ဒီလိုအမြင်မျိုးတွေရှိနေကြောင်းကို တွေ့ရတယ်။ တစ်မြို့နယ်လုံးမှ၊ တစ်ပြည်နယ်လုံးမှ တစ်ယောက်တည်း ပြိုင်တဲ့ ပါတီ သေးသေးလေးတွေ ရှိတယ်။ သူတို့ကလည်း ၁၈ မပြည့်သေးဘဲနဲ့ လပိုင်း လိုနေ တဲ့ သူတွေ မဲလာပေးတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရထားတာ ရှိတယ်။ အဲဒါမျိုး ဖြစ်တဲ့အတွက်ကြောင့် (၁) အချက်က မဲပေးခွင့် ရတာမျိုးတွေထဲမှာ အသက်မပြည့်တဲ့ သူတွေလည်း မဲပေးခွင့် ရသွားတာတွေရှိတယ်။ နောက်တစ်ခါ တံဆိပ်တုံးတွေနဲ့ ကိုယ်တိုင် ထုတ်လုပ်ပြီးတော့မှ လိုက်လုပ်နေတဲ့ဟာကလည်း ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ NLD က အများဆုံးပဲ။ ရပ်ကွက်တွေမှာ အိမ်တိုင်ယာရောက် လိုက်လုပ်နေတယ်။ ရပ်ကွက် ကလာပ်စည်းတွေ၊ စည်းရုံးရေးကော်မတီကလည်း တံဆိပ်တုံးတွေက သူ့ဆီမှာ အများကြီးရှိတယ်။ အားလုံးကို UEC စာသား ပါပါ မပါပါ ခိုင်လုံမဲ ဖြစ်အောင် လုပ်လိုက်တယ်ဆိုတဲ့ အချက်ကတည်းကိုက ဒီရွေးကောက်ပွဲသည် တရားမျှတမှုနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တာမျိုး မဟုတ်တော့ဘူးဆိုတာ လုံးဝ ထင်ရှားတယ်။

 

USDP ဘက်ကို လိုက်စရာမလိုဘူး၊ ကျွန်တော် ဘယ်ပါတီမှ မလိုက်ဘူး၊ ကျွန်တော်တို့ (ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူ) သည် ပါတီမဲ့ ဖြစ်တယ်။ ဘယ်ပါတီမှ မလိုက်ဘဲနဲ့ ရွေးကောက်ပွဲကြီးရဲ့ Physical ပိုင်းက ဥပဒေနဲ့ ညီညွတ်နေတာမျိုးရဲ့ အပြင်ဘက်ကို ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ မြင်ရတယ်။ ညွှန်ကြားချက်တွေနဲ့၊ ပုံစံ ၁၅ တို့ ပုံစံ ၃ တို့ ကိစ္စတွေမှာ မဲပေးခွင့် ဆုံးရှုံးသွားတဲ့သူတွေ အများကြီး ရှိတယ်။ ဒါလည်း မြင်ရတယ်။ ဒါတွေက ကျွန်တော်တို့ လက်ညှိုးထိုးလည်းပြနိုင်တယ်။ ခေါ်ပြလည်း ပြလို့ရတယ်။

 

USDP ရဲ့ လှုပ်ရှားမှုအပေါ်မှာတော့ ကျွန်တော် မသုံးသပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ (၁) အချက်က ပါတီပေါင်းများစွာပြိုင်ခဲ့တာရှိတယ်။ USDP  ပါတီက တစ်နိုင်ငံလုံးအနေနဲ့ပြိုင်တာ ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ရှိတယ်။ မွန်ပြည်နယ်မှာ ၄၅ နေရာရှိတယ်၊  ၄၅ နေရာစလုံးပြိုင်တယ်။ တစ်ယောက်မှ မနိုင်ဘူး။ မနိုင်တဲ့ကိစ္စကို၊ မနိုင်လို့ဆိုတာကို ပြောတာမဟုတ်ဘူး။ သူ့လက်ထဲမှာ (လုပ်ပိုင်ခွင့်) ရှိတုန်းကတောင်မှ တစ်ယောက်ပဲ နိုင်ခဲ့တယ်။ သူ့လက်ထဲမှာ မရှိဘဲနဲ့ မနိုင်တာတော့...။ မနိုင်တာကြောင့်မဟုတ်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ သူတို့မနိုင်လို့ ဒီလိုမျိုးဖြစ်တာမျိုး မဟုတ်ဘူးလို့ ကျွန်တော်ပြောတာ၊ ၂၀၁၀ က ၂၀၁၅ သူ့လက်ထဲမှာ ရှိတဲ့အချိန်မှာတောင် ပြန်ပြိုင်တဲ့အချိန်မှာ တစ်ယောက်ပဲနိုင်တယ်၊ ၂၀၁၅ မှာ၊ ၄၅ နေရာမှာ။ ခုလို အချိန်မှာ တစ်ယောက်မှမနိုင်တာတော့ ဆန်းကြယ်တဲ့ကိစ္စမဟုတ်ဘူး၊ မနိုင်လို့ ဒီလိုမျိုး ဆန္ဒပြတယ်၊ Mobilization ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ကျွန်တော်ပြောတာ။ ခုနကပြောတဲ့ ရှုံးလို့ဆန္ဒပြတာမျိုး မဟုတ်ဘူးလို့ ကျွန်တော်တို့ပြောတာက သုံးသပ်မှုပြောတာ၊ ရလဒ်ကိုပြောတာ။ ဒီရွေးကောက်ပွဲရဲ့ Physical ပိုင်းမှာ ကိုယ်၌က USDP က လူအင်အားရှိလို့ ဆန္ဒပြတာမျိုးတော့ ဖြစ်ကောင်းဖြစ်မယ်။ ကျန်တဲ့ပါတီတွေကလည်း မကျေနပ်ဘူး”

