၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူး ရွေးချယ်ကြမလဲ?

၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူး ရွေးချယ်ကြမလဲ?
by -
Salai Benezer (KMG)

၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို  လာမည့် နိုဝင်ဘာ ၈ ရက်တွင်  ကျင်းပပြုလုပ်မည်ဖြစ်သည်။ ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂလအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့  အမည်စာရင်းတင်သွင်းထားကြပြီးဖြစ်သည်။

ချင်းပြည်နယ်သည် မြို့နယ် ကိုးမြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေ ၃၉ နေရာရှိကာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ သုံးသိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သို့သော လွှတ်တော်ကိုယ်စားလှယ်မျိူးကို ရွေးချယ်သင့်သလဲဆိုသည်နှင့်ပတ်သက်၍ နယ်ပယ်အသီးသီးက ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ  ဦးဆောင်သူများ၏ သဘောထားအမြင်ကို ယခုလိုစုစည်း တင်ပြလိုက်ရသည်။

“လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်”

Mai Len Nei Cer (NiNu)

ကျား/မ တန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသူ

“ချင်းပြည်နယ်အတွက်အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စေတနာရှိတဲ့ လွှတ်တော်အမတ်ကို ရွေးချယ်သင့်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ပါတီကိုကြည့်ပြီးတော့ NLDပါတီကိုဘဲ မဲပေးခဲ့ကြတယ်၊ ဒါပေမယ့်သိပ်အဆင်မပြေတော့ ပြည်သူတွေအနေနဲ့ပါတီကိုလည်းကြည့်သင့်တယ်၊ တစ်ချိန်တည်းမှာဘဲ လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်၊ အမျိုးသမီးမဲပေးမယ့်သူအနေနဲ့ သူတို့မဲပေးမယ့် လွှတ်တော်ကိုယ်စားလှယ်က ကျားမတန်းတူရေးအတွက် သဘောထားဘယ်လိုရှိသလဲပေါ့၊ အထူးသဖြင့် ချင်းပြည်နယ်မှာက Chin Act က ရှိနေတော့ အမျိုးသမီးတွေကို အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့ခွဲခြားထားတော့ ဥပဒေကိုပြင်ဖို့ ကျမတို့အဖွဲ့ကလှုံ့ဆော်နေတယ်။ အဲဒါကြောင့် အမျိုးသမီးမဲဆန္ဒရှင်အနေနဲ့ သူတို့မဲပေးမယ့် ကိုစားလှယ်လောင်းက အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့တန်းတူရရှိသင့်တယ် ဆိုတဲ့အချက်ကို လက်ခံလား မလက်ခံလားဆိုတာလည်း မေးကြည့်သင့်တယ်လို့တိုက်တွန်းချင်တယ်။အခုအစိုးရကတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်နေတယ်၊ ဖွံ့ဖြိုးရေးလို့ဆိုလိုက်လို့ရှိရင် မျက်စိနဲ့မြင်ရတဲ့အရာတွေဖြစ်တဲ့အဆောက်အဦတွေ၊ ကားတွေ၊ လမ်းတွေ စသဖြင့်ကိုပဲ လောလောဆယ်ကတော့ ဦးစားပေးနေကြတာတွေ့ရတယ်၊ နောက်ထပ်တက်လာမယ့် အစိုးရအနေနဲ့ လူ့အရင်းအမြစ်ကိုလည်းကြည့်စေချင်တယ်၊ ပညာရေးနှင့် ကျန်းမာရေးကိုလည်း ဦးစားပေးစေချင်ပါတယ်”

“ဘာလုပ်မှာလဲဆိုတာ တိတိကျကျ မပြောနိုင်ဘူးဆိုရင် ဒါက ကိုယ့်အမျိုးအချင်းချင်းဆိုပေမယ့် ဘာမှအသုံးမဝင်ဘူး”

Dal Sian Amm (နိုင်ငံရေးလေ့လာသုံးသပ်သူ - Integrated Social and Development Institute)

