စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာရ

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူခရိုင်၊ မောင်နွဲ့ကြီးကျေးရွာအုပ်စု၊ မောင်နွဲ့ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ခြိမ်းခြောက်မှုကြောင့် ရွာလူကြီးနှင့်တကွ ဒေသခံရွာသားများမှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၃)ရက်မှ ယနေ့အချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံတို့ထံမှသိရသည်။

နိုဝင်ဘာလ(၂)ရက်နေ့က အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးခန့်ကို လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် စွပ်စွဲပြောဆိုချက်ဖြင့် မောင်နွဲ့ကြီးရွာသူကြီးအား လူဖမ်းခေါ်သွားသည့် လက်နက်ကိုင်တပ်ဖွဲ့ထံ သွားရောက်စေပြီး လူပြန်တောင်းခိုင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့လူပြန်မရပါက သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းအား အကြောင်းကြား၍ ကျေးရွာများဘက်သို့ချိန်ရွယ်လက်နက်ကြီးပစ်ခတ်ခိုင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ရွာလူကြီးအပါအဝင် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက "ရွာသူကြီးကို စစ်တပ်ကပြောတယ်။ လက်နက်ကိုင်ဆီကိုသွားပြောပေး၊ ဘယ်နှနာရီအတွင်း သူတို့လူ လာပြန်ပို့ပေးဖို့၊ လာမပို့ရင် ဘုရင့်နောင်တပ်ကိုလှမ်းအကြောင်းကြားပြီး လှမ်းပစ်တော့မယ်။ ထိချင်တဲ့ရွာထိပေါ့။ ရွာသူကြီးသွားတော့ ဟိုဘက်ကလည်း ငါတို့မသိဘူး၊ ငါတို့မခိုင်းဘူးဆိုပြီးပြောလို့ သူကြီးက ခေါင်းမခံနိုင်တော့ပြေးတာပဲ။ သူပြေးတော့ သူ့ရွာသားတွေလည်း ကြောက်ပြီးပြေးကြတာပေါ့" ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။

မောင်နွဲ့ကြီးရွာနားရှိ ချောင်းတစ်ခုတွင် သဲကျုံးနေစဥ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။ ထိုဖြစ်စဥ်အပေါ်  ကေအိုင်စီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူဘက်သို့ အတည်ပြုနေဆဲဖြစ်သည်။

တောင်ပေါ် ကရင်ရွာဖြစ်သည့် မောင်နွဲ့ကြီးကျေးရွာတွင် လူဦးရေစုစုပေါင်း ရာနှင့်ချီရှိပြီး အများစုမှာ ၎င်းတို့ဆွေမျိုးမိတ်ဆွေများရှိသည့် သံတောင်ကြီးမြို့ပေါ်သို့ လာရောက်တိမ်းရှောင်နေထိုင်ကြ သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

သံတောင်ကြီးမြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက " တော်တော်များများကတော့ သံတောင်ကြီးမှာရောက်နေကြတယ်။ တချို့ကသံတောင်ကြီးမှာ အိမ်ရှိတယ်။ တချို့ကအမျိုးတွေရှိတယ်လေ။ သူတို့ပြေးလာတဲ့နောက်ပိုင်းကနေ ဒီရက်ပိုင်းတော့ ဘုရင့်နောင်စခန်းက ပစ်တာခတ်တာမရှိဘူး။ စစ်သားတွေပြန်လာပို့လား၊ အပြီးပဲလုပ်လိုက်သလား တော့မသိဘူး။ ရွာကြီးဆိုတော့ ပြေးလာကြတာရာချီတယ်။'' ဟု ဆိုသည်။

ကေအဲန်ယူ တောင်ငူခရိုင်၊ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်းရှိသည့် ဘုရင့်နောင်စစ်တပ်စခန်း သို့မဟုတ် တိုက်ခိုက်ရေးသင်တန်းကျောင်းကို မြန်မာစစ်အစိုးရက ၁၉၉၅ ခုနှစ်မှစတင်ကာ သံတောင်ကြီးမြို့ဟောင်းတွင် လာရောက်နေရာယူထားခြင်းဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က စစ်သင်တန်းများပို့ချသည့် လေ့ကျင့်ရေးကျောင်းတစ်ခုသာ ဖြစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်း တပ်ဆင်ထားသော လက်နက်ကြီးများဖြင့် သံတောင်ကြီးနယ်တဝိုက် ဒေသခံလူထု နေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် ဒေသခံထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ဖူးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

Most read this week

January 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့...
January 23, 2025
ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု...
January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...