 

ဦးသန်းဝင်း (ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ-မော်လမြိုင်မြို့ ဒေသခံ)

 

“သတင်းအရ ဆယ်မြို့နယ်စလုံးမှာ လုပ်မယ်ဆိုတာ ကြားတဲ့အခါမှာ ကျွန်တော်ကတော့ ရုတ်တရက် စဉ်းစားလိုက်တာပေါ့နော်၊ မွန်ပြည်နယ်သားတစ်ယောက်အနေနဲ့ စဉ်းစားလိုက်တဲ့အခါမှာ ဒီကိစ္စကတော့ မီးခိုးကြွက်လျှောက်တော့မယ်ထင်တယ်။ ဒီလိုမျိုးတော့ ကျွန်တော် ခံစားရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ (ဒီဇင်ဘာ) ၂၃ ရက်နေ့လောက်ဆိုရင် ၄၅ ရက် ပြည့်ပြီ။ တစ်ပတ်၊ ဆယ်ရက်ပဲအလို ဒီကာလအတွင်းမှာ ဒီကိစ္စတွေ လုပ်လာတဲ့အခါကျတော့ အဲဒီမတိုင်ခင်မှာ တို့ပြောထားမှ အဲဒီအချိန်မှာ အဖြေက တခုခုကို ဆုံးဖြတ် မယ် ဆိုပြီးတော့၊ ထင်ပြီးတော့ လုပ်တဲ့သူတွေလည်း ရှိနိုင်တယ်။ ကျွန်တော်စဉ်းစားကြည့်တာ။ ဒါက ပျက်သွားရအောင်၊ UEC ကြီးကို ပျက်စီးရအောင်၊ ရွေးကောက်ပွဲကြီးကို အသစ်ပြန်လုပ်ရအောင်ဆိုတာထက် သူတို့ရဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာမှာ ဥပဒေနဲ့ မညီညွတ်ကြောင်းကို တင်ပြထားတာ။ တင်ပြထားတဲ့ ဥစ္စာတွေကို အားကောင်းရအောင်ဆိုပြီးတော့ ဒါတွေက နောက်ကနေပြီးတော့ နောက် နည်းလမ်းတစ်ခုအနေနဲ့ ဒါတွေက ငါတို့တင်ရုံမဟုတ်ဘူး၊ ငါတို့ မကျေနပ်လို့၊ ပိုက်ဆံငါးသိန်းရှိလို့ တင်လိုက်တာ မဟုတ်ဘူးကွာ၊ တကယ့်တကယ်လည်း ဒေသဆိုင်ရာမှာ ဒါတွေကို သိတဲ့သူရှိတယ်၊ မော်လမြိုင်မှာရှိနေတယ်၊ သံဖြူဇရပ်မှာရှိနေတယ်။ ထိုနည်းလည်းကောင်းပဲ ရန်ကုန်မှာ ရှိနေတယ်၊ ပဲခူးမှာ ရှိနေတယ်၊ အဲဒီ အင်အားကို ယူတယ်လို့လည်း မြင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အများနဲ့အင်အားယူလိုက်ရင် ပြိုင်တူတွန်းရင် ရွေ့တာကိုး။ ပထမ စ,စချင်းပြောတာတော့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့၊ သို့သော် ပြန်ကျင်းပပေးဖို့ဆိုတာ တစ်ခွန်းတည်းပြောတာနဲ့ မပြီးဘူး။ ပြန်ကျင်းပရမယ့် အခြေအနေရောက်မှ ပြန်ကျင်းပရမှာကိုး။ ပြန်ကျင်းပမယ့် အခြေအနေရောက်အောင် လုပ်ရမယ်။ လုပ်ရမယ်ဆိုတာ ကျွန်တော် ပြောတာက လုပ်ကြံတာကို ပြောတာ မဟုတ်ဘူးပေါ့နော်။ လုပ်ရမယ်ဆိုတာ အဲဒီသဘောမျိုးသက်ရောက်တဲ့ အချက်အလက်တွေ ရှုထောင့်ပေါင်းစုံကနေတွန်းမှ၊ လိုအပ်ရင် ရွေးကောက်ပွဲပြန်လုပ်ရင် လုပ်မှာပေါ့။ အကယ်၍ အများစုအတိုင်းအတာနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီရွေး ကောက်ပွဲကတော့ ဥပဒေမဲ့၊ သူတို့သုံးတဲ့စကားလုံးနဲ့ သုံးရမယ်ဆိုရင် တရားမဲ့ပြုကျင့်တာတွေ၊ မတရားခံ ရတဲ့သူတွေ များပြီးတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့၊ ကိုဗစ်အချိန်မှာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် မဟုတ်တဲ့၊ ဥပဒေနဲ့ မညီညွတ်တဲ့ကိစ္စတွေ အများကြီးဖြစ်တဲ့အတွက် ခြုံငုံသုံးသပ်လိုက်တဲ့အခါမှာ ဒီရွေးကောက်ပွဲက ရာခိုင်နှုန်းနဲ့တွက်ကြည့်ရင်တော့ မတရားမှုက ပိုများနေတယ်ဆိုပြီး အများသုံးသပ်တဲ့အခါကျရင်၊ အများဆိုတာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဒီအချက်အလက်တွေနဲ့ ပြန်လည်သုံးသပ်တဲ့အခါကျရင် တချိန်လည်း ပြန်ဖြစ်ရင်ဖြစ်မှာပေါ့။ ဖြစ်ပါစေလို့တော့ ကျွန်တော်တို့က ဆုတော့မတောင်းချင်ပါဘူး”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...