“….. သိုသိုသိပ်သိပ်လေးလုပ် တော်လှန်ရေးက အောင်မြင်ပါတယ်.....” CDM ရဲဒုတပ်ကြပ် ရဲနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“….. သိုသိုသိပ်သိပ်လေးလုပ် တော်လှန်ရေးက အောင်မြင်ပါတယ်.....” CDM ရဲဒုတပ်ကြပ် ရဲနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်တပ်အာဏာသိမ်းပြီးစ အချိန်ကတည်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပြုလုပ်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် ရဲဒုတပ်ကြပ် ရဲနိုင်၏ ၃ နှစ်တာကာလ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် ဘဝဖြတ်သန်းနေမှု၊ တော်လှန်ရေးအပေါ်အမြင်၊ ခံယူချက်စသည်တို့ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။    ။ CDM လုပ်ရတဲ့ အကြောင်းအရင်းကို ကနဦး ပြောပြပေးပါအုံး။  လွတ်မြောက်နယ်မြေကို ဘယ်လို ရောက်ခဲ့တာလဲဆိုတာလည်း ပြောပြပေးပါ။

ဖြေ။    ။ ဒီ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ ကျနော့် အမျိုးသမီးက ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းကနေ CDM ပြုလုပ်ဖို့ ကျနော့်ကို ခေါ်တယ်။ ဒါပေမဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ ဝန်ထမ်းတွေက တခြားသောဝန်ထမ်းတွေလိုမျိုး CDM ပြုလုပ်ဖို့က သိပ်ပြီးတော့ မလွယ်ကူဘူး။ မိသွားရင်လည်း တခြားသောသူတွေထက် ပေးဆပ်ရမှာတွေက ပိုပြီးတော့များတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်က သေချာစဉ်းစားခဲ့တာပေါ့နော်။ မိန်းမက ခေါ်ပေမဲ့လည်း ကျနော့်အတွက်အန္တရာယ်ရှိတယ်။ ခဏတော့စောင့်ကြည့် ဦးမယ်ဆိုပြီး စောင့်ကြည့်ခဲ့တယ်။

စောင့်ကြည့်ပြီးနောက်ပိုင်း အာဏာစပြီး သိမ်းတဲ့အချိန်မှာ ကျနော်တို့ကိုဘာမှ မပြောဘဲနဲ့ ချေမှုန်းရေးလက်နက် အငယ်တွေ ထုတ်ပေးခဲ့တယ်။ အချိန်ကာလကြာလာတော့ အဲ့နှစ် ၅ လပိုင်း ၆ လပိုင်းတွေမှာ ကျည်အစစ်တွေ ထုတ်ပေးတယ်။ ရော်ဘာကျည်တွေ မပေးတော့ဘဲ။ G3 တို့ အဲ့လိုပုံစံတွေ ထုတ်ပေးခဲ့တယ်။ အဲ့ဒီအချိန်မှာ အချိန်ကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေကလည်း ဆန္ဒပြတာတွေများလာတယ်။ နည်းနည်းကြမ်းလာတယ်။ နေရာတိုင်းမှာ အချိန်တိုင်းလိုလို ဖြစ်လာတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ရဲတပ်ဖွဲ့ကို မြို့နယ်မှူးကိုယ်တိုင်က ခရိုင်မှူးရဲ့ ညွှန်ကြားချက်အရ မထင်ရင်မထင်သလို ပစ်မိန့်ပေးတာမျိုး မတရားဖမ်းဆီးတာမျိုးတွေ အတင်းအဓမ္မ စေခိုင်းလာတယ်။

တွဲဖက်တာဝန်ကနေပြီးတော့မှ ကျနော့်ကိုစခန်းပြန်ပို့ပြီးတော့ ကျနော်က မှုခင်းပိုင်းစာရေးအကူဆိုတော့ အမှုဖွင့် တိုင်တန်းတဲ့အချိန်မှာ အရင်က ပြည်သူလူထုတစ်ဦးနဲ့တစ်ဦးဖြစ်ပြီးတော့ တစ်ဦးကနေတစ်ဦးကို တိုင်တာမျိုး ပဲရှိတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးလုပ်တဲ့သူတွေက အမှုဖွင့်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။ ဒီလိုလုပ်ရပ်တွေက မတရားဘူးဆိုပြီး ကျနော်သိလာတော့ ကျနော့်အမျိုးသမီးကိုပြောပြီး တပ်မဟာ-၆ (KNU) လွတ်မြောက်နယ်မြေဘက်ကို တိမ်းရှောင်ခဲ့ပါတယ်။

