ဖာပွန်ဗျူဟာကုန်း၌ စစ်တပ်မိသားစုဝင်များကို ဒိုင်းကာသဖွယ်မပြုလုပ်ရန် KNU ပြော

ဖာပွန်ဗျူဟာကုန်း၌ စစ်တပ်မိသားစုဝင်များကို ဒိုင်းကာသဖွယ်မပြုလုပ်ရန် KNU ပြော

မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁) အတွင်း စစ်တပ်မိသားစုဝင် အမျိုးသမီးနှင့် ကလေး ၂၀၀ ဦးခန့်ကို လူသားဒိုင်းကာအဖြစ် မပြုလုပ်ဘဲ ထွက်ခွာခွင့်ပေးရန် ကေအဲန်ယူ၊ အကြိမ်ကြိမ် ပြောဆိုနေသော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိဟု တပ်မဟာ-၅ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဗျူဟာကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မိသားစုများကို ပိတ်ဆို့ထားခြင်းမပြုလုပ်ဘဲ အပြင်ထွက်ခွာခွင့်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ပူးပေါင်းတပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် လှမ်းပြောခြင်း၊ ဒရုန်းဖြင့် စာကြဲချခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီက လိုက်နာခြင်းမရှိဟု တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလို ပြောသည်။

“ထောက်ပို့ဗျူဟာစခန်းကို ဝေနော်လို့ခေါ်တယ်။ အဲ့ဒီမှာတပ်မိသားစုတွေကို ပိတ်ထားပြီး အပြင်လုံးဝပေးမထွက်ဘူး။ လှောင်ပိတ်ထားတယ်။ ပိတ်မိနေတဲ့အထဲမှာ လူကြီးတွေတင်မကဘူး ကလေးငယ်တွေပါတယ်။ KNLAနဲ့ ပူးပေါင်းတပ်တွေကတော့ အသံကျယ်စက်နဲ့ လှမ်းအော်တယ်။ စာနဲ့ရေးပြီးဒရုန်းနဲ့ ပစ်ချပေးတယ်။ တပ်မိသားစု တွေကို ပေးထွက်ခွာဖို့။ စစ်ကောင်စီတပ်သားတွေစခန်းက စွန့်ခွာဖို့ အလံဖြူထောင်ဖို့ ။ ဒါပေမဲ့သူတို့ကမလုပ်ဘူး” ဟု ၎င်းက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပြောသည်။

အဆိုပါ ဗျူဟာကုန်းစခန်း၌ လှောင်ပိတ်ခံထားရသည့် တပ်မိသားစုဝင် ကလေးငယ်များအပါအဝင် စုစုပေါင်း ၂၀၀ ဦးခန့် ရှိပြီး ၎င်းထဲမှ မိန်းကလေးအများစုကို စစ်သင်တန်းများပို့ချ၍ လက်နက်များတပ်ဆင်ပေးထားသည်ဟု လည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို ဖြည့်စွက်ပြောဆိုသည်။

ဖာပွန်စစ်ဗျူဟာချုပ်(စဗခ-၁)ကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ စတင်တိုက်ခိုက်မှုလုပ်ဆောင်သည့် ယခုနှစ် မတ်လကတည်းက ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ဆန်းအောင်က ထိုစစ်တပ်မိသားစုဝင် အမျိုးသမီးနှင့် ကလေးများကို ဒိုင်းကာအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု ရှေ့တန်းစစ်မြေပြင်ရှိ KNLA တပ်မှူးတစ်ဦးက ပြောသည်။

၎င်းက “ ကျနော်တို့ စတိုက်ကတည်းက သူပေးမထွက်ဘူး။ တချို့ဆို ရှေ့တန်းစခန်းတွေမှာ သူတို့ ယောက်ျားတွေ သေလား၊ ရှင်လားတောင်မသိဘူး။ သေသွားရင်တောင်မှ မပြောဘူး အဲလိုမျိုးနဲ့ ထားထားတာ။ ကလေးတွေဆိုလည်း လက်နက်သယ်ခိုင်းတဲ့ ဗီဒီယိုဖိုင်တွေရှိတယ် ကျနော်တို့ ဆီမှာ။ တချို့ဆို ထွက်ပြေးရင်လည်း ပစ်သတ်လိုက်တာတွေ၊ အဓိက ဗျူဟာမှူး ဆန်းအောင်က တအားရက်ရက်စက်စက် ပြင်းပြင်းထန်ထန်တွေ လုပ်တာပေါ့။ သူတို့ တပ်ရင်းမှူးတွေဆို လက်နက်ချပြီးတော့ ကျနော်တို့နဲ့ပူးပေါင်းချင်ပြီ အဲလိုရှိတယ်။ ”ဟု ပြောသည်။

အဆိုပါ ဖာပွန်ဗျုဟာကုန်းစခန်း၌ ရှေ့တန်းမှ အနောက်တန်းသို့ပြန်လာသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၉) စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၆၄၂၊ ခမရ-၄၃၄၊ ခမရ-၃၄၀၊ ခမရ-၃၄၁)တပ်ရင်းများမှ တပ်အင် အား ၃၀၀ ဝန်းကျင်ခန့် စုပေါင်း အထိုင်ချထားသည်ဟု သိရသည်။

ဖာပွန်တွင် ကျန်ရှိနေသည့် အ‌ခြေစိုက် တပ်စခန်းများ မကျရေးအတွက် စစ်ကောင်စီဘက်မှ စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်ကြိုးစားလုပ်ဆောင်နေပြီး ကျေးရွာများထဲသို့လည်း လေယာဉ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည် ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် တပ်မဟာ (၅) နယ်မြေတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်ကောင်စီ တပ်က လေယာဉ်၊ ဒရုန်းများဖြင့် မကြာခဏ လာရောက်ပစ်ခတ်မှုများရှိနေကြောင်း ကေအဲန်ယူ-တပ်မဟာ(၅) ၏ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ ပြောဆိုထားသည်။

Most read this week

January 27, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်၌...
January 27, 2025
သတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး...
January 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့...
January 23, 2025
ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု...