ရွေးကောက်ပွဲအနိုင်ရပါက ငြိမ်းချမ်းရေးဖော်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီခေါင်းဆောင်တို့၏ ပြောကြားချက်များ

ရွေးကောက်ပွဲအနိုင်ရပါက ငြိမ်းချမ်းရေးဖော်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီခေါင်းဆောင်တို့၏ ပြောကြားချက်များ
by -
Saw Thonya (NMG)

တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါကငြိမ်း ချမ်းရေး၊ အမျိုးသားရေး၊ တန်းတူ အခွင့်အရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့်ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး ကြိုးစား လုပ်ဆောင်သွား မည်ဟု ကတိပေးပြောကြားမှုများဖြင့် မဲဆွယ်လျက်ရှိသည်။ လက်နက်ကိုင် ပဋိပက္ခများမကြာခဏဖြစ် ပွားနေပြီး ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအားနည်းကြောင်း တပ်မတော်ကသဘောထားပြုထားသည့်အချိန် တိုင်းရင်းသားပါတီများအနေဖြင့် လွှတ်တော်ထဲကို ရောက်ရှိခဲ့ပါက ငြိမ်းချမ်းရေးအတွက် မည်သို့ အကောင် အထည်ဖော်သွားမည်လဲဆိုသည်မှာ စိတ်ဝင်စားစရာကောင်းသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မည်သည့်လမ်းကြောင်းဖြင့် မည်သို့ဆောင်ရွက်မည်စသဖြင့် သိရှိနိုင်စေရန် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်များ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

ဦးငိုင်ဆာ့ခ် - ဥက္ကဋ္ဌ (ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD)

“ငြိမ်းချမ်းရေးက ကျနော်တို့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အရင်တုန်းက ပါတီ သုံးပါတီလေ။သုံး ပါတီ ဆိုတော့ အခုပြန်ပေါင်းထားတာဆိုတော့ အရင်တုန်းကကျွန်တော်ဆို ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ပေါ့။ အဲဒီတုန်းကလည်း UPDJC ရဲ့၄၈ ဦး ကော်မတီမှာ ကျွန်တော်ပါတာကိုး။အဲတော့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ဆို မူကြမ်းဆွဲတဲ့အထဲမှာ ကျွန်တော်က နိုင်ငံရေးပါတီ အစုအဖွဲ့ကနေ ဦးဆောင်ရေးဆွဲ ခဲ့တာပေါ့။ ဆွဲတော့ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပင်လုံညီလာခံ အတွက်ကတော့ ထဲထဲဝင်ဝင်ပါပြီးတော့ အဲဒီနည်းလမ်းကနေပြီးတော့ အကောင်အထည်ဖော်ဖို့ကတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ ရည်မှန်းချက်တော့ ထားတယ်။ ဘာဖြစ်လို့လဲဆိုတာ့ တစ်ခြားနည်းလမ်းမှ မရှိပဲ လွှတ်တော်နည်းလမ်းကလည်း လွှတ်တော်ထဲ မှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့က တော်တော်ခက်တယ်။ တော်တော်ခက်တယ်အခါကျတော့ ဒီ NCA က နေ လမ်းကြောင်းက နိုင်ငံရေးမူဘောင်ဆွေးနွေးမှု မူဘောင်ကနေတစ်ဆင့် လာတဲ့ ဒီငြိမ်းချမ်းရေး ညီလာခံ ကနေ ချင်းပါတီ အနေနဲ့တော့ ကျနော်တို့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ထဲထဲဝင်ဝင်ပါ ဝင်ပြီး တော့ ဒီငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရင်းနဲ့ပေါ့ ငြိမ်းချမ်းရေးအတွက်ကော ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးအတွက်ကော အကောင်အထည်ဖော်ဖို့ ဒီလိုပဲ ရည်မှန်းချက်ရှိပါတယ်”

ဦးသဲရယ် - အတွင်းရေးမှူး (ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ - KySDP)