မေး။    ။ ဘယ်လို အကြောင်းအရာတွေက CDM လုပ်ဖို့ တွန်းအားဖြစ်စေခဲ့တာလဲ ။ ဘယ်လိုမျိုးတရားမမျှတမှုတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရလိုလဲ။

ဖြေ။    ။ ကျနော်တို့မိဘတွေက ဆယ်တန်းအောင်ပြီးကတည်းက ရဲတပ်ဖွဲ့ကို မဟုတ်ရင်တောင် အကျဉ်းဦးစီးဌာနကို အလုပ်ဝင်စေခဲ့တယ်။ ကျနော်က ရဲလုပ်ငန်းကို စိတ်ဝင်စားတယ်။ ဒီလိုမျိုး ဝတ်စုံနဲ့ ပြည်သူလူထုကို အကျိုးပြုနိုင်မယ်ထင်လို့။ ပြီးတော့ ရဲအရာရှိလည်းဖြစ်ချင်တဲ့အတွက် ဆယ်တန်းအောင်ပြီး ဒုတိယနှစ်မှာတင် ရဲတပ်ဖွဲ့ထဲကို ဝင်ခဲ့တယ်။ ဝင်ခဲ့ပြီးနောက်ပိုင်း ကျနော်တို့လိုချင်တဲ့ရဲတပ်ဖွဲ့နဲ့ အာဏာသိမ်းပြီး နောက်ပိုင်းရဲတပ်ဖွဲ့က မတူတော့ဘူးပေါ့နော်။ အရင်တုန်းက ခေါ်ပြောနေတဲ့သူတောင်မှ အာဏာသိမ်းပြီးနောက်ပိုင်း ခေါ်ပြောတာတွေ ရှားလာတယ်။ ကိုယ်ဘယ်နေရာသွားသွား ကိုယ့်အတွက်ပျော်ရွှင်မှုဆိုတာ မရှိတော့ဘူး။

နောက်ပြီးတော့ ကျနော့်ရဲ့ခံယူချက်က အဖွဲ့အစည်းတိုင်းမှာ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ ကြိုက်တယ်။ ရဲဆိုရင် ရဲအလုပ်ကိုလုပ်တာပဲ ကြိုက်တယ်။ ဆရာဝန်ဆိုလည်း ဆရာဝန်အလုပ် လုပ်တာပဲကြိုက်တယ်။ စစ်တပ်ဆိုတာ ကလည်း ပြည်ပရန်ကို ကာကွယ်ဖို့သူ့ရဲ့ တာဝန်နဲ့သူ။ ဒါပေမဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ကို အာဏာထိန်းတယ်ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲတွေလုပ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ခဏခဏ တွေ့ဆုံတယ်။ ကျနော်တို့ကို သူတို့ကတော့ ထိန်းထားတာပေါ့နော်၊ ပြည်သူလူထုကို အချိန်တန်ရင်ပြန်ပေးမယ်ပေါ့။

ကိုယ့်တာဝန်ကိုယ်လုပ် စိတ်မယိုင်နဲ့ သူများပြောတိုင်း လျှောက်မယုံနဲ့ ဒီလိုမျိုးတွေက ကိုယ်ကိုယ်တိုင်ကြားခဲ့ဘူးတယ်။ မကြုံခဲ့ဖူးဘူးဆိုတော့ သိပ်မသိခဲ့ဘူးပေါ့နော်။ နေရာတိုင်းမှာ ရဲနဲ့ စစ်သားပဲရှိတယ်။ စာသင်ကျောင်းမှာ ဆရာမတွေ မရှိတော့ဘူး။ ဆေးရုံမှာလည်း ဆရာဝန်တွေမရှိတော့ဘူး။ ကျနော့်ကိုလည်း အာဏာသိမ်းတဲ့ကာလမှာ တာဝန်ခွဲပေးတာတွေစုံနေရော စာသင်ကျောင်းတွေရော ဆေးရုံ၊ ဘဏ်၊ တံတား၊ မီးရထား သံလမ်းတွေရော။  ဒါတွေက ရဲတစ်ယောက်အနေနဲ့ လူမရှိတဲ့နေရာမှာ လုံခြုံရေးယူစရာ အကြောင်းမရှိဘူး။

