၂၀၂၀ ရွေးကောက်ပွဲအလွန်ဖြစ်ပေါ်လာမည့် အစိုးရအသစ်အပေါ် မျှော်လင့်ချက်များ၊ ဖြေရှင်းပေးစေချင်သည့် အခက်အခဲများနှင့်ပတ်သက်၍ မတူပီမြို့ပေါ်မှ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ အသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်နူးတီာလ် (မတူပီမြို့နယ်တာဝန်ခံ - ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ)
“တိုင်းပြည်အကျိုးကို လုံးဝပီပီပြင်ပြင်နဲ့ ထမ်းဆောင်နိုင်မယ့်သူ၊ လူမျိုးချစ်စိတ်ဓာတ်ရှိတဲ့သူ၊ တာဝန်ယူတာဝန်ခံမှုရှိတဲ့သူကို ရွေးချယ်မှာပါ၊ အစိုးရသစ်ကို လုပ်ပေးစေချင်တာတော့ အများကြီးဘဲ၊ အဓိကအနေနဲ့ အဆောက်အဉီပိုင်းနဲ့ပတ်သတ်ပြီး လုပ်ပေးစေချင်တယ်၊ ဘာလို့လဲဆိုရင် မသန်စွမ်းတဲ့သူတွေအတွက် ထည့်သွင်းစဉ်းစားမှု ရှိစေချင်တယ်၊ အခုက မသန်စွမ်းသူတွေအတွက် မရှိဘူး၊ မသန်စွမ်းတွေရယ် ကလေးသူငယ်တွေရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သက်ကြီးရွယ်အိုတွေအတွက် အဆောက်အဉီးပိုင်းမှာ အခက်အခဲရှိတော့ ဒါကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်”
ဘွေအုပ်ထန်း (လူငယ်အတွင်းရေးမှူး - MCDO)
“လာမယ့်ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီးတော့မှ လုပ်ငန်းဖော်ဆောင်နိုင်မယ့် လူကိုလည်းကြည့်မယ်၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားဖြစ်တဲ့အတွက် ချင်းတွေရဲ့ လိုလားတဲ့နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ပါတီကို ရွေးချယ်ပြီးတော့ မဲပေးသွားမှာပေါ့၊ အခုတက်လာမယ့်အစိုးရကို အဓိကအနေနဲ့ ပညာရေးကိုလုပ်စေချင်တယ်၊ ပညာရေးမှာက ဆယ်တန်းအောင်စာရင်းမှာဆိုလည်း အောက်ဆုံးကိုရောက်နေတယ်၊ ဖြစ်နိုင်ရင်တော့ ဆရာ/ဆရာမတွေ လုံလုံလောက်လောက်ရှိစေချင်တယ်၊ ပညာရေးဘက်မှာ စနစ်သစ်ကိုလည်း သွားနေတယ်ဆိုတော့ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ တွေလည်း ရှိစေချင်တယ်၊ အရည်ချင်းရှိတဲ့ ကျောင်းသားလူငယ်တွေလည်း ထွက်စေချင်တယ်၊ နောက်ပြီးတော့ ကျနော်နေတဲ့ စံဘောင်ရပ်ကွက်မှာဆိုရင် ရေလုံလောက်မှုမရှိဘူး၊ အမြဲတမ်းဝယ်နေရတယ်၊ ရေလုံလောက်မှုရှိအောင် လုပ်စေချင်တယ်၊ နောက်တစ်ခုက ထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်တဲ့မြေတွေကို ဥပဒေပြုပြီးမှ ဥပဒေနဲ့ အကာအကွယ်ပေးစေချင်တယ်”
မိုင်ဗန်မီးရဲမ် (ဒု-မြို့နယ်တာဝန်ခံ - ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ)