“အခုပြောနေကြတာက ချင်းလူမျိုးကိုကိုယ်စားပြုတဲ့ ပါတီက ဘယ်သူဘဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးဖြစ်နေကြတယ်။ ဒါပေမယ့် ကျနော်မြင်တာကတော့ ရွေးကောက်ပွဲပြီးသွားရင် သူဘာလုပ်မှာလဲ ဆိုတဲ့ဟာမျိုး တိတိကျကျပြောနိုင်တဲ့လူ ချင်းလူမျိုး ဘယ်သူမဆို ဆိုရင်တော့ ကျနော်က ပိုပြီးတော့ အားပေးတယ်။ ပါတီ ဆိုတဲ့ ရှုတောင့်ကတော့ တစ်မျိုးဖြစ်မယ်။ ဘယ်လိုမျိုးကိုယ်စားပြုလဲ ဆိုတာကလဲ စဉ်းကိုစဉ်းစားရမယ်။ တစ်ဘက်မှာလဲ ချင်းလူမျိုးဆိုပေမယ့်လည်း သူလွှတ်တော်ရောက်သွားတဲ့အချိန်မှာ ဘာလုပ်မှာလဲဆိုတာ တိတိကျကျ မပြောနိုင်ဘူးဆိုရင် ဒါက ကိုယ့်အမျိုးအချင်းချင်းဆိုပေမယ့် ဘာမှအသုံးမဝင်ဘူး။ ကျနော့်အမြင်အရတော့ ဒီတစ်ခေါက်က တိုင်းရင်းသားပါတီအသီးသီးက ကိုယ့်ရဲ့တိုင်းရင်းသားပါတီကို နိုင်စေချင်တဲ့အခါကျတော့ နိုင်စေချင်ယုံတင်မဟုတ်ဘဲနဲ့ သူတို့ဘာဆက်လုပ်မှာလဲ ဆိုတဲ့ဟာမျိုးကို များများမေးခွန်းထုတ်ပြီးတော့ အဲဒီဟာကို တိတိကျကျဖြေနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးကိုတော့ ပိုပြီးရွေးချယ်စေချင်ပါတယ်။ ဒီငါးနှစ်အစိုးရကို ပြန်ကြည့်လိုက်ရင်တော့ Resource Sharing တွေ Development Planning တွေ လုပ်တာကအစ မညီမမျှဖြစ်နေတယ် အချိုးကျ မဖြစ်တဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ နောက်တက်လာမယ့် အစိုးရက ကျနော်တို့ လိုအပ်တဲ့ဟာတွေ သုတေသနလုပ်နေတဲ့ဟာတွေတော့ အများကြီး ကြားရပါတယ်။ ပညာရေးကိစ္စတွေ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေ အထူးသဖြင့် ကျနော်တို့ တီးတိန်တွန်းဇံ ဘက်မှာဆိုရင် လျှပ်စစ်မီး ကိစ္စတွေဖြစ်မယ်။ လိုအပ်တဲ့ဟာတွေက တစ်နေရာနဲ့ တစ်နေရာ တူမှာ မဟုတ်တဲ့အခါကျတော့ ချင်းပြည်နယ်ရဲ့ မတူညီတဲ့ ဒေသအသီးသီးမှာ လိုအပ်တဲ့ပုံစံအတိုင်း ကောင်းကောင်းလေ့လာပြီးမှ မူဝါဒချမှတ်တာတွေ အရင်ဆုံးဖြစ်စေချင်တယ်။

“ဘယ်ပါတီဘဲဖြစ်ဖြစ်ပေါ့။အရွေးခံမယ့်သူက ကိုယ့်ဆီတောင်မရောက်ဘူးဆိုရင်တော့ မစဉ်းစားတာအကောင်းဆုံးဘဲ”

Salai Mang Om (Third Eye)

“ပြည်သူတွေအနေနဲ့မဲပေးဖို့ရာအတွက် ကိုယ်စားလှယ်တွေကို စကားပြောကြည့်ပါလို့ပြောချင်တယ်။ ကျေးလက်မှာနေတဲ့သူတွေအတွက်လည်းကိုယ်စားလှယ်လောင်းတွေက ကျေးလက်လာတဲ့အချိန်မှာ စကားပြောကြည့်ပါ။ ဘယ်ပါတီဘဲဖြစ်ဖြစ်ပေါ့။အရွေးခံမယ့်သူက ကိုယ့်ဆီတောင်မရောက်ဘူးဆိုရင်တော့ မစဉ်းစားတာအကောင်းဆုံးဘဲ။လူထုအတွက်သူဘာတွေလုပ်ပေးချင်လဲဆိုတာကိုလည်းကိုယ်ကမေးကြည့်သင့်တယ်၊ နောက်တစ်ခုကတော့ ကိုယ်စာလှယ်လောင်းရဲ့ နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်သတ်ပြီး ဘယ်လောက်ထိနားလည်တတ်ကျွမ်းထားမှု လူထုရဲ့ အကျိုးစီးပွားကို သယ်ဆောင်ပေးနိုင်မှုဘာတွေရှိလဲ ဆိုတဲ့ဟာကိုတော့ ကျနော်တို့ကမေးရမယ်၊ အစိုးရအနေနဲ့ကတော့ ဘတ်ဂျက်ရေးဆွဲတဲ့အပိုင်းမှာနိုင်ငံသားတွေကို ပါဝင်စေချင်တယ်၊ ဒါကဒီမိုကရက်တစ်အတွက် မဖြစ်မနေလုပ်ရမယ့်အရာဖြစ်တယ်၊ဘတ်ဂျက်ယန္တရားလည်ပတ်တဲ့ပုံစံတွေကိုလည်း လူထုသိလာအောင်လုပ်သင့်တယ်။

“အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကိုရွေးရမယ်”

Andrew Tha Tuang (ချင်းပြည်နယ် တာဝန်ခံ)

Myanmar Alliance for Transparency and Accountability

“အထူးသဖြင့် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကိုရွေးရမယ်၊ ဘယ်လိုအရည်ချင်းလဲဆိုတော့ ချင်းပြည်နယ်လို ဖွံ့ဖြိုးမှု အားနည်းတဲ့ဒေသအတွက် ဆိုရင် ဒေသအတွက် အမှန်တကယ်ဆောင်ရွက်ဖို့အတွက် စီမံချက်ရှိတဲ့သူမျိုးပေါ့နော်။ ပြည်ထောင်စုကလာတဲ့ ဘတ်ဂျတ်လောက်ကို မှီခိုဖို့စိတ် ကူးယဉ်နေတဲ့ သူမျိုးမဟုတ်ရဘူး။ ကိုယ့်မှာရှိတဲ့အရင်းမြစ်တွေကို အသုံးချနိုင်လောက်အောင် အသိအတတ်ပညာရှိတဲ့သူ ဖြစ်တဲ့သူမျိုးပေါ့။ ချင်းပြည်မှာ လှပါတဲ့တောင်တန်းတွေ ရေချိုတွေပေါနေပါသေးတယ်၊ ဒါ့အပြင် လူ့စွမ်းအားအရင်းမြစ်တွေ သူ့အထိုက်လျောက်ပေါတယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ ဆိုတော့ ဒါတွေကို အမှီပြုပြီးတော့ အလုပ်အကိုင်ခွင့်လမ်းနှင့် ဝင်ငွေရလမ်းတွေကိုဆောင်ရွက်စေလိုပါတယ်။  ပြည်ထောင်စုကလာမည့် ဘတ်ဂျက်လောက်ကို စားပွဲပေါ်အသေလုနေကြတဲ့ အစိုးရအဖြစ်ကနေရယ်၊ မြေအောက်မှာရှိတဲ့ တခါသာရမည့် တွင်းထွက်တွေအပါ်မှီခိုတဲ့ အစိုးရမဖြစ်ဖို့လိုပါတယ်။ ကျန်တာကတော့ အရည်ချင်းသာရှိရင်ချင်းပြည်မှာ အရင်းမြစ်အရမ်းပေါပါတယ် ဒီတော့အရင်းမြစ်တွေကို သေချာစီမံခန့်ခွဲဖို့ အထူးတိုက်တွန်းချင်တယ်”

“ကျန်းမာပြီး ငယ်ရွယ်တဲ့သူတွေကို ရွေးစေချင်တယ်”

Salai Van Cung Lian (Director)

Chin-Bridge Institute

“ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မူဝါဒပိုင်းမှာ ဘယ်လောက်အတွေ့အကြုံရှိလဲ၊ တော်တဲ့သူ သေချာသိတဲ့သူ ဖြစ်ဖို့အရေးကြီးတယ်။ နာမည်ကြီးတယ်ဆိုရုံလောက်နဲ့ မပြည့်စုံဘူး။ အခြေခံလို့ထင်ရပေမယ့် ကျမ်းမာရေးလည်းအရေးကြီးတယ်။ ကျန်းမာပြီး ငယ်ရွယ်တဲ့သူတွေကို ရွေးစေချင်တယ်။ ပြီးတော့ ချင်းပြည်နယ်တင်မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဥပမာ - ပွင့်လင်းမြင်သာမှုပိုရှိလာဖို့ ဘယ်လိုအချက်တွေကလိုအပ်နေတာလဲ။ ကောင်းမွန်တဲ့ မူဝါတွေရှိဖို့နဲ့ Freedom Of Information တွေရှိဖို့လိုတယ်ဆိုတာကို နားလည်ပြီးတော့ စည်းရုံးလှုံ့ ဆော်မှုတွေလုပ်ပေးနိုင်မယ့်သူကိုရွေးပေးဖို့လို့တယ်။ ဒီလူဟာ