ကိုယ့်နိုင်ငံမှာ ပြည်ပရန်လည်း မရှိဘူး။ သူပုန်တွေ သူခိုးတွေလည်း မရှိဘူး။ လူမရှိတဲ့ရထားသံလမ်းကို ယူနီဖောင်း ကြီးဝတ်ပြီး တောင်နဲ့မြောက်ကင်းလှည့်ခိုင်းတာမျိုးကြီးကတော့ ရေရှည်မှာ အဆင်မပြေဘူး။ နောက်ပြီးတော့ စာသင်ကျောင်းမှာကလည်း ကျောင်းလုံခြုံရေးဆိုတာက ရှိပြီးသားပဲလေ။ လိုအပ်မှသာရဲတပ်ဖွဲ့က အနောက်ကနေဆောင်ရွက်ရမှာပဲရှိတယ်။

ကမ္ဘောဇဘဏ်ဆိုလည်း ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူး၊ အစောင့်ဆိုတော့လည်း တစ်မျိုးပေါ့ဗျာ။ ကြာလာတော့ စိတ်ပျက်လာတယ်။ နောက်ပြီးတော့ ဆန္ဒပြနေတဲ့ဟာကို စစ်တပ်ကဖမ်းလာပြီးတော့ ဒီဒါလေးနည်းနည်း ပြင်ရေးလိုက် ဒီကောင့်ကို မလွှတ်စေနဲ့ဆိုပြီးတော့ ၃ ကြိမ်မက ကြုံလာရတော့ ညဘက်အရက်သောက်ရင်း ဒီနေ့ဘာလုပ် ခဲ့လဲဆိုတာကို သိပ်ပြီးတော့ မကြိုက်တော့ဘူး။

မေး။    ။ လက်ရှိမှာ ဘယ်လိုပုံစံနဲ့ ဘဝကို ဖြတ်သန်းနေလဲ။ CDM လုပ်လာတော့ ကူညီထောက်ပံ့မှုတွေ ရှိရဲ့လား။

ဖြေ။    ။ ကျနော် CDM လုပ်တဲ့အချိန်တုန်းက PDF ဆိုပြီးတော့တောင် ကောင်းကောင်းမပေါ်သေးဘူး။ ရက်တို သင်တန်းသမားတွေ လောက်ပဲရှိတယ်။ တပ်မဟာ(၆)ကို ရှောင်တိမ်းပြီးတော့ ဧရာဝတီတိုင်းရဲ့ ကိုယ်စားပြုဆိုပြီးတော့ရှိတယ်။ အဲ့ဒီမှာ ထောက်ပို့တာဝန်ခံ၊ ရဲတာဝန်ခံ အဖြစ် ကျနော်ဆောင်ရွက်ခဲ့တယ်။ ကျနော်တို့ အလှည့်တုန်းက လက်နက်ယူလာရင် ဆုပေးမှာတွေ ဘယ်ကိုသွားတွေ ဘယ်မှာစောင့်ရှောက်မှာတွေ မရှိခဲ့ဘူး။ ကျနော်တို့က ခြေဦးတည့်ရာကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာခဲ့တယ်။ ဆုကြေးတွေ အကူညီတွေရခဲ့ တာတွေလည်း မရှိခဲ့ပါဘူး။

မေး။    ။ အနာဂတ် မျှော်လင့်ချက်၊ မျှော်မှန်းချက်က ဘာလဲ။ ဘယ်လိုပုံစံနဲ့ ဘဝကို ဖြတ်သန်းချင်လဲ။

ဖြေ ။    ။ ကျနော်ကတော့ လက်ရှိအပြင်ဘက်ကို ရောက်လာတဲ့အခါကျတော့ စားဝတ်နေရေးအတွက် Eco Print အထည်လေးတွေ အသင့်စားလို့ရတဲ့ ငါးခြောက်ကြော်၊ ငံပြာရည်ကြော်လေးတွေပေါ့နော် ဒါလက်ရှိမိသားစု စားဝတ်နေရေးအတွက်ကိုတော့ ခဏတာတော့ဖြေရှင်းနေတယ်။ ဒါပေမဲ့ရည်ရွယ်ချက်တွေကတော့ ရှိတယ်။