“လာမယ့် ရွေးကောက်ပွဲမှာတော့ ပြည်သူအားလုံးအတွက် ကိုယ်စားပြုနိုင်မယ့်သူကို ရွေးချယ်ဖို့ စိတ်ကူးထားပါတယ်၊ နောက်တက်လာမယ့် အစိုးရအနေနဲ့ မသန်စွမ်းသူတွေအတွက် တန်းတူအခွင့်အရေး ရရှိအောင်ဆောင် ရွက်ပေးစေချင်ပါတယ်၊ နောက်အချက်အနေနဲ့ ချင်းပြည်နယ်မှာက အလုပ်လက်မဲ့လူငယ်တွေ အရမ်းများနေတယ်၊ အဲဒါကြောင့် ဒီပြသနာကို ဖြေရှင်းပေးစေချင်ပါတယ်၊ ပြီးတော့ ချင်းပြည်နယ်မှာဘဲဖြစ်ဖြစ် ဘယ်မှာဘဲဖြစ်ဖြစ် လာဘ်စားမှုကို လျှော့ချစေချင်ပါတယ်”
နယူးဟတ်ပီး (လယ်/ပြ ပညာရေးဝန်ထမ်း)
“ကျွန်မအနေနဲ့ ဒီရွေးကောက်ပွဲမှာ အရည်အချင်းရှိတဲ့လူကြီး၊ ပြီးလို့ရှိရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တိုးတက်စေချင်တဲ့ အရည်အချင်းရှိတဲ့လူမျိုးကို ကျမမဲပေးပါ့မယ်၊ ကျွန်မတို့က အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းအတွက် ဝန်ထမ်းအိမ်ရာတွေ လုံလုံလောက်လောက် ပေးစေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် တစ်ချို့နေရာတွေမှာ အိမ်တစ်အိမ်ထဲကို ဝန်ထမ်းသုံးလေးဉီးနေထိုင်ရတယ်၊ ကျွန်မတို့ ပညာရေးဝန်ထမ်းတွေအနေနဲ့က ကလေးတွေရဲ့ပညာရေးအတွက် သင်ကြားပေးရတဲ့သူတွေဖြစ်တဲ့အတွက် ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဝန်ထမ်းအိမ်ရာကို စဉ်းစားပေးစေချင်ပါတယ်၊ ပြီးတော့ မတူပီမြို့ပေါ်ကို ကြည့်လိုက်လို့ရှိရင် သဘာဝမြေပြိုမှုတွေကို တွေ့ရတယ်၊ အဲဒါဘာကြောင့်လို့လဲဆိုရင် ရေမြောင်းအများစုက မကောင်းတာတွေ့ရတယ်၊ အဲဒါကြောင့် မြောင်းတွေကို ပြုပြင်စေချင်ပါတယ်”
ဆလိုင်းနိုင်းထီစိုင်း (မတူပီမြို့ဒေသခံ)
“ကျွန်တော့်အနေနဲ့ မဲပေးဖို့ပြင်ဆင်ထားတာက အစိုးရဖွဲ့နိုင်မယ့် ပါတီလည်းကြည့်တယ်၊ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကိုလည်းကြည့်ပါတယ်၊ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းမှာ မြို့နယ်အတွက် စွမ်းဆောင်ပေးနိုင်မယ့်သူကို ကြည့်ပြီးတော့ မဲပေးသွားမှာပါ၊ အခုတက်လာမယ့် အစိုးရအနေနဲ့ မတူပီမြို့ကို ခရိုင်အင်္ဂါရပ်နဲ့ကိုက်ညီအောင် လုပ်ပေးစေချင်တယ်၊ နယ်အတွက်ဆိုရင် တစ်ချို့ကျေးရွာတွေဆိုရင် ရေတော်တော်လေးရှားပါတယ်၊ ပြီးတော့ ဆက်သွယ်ရေးပိုင်းမှာဆိုရင် တစ်ချို့ရွာတွေဆိုရင် ဖုန်းတွေမရနိုင်သေးဘူး၊ ဒါမျိုးတွေကို အခုတက်လာမယ့်အစိုးရအနေနဲ့ ဖော်ဆောင်ပေးစေချင်ပါတယ်”