“ဒါကတော့ ကျွန်တော်တို့ တာဝန်ရှိလာတယ်။ အာဏာရှိလာတယ်ဆိုရင်တော့ ချက်ချင်းရပ်ရမယ် ဆိုတာမျိုး ထက်ကို ကျနော်တို့ အာဏာရလာခဲ့မယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကို အကောင်းဆုံး ဖြစ်အောင်ကျွန် တော်တို့ တည်ဆောက်ပါ့မယ်။ အထူးသဖြင့် ကျနော်တို့ ဒီ တပ်နဲ့ ပတ်သက်တဲ့ဟာတွေ တပ်ပိုင်းဆိုင်ရာ ရော၊ နောက်ပြီး EAOs ကိစ္စတွေရော အပြန်အလှန် သူတို့တွေရဲ့ လိုလားချက် သူတို့တွေရဲ့ ရပ်တည်ချက် ဘာတွေ ဆိုတာကိုလည်း ကျနော်တို့ ဒါတွေ အဖြေရှာပြီးတော့မှပဲ ဘယ်လိုတည်ဆောက်မယ် ဆိုတဲ့ဟာမျိုး ဆက်သွားရမှာပေါ့နော်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကိုလည်း လူထုအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သွားချင်သ လဲ ဆိုတဲ့ဟာမျိုးတွေလည်း အရေးကြီးပါတယ်။ ဆိုတော့ ကျနော်တို့ အာဏာရှိလို့ ကျနော်တို့ လုပ်ချင်တဲ့ ပုံစံနဲ့ ကျနော်တို့ တည်ဆောက်သွားလို့ မရဘူး။  ငြိမ်းချမ်းရေးက ခုနကျနော်ပြောသလိုမျိုးပဲ တပ်မတော် လည်း ပါလာဖို့လိုတယ်။ နောက်ပြီးတော့ EAOs တွေလည်း ပါလာဖို့လိုတယ်။ တပ်မတော်ရဲ့ ပေါ်လစီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ တပ်မတော်ရဲ့ ပေါ်လစီက ဘာလဲ။ EAOs တွေနဲ့ ပတ် သက် ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ပေါ်လစီက ဘယ်လိုရှိသလဲ ဆိုတဲ့ဟာမျိုးတွေတော့ ကျနော်တို့ အရင်ဆုံးဆွေး နွေးပြီးတော့မှပဲ ဒါဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ဟာမျိုးတွေပေါ့။ ဒါကတော့ခက်ခဲနိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီဟာမျိုးတွေက ကျနော်တို့ ပစ်ထားလို့ မရတဲ့ အနေအထား ဖြစ်တာ ပေါ့လေ။ ဆိုတော့ အဓိက ဒီကြားထဲမှာ ငါးနှစ်အတွင်းမှာတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ဆောင်ရွက် ပြီးတော့မှပဲ ဒါငြိမ်းချမ်းရေး တကယ်ခိုင်မာတယ် အောင်မြင်ဖြစ်ထွန်းတဲ့ အခါကျမှပဲ ခုနက ပြောနေတဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေး ကိစ္စကိုတော့ နောက်တစ်ပိုင်းမှ ကျွန်တော်တို့ စဉ်းစားရမယ်လို့ ကျွန်တော်တို့ အဲလိုယူဆတာပေါ့လေ။ ဆိုတော့ ငြိမ်းချမ်းရေးကို ကျနော်တို့ အဓိက ဆောင်ရွက်မှာ ဖြစ်ပါတယ်ပေါ့။ ဆိုတော့ ဆောင်ရွက်မယ့် လမ်းစဉ်ကတော့ ခုနကျနော်ပြောတဲ့ အတိုင်းပဲလေ”

မန်းအောင်ပြည်စိုး - ဥက္ကဋ္ဌ (ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP)