ဒီအချိန်မှာက တော်လှန်ရေးပြီးဖို့အတွက်ကိုပဲ အာရုံစိုက်နေတဲ့အတွက်ကြောင့်မို့လို့ ကိုယ် ၁၀၀ ရရင် ၁၀ လောက်ကူနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ကိုယ်တိုင်ကလည်းတောထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ ပါဝင်ခဲ့တဲ့အခါကျတော့ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ နိုင်သလောက်အစွမ်းကုန် ကူညီတာပဲ။

ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကျနော်တို့လုပ်နေတဲ့လုပ်ငန်း ဒီမှာရှိနေတဲ့ CDM မိသားစုတွေရယ်။ PDF ကျနော့်တပည့်အဟောင်းတွေ ရှိတယ်။ အိမ်မှာ သူတို့နဲ့ရပ်တည်ဖို့အတွက် စားဝတ်နေရေးပြေလည်နေရင်ရပြီ။ တော်လှန်ရေး ပြီးသွားရင်တော့လည်း ကိုယ်လုပ်ချင်တဲ့ဟာတွေ ဆက်လုပ်ဖို့ရည်ရွယ်ချက်တွေ အများကြီးရှိတာပေါ့။ သူများနိုင်ငံမှာ တရားဝင်အထောက်အထားမရှိတဲ့အတွက် သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့နိုင်ငံ မှာပေးနေတဲ့အတွက်။

မေး။    ။ CDM လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရတာမျိုးရော ရှိခဲ့လား။ CDM လုပ်ခဲ့တဲ့အတွက် ယခင်က မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်အဟောင်းတွေနဲ့ရော ဘယ်လိုမျိုးဆက်ဆံရေးတွေ ရှိခဲ့လဲ။

ဖြေ။    ။ ကျနော် CDM ကို လုပ်ခဲ့တဲ့အတွက် နောင်တလုံးဝမရဘူး။ ကျနော်တို့ စလုပ်တုန်းကဆိုရင် ဒုက္ခရောက်မယ်ဆိုတာ သိတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျနော်တို့က ဆုံးဖြတ်ခဲ့တော့။ ဒီမှာ ဒုက္ခဖြစ်တယ်ဆိုတာ ပါမွှားပဲရှိ တယ်။ ကျနော်တို့တုန်းကဆိုရင် ကျနော်တို့ တည်းခိုခန်းအရှေ့မှာ BGF တွေ၊ စကစတွေက နေပြီးတော့မှ ကင်းတွေပတ်နေတယ်။ ကိုဗစ်ကာလ တည်းခိုခန်းတွေ ပိတ်ထားတယ်။ တည်းခိုခန်းက မန်နေဂျာက ပေးမတည်းဘူး။ တည်းလို့မရဘူးတွေ့ရင် ဖမ်းခံထိမယ်ဆိုပြီးတော့ ကျနော်တို့က တောင်းပန်ပြီးတော့ ၂ ရက်ပဲဖြစ်ဖြစ်နေ။ တစ်မြို့ လုံး Martial Law လူတွေကလည်းမရှိ သူတို့လူတွေကြီးပဲ အဲ့လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရတော့ နောင်တလည်း မရဘူးပေါ့နော်။

ဒါပေမဲ့ လေးကေ့ကော်တိုက်ပွဲတုန်းက ကျနော့်လုပ်ငန်းတုန်းက ဆရာကို သတိရလို့ ဖုန်းခေါ်ခဲ့သေးတယ်။ ဆရာက အပြစ်တော့မတင်ဘူး။ မင်းပြန်လာချင်ရင် တစ်လနှစ်လအတွင်းပြန်လာခဲ့ အယူခံဝင်လို့ရတယ်။ အချုပ်တော့ ကျမယ် ငါလုပ်ပေးလို့ရတယ်။ အကယ်၍ ပြန်မလာဘူးဆိုရင်လည်း ငါ့ကိုမဆက်သွယ်နဲ့ အဆင်ပြေအောင်နေ ငါ့တပည့်ဆိုပြီး သံယောဇဉ်တစ်ခုတည်းနဲ့ ပြောခဲ့တယ်။ ကျနော်ကလည်း ပြန်ပြောခဲ့တယ်။ ကျနော် အဆင်ပြေတယ်။ ဆရာ့ကျေးဇူးတွေရှိခဲ့တဲ့အတွက်ကြောင့် လှမ်းနှုတ်ဆက်တာ။ ရှေ့တန်းကိုရောက်နေတဲ့ အတွက်ကြောင့် ကိုယ်သေသွားတဲ့အခါကျ ကျေးဇူးရှိတဲ့သူတွေကို မနှုတ်ဆက်လိုက်ရမှာ စိုးတဲ့အတွက်ကြောင့်။

