တီးတိန်မြို့မှာ ကျောက်ခဲပစ်ပေါက်ရာမှ မြေမြုပ်မိုင်းကိုထိမိကာ ပေါက်ကွဲပြီး ကလေး ၃ ယောက် ဒဏ်ရာရရှိ

တီးတိန်မြို့မှာ ကျောက်ခဲပစ်ပေါက်ရာမှ မြေမြုပ်မိုင်းကိုထိမိကာ ပေါက်ကွဲပြီး ကလေး ၃ ယောက် ဒဏ်ရာရရှိ

တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ပုတ်တင်ညိုကိုဖမ်းဖို့ ကျောက်ခဲပစ်ပေါက်ရင်း မြေမြုပ်မိုင်းအားထိမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး ၃ ဦး (အသက်အန္တရာယ် မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးနေရတယ်လို့ တီးတိန်ဒေသခံများထံမှ သိရှိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တီးတိန်မြို့ခံတစ်ဦးက "တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး အဆောက်အဦးသစ်နဲ့ ဆောက်လုပ်ရေးရုံးကြား ကမ်းဟောက်လမ်းမ အပေါ်ဘက်က ချုံပုတ်နည်းနည်းထူတဲ့နေရာလို့ သိရတယ်။ ထောပတ်ပင်ပေါ်မှာရှိတဲ့ ပုတ်တင်ညိုကို ခဲနှင့်ပေါက်လိုက်တော့ ပြန်ကျလာတဲ့ခဲက မြေမြုပ်မိုင်းကိုထိပြီး ပေါက်ကွဲတာပါ။ မျက်မြင်တွေ ပြောပြချက်အရတော့ ၃ ယောက်စလုံး ဒူးအောက်ပိုင်း ဒဏ်ရာရရှိကြတယ်။ တစ်ယောက်က နည်းနည်းပိုပြင်းထန်တယ်" လို့ Chin World Media ကို ပြောပြပါတယ်။

မိုင်းပေါက်ကွဲပြီးတာနဲ့ ကလေးတွေက ငိုယိုအကူအညီတောင်းခဲ့ပေမယ့် အနီးအနားရှိလူများမှ ချက်ချင်း ကူညီကယ်ဆယ်မှု မပြုရဲကြကြောင်း၊ ကလေးတယောက်က လမ်းမပေါ် လှိမ့်ကျလာပြီး အော်ငို အကူအညီတောင်းတော့မှ လူလတ်ပိုင်းတချို့က ကယ်ဆယ်ပြီး ပြည်သူ့ဆေးရုံ ပို့ပေးခဲ့ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရကြောင်း ယင်း တီးတိန်ဒေသခံထံမှ ဆက်လက်သိရှိရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်၂၃ ရက်နေ့ကလည်း တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး ဝန်ထမ်းအိမ်ယာ အထက်နားမှာ တီးတိန်မြို့က ရေပေးဝေသူ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn)  ဟာ မြေမြုပ်မိုင်းနင်းမိပြီး ယာဘက်ခြေထောက် ဒူးအောက်နားကနေ ပြတ်သွားခဲ့ပါတယ်။

"မိုင်းနှင့် တိုက်ပွဲကျန် လက်နက်တွေ ထိမိတာ၊ နင်းမိတာမျိုးက တီးတိန်မြို့မှာ ခဏခဏ ကြုံခဲ့ရပေမယ့် အများစုက ကံကောင်းတယ်လို့ ဆိုမှာပဲ၊ မပေါက်ကွဲခဲ့ဘူး။ တီးတိန်မြို့နေ ပြည်သူတွေအနေနဲ့ ပုံမှန် သွားလာနေကြတဲ့ နေရာကလွဲရင် ဝင်/ထွက်သွားလာတာမျိုး သတိထားသင့်တယ်" လို့ တီးတိန်မြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ကစတင်ပြီး ၂ ပတ်ကြာဖြစ်ပွားခဲ့တဲ့ တီးတိန်မြို့တွင်းတိုက်ပွဲ အလွန်ကာလမှာ စစ်ကျန်ပစ္စည်းတွေနဲ့ မိုင်းအန္တရာယ်တွေ သတိထားဖို့ တီးတိန်မြို့က အသင်းအဖွဲ့တွေက အကြိမ်ကြိမ် သတိပေးခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

January 2, 2025
တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာမှာကိုစိုးရိမ်ပြီး ဒီဇင်ဘာလ ၂၉...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...
December 6, 2024
ဒီဇင်ဘာလကနေစပြီး ကလေးမြို့ နှင့် တီးတိန်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ Shalom...