“NCA လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းပြီလို့ ကျနော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ NCA လက်မှတ်ထိုး လိုက်တာဟာ အပစ်အခတ်ရပ်စဲတာပဲ ကျနော်တို့ နားလည်ထားတယ်။ အပစ်ခတ်ရပ်စဲ ပြီးတာနဲ့ သေနတ် သံတွေ ဗုံးသံတွေ အမြောက်သံတွေ မကြားရတော့ဘူး ဆိုတာနဲ့ အကောက်အခွန်တွေ မကောက်တော့ ဘူး ဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ ကျွန်တော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ တကယ်ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုချင်တယ်။ တိုင်းရင်းသားတွေ အနှစ်နှစ် အလလ ခံစားနေရတဲ့ အထွေထွေ မကျေနပ်ချက်တွေ အကုန်လုံး ပြီးပျောက်ပြေငြိမ်းသွားမှ တကယ့် ငြိမ်းချမ်းရေး ရမယ်လို့ ကျွန်တော်တို့ ခံယူတယ်။ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေးကတော့ ဆက်လက်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ စားပွဲပေါ်မှာပဲ ဆက်လက် ပြီး တော့ ငြိမ်းချမ်းရေးကို အဖြေရှာရမှာပဲ။ လက်နက်ကိုင် ပဋိပက္ခအသွင်နဲ့ ဆက်လက်ပြီးတော့ လုပ်ကြကိုင် ကြမယ်ဆိုရင်တော့ ဒီအတိုင်းပဲ ပြီးပြတ်မှာ မဟုတ်ဘူး။ ဆက်ပြီးတော့ အတတ်နိုင်ဆုံး အခြေခံဥပဒေ ကိုလည်း ပြင်နိုင်ရင်လည်း ပြင်ဖို့ နည်းလမ်းရှာမယ်။ အခြေခံဥပဒေကို ပြင်ရင် ဒီမိုကရေစီ ပြည်ထောင်စုကို ကျွန်တော်တို့က တည်ဆောက်နိုင်မယ်။ ညှိနှိုင်းဆွေးနွေးနိုင်မယ်။တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ့်ပြည်နယ် အခြေခံဥပဒေ ကိုယ့်ဟာကိုရေး ဆွဲဖို့ တန်းတူညီမျှခြင်း လွတ်လပ်ခြင်းဆိုတဲ့ အခြေခံသဘောတရားတွေကို လက်ခံလာနိုင်တဲ့အထိ ကျွန်တော်တို့က စောင့်ပြီးတော့၊ အိန္ဒိယမှာလည်း ကျွန်တော်တို့လေ့လာမိသလောက် မိဇိုရမ်ဆိုတဲ့ ပြည်နယ် တိုက်ရင်းနဲ့ ညှိနှိုင်းကြတာပဲ။တိုက်ရင်းလည်း ဆွေးနွေးကြတာပဲ။အဲလိုမျိုးအပိုင်း လေးတွေ ဒါနဲ့လည်း သူတို့က အောင်မြင်မှုရလာတာလို့ ကျွန်တော်တို့ သိရ တယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နည်းပေါင်းစုံရှာပြီးတော့ ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ရှာဖွေပြီးတော့ မရ ရအောင်ကြိုးစားဆောင်ရွက်မယ်ဆို တဲ့သံဓိဌာန်ကတော့ထားထားပါတယ်”

ဦးကွမ်ဂေါင်အောင်ခမ်း  - ဒု - ဥက္ကဋ္ဌ - ၂ (ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP)

“ငြိမ်းချမ်းရေးက ကျွန်တော်တို့ မလုပ်ဘူးဆိုရင် မရနိုင် တော့ပါဘူး။ အဓိကကတော့ ၂၀၁၀ မှာ ကြံ့ခိုင်ဖွံ့ဖြိုး ရေး ကလည်းပဲ အစိုးရ လုပ်ပြီးပြီ။ ဘာမှငြိမ်းချမ်းရေးလည်း မရဘူး။ပိုမိုဆိုးရွားလာတဲ့ အခြေအနေမျိုးပဲဖြစ် တယ်။ နောက်တစ်ချက်ကတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အစိုးရဖြစ်လာတယ်။ ငြိမ်းချမ်းရေး ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့်လဲ ကျွန်တော်တို့က ကျနော်တို့ ကိုယ်တိုင် ခံစားနေတဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် ရရှိပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်မယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံးညှိနှိုင်းဆောင်ရွက်မယ်။ ဒါပြီးမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်းဆောင်ရွက်ပြီးမှ အကုန်လုံး ပါတီတွေနဲ့ တူတူ ညီညီနဲ့ ဒီငြိမ်းချမ်းရေးကို လုပ်ဖို့ ဆန္ဒရှိလို့ လွှတ်တော်လမ်းကြောင်းထဲကနေ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆို ဘာမှလုပ် လို့မရပါဘူး။ ဒါကြောင့်မို့ လွှတ်တော်လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကိုယ့်မိခင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံးညှိနှိုင်းပြီး တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ လုပ်ဆောင်သွားမှာပေါ့။ နောက်တစ်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...