မေး။     ။ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့ အချိန်မှာရော တော်လှန်ရေးအပေါ် CDM ရဲတပ်ကြပ် တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ။    ။ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့အချိန်မှာ ကျနော့်အနေနဲ့ကတော့ ကြီးကြီးကျယ်ကျယ် ပြောတာတော့ မဟုတ်ဘူး။ ကျနော်ကတော့ နားအေးပါးအေးနေပြီးတော့ ကိုယ့်ဘာသာကိုယ်၊ အေးဆေးနေတဲ့ သူဆိုတော့ အခုတော်လှန်ရေးက မအောင်စရာအကြောင်းမရှိဘူး။ ကိုယ့်တာဝန်ကိုယ်ကျေပြီးတော့ စည်းနဲ့ကမ်းနဲ့ နေရင်လေ အောင်မြင်တယ်။ ဥပမာနယ်စပ်မြို့တွေမှာ ရှိနေတဲ့ထောက်ပို့တာဝန်ဆောင်ရွက်နေတဲ့သူတွေ သူ့စည်းသူ့ကမ်းနဲ့ သူများနိုင်ငံမှာနေတဲ့အတွက်ကြောင့်မို့လို့ တအားကြီးပရမ်းပတာမနေဖို့ အဲ့တာလေးပြောပြီးတော့ သိုသိုသိပ်သိပ် လေးလုပ်ရင်တော့ မအောင်စရာအကြောင်းမရှိဘူး။

တစ်ခုတော့ရှိတယ်။ ကိုယ်တွေလူတွေက လက်တောင်မှ မညီတာတစ်ယောက်နဲ့ တစ်ယောက်အချိတ်အဆက် မမိဘူး။ ပရမ်းပတာနေမယ်ဆို သူတို့နိုင်ငံကလည်း လက်မခံနိုင်တဲ့အခါ အကုန်လုံးဖမ်းဆီးမယ်ဆိုရင် အန္တရာယ်ရှိလာနိုင်တယ်။

တော်လှန်ရေးကြီးက ပျက်စီးသွားမှာ ကိုယ်ဘာမှမရှိခင်ကတည်းက ဒုက္ခတွေနဲ့ကြိုးစားခဲ့ပြီး အခုဆိုရင် ကျနော်တို့ လေးကေ့ကော်မှာတိုက်တုန်းကဆိုရင် ၂၀၂၂ လောက်ထိ တိုက်နိုင်တယ်။ ကျနော်တို့ မထိန်းနိုင်ခဲ့ဘူး။ ထိခိုက်တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ အခုဆိုရင်တိုက်နိုင်ပြီး ပြန်လည်ထိန်းချုပ်နိုင်နေတဲ့အခြေနေမျိုးမှာ အနောက်ကနေ Support ပေးတဲ့ သူတွေကလည်း ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ လူမသိလေကောင်းလေပဲ။

အဓိကက တော်လှန်ရေးအောင်ဖို့ စိတ်တွေကို မျိုသိပ်ထားရမှာပဲ။ ပျော်ပွဲရွှင်ပွဲလုပ်တယ်ဆိုလည်း အတတ်နိုင်ဆုံး ကိုယ်မလည်ပတ်ဘဲနေနိုင်ရင် မလည်နဲ့။ ကျနော်တို့နိုင်ငံမှာ ပေါ်တင်ကြီးလာလုပ်ရင်မကြိုက်ဘူး။ အဲ့တာကြောင့် သိုသိုသိပ်သိပ်လေးလုပ် တော်လှန်ရေးက အောင်မြင်ပါတယ်။

Most read this week

December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...
December 20, 2024
ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင် အုန်းဖန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအား...
December 18, 2024
ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၇) နယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ အမှတ် ၃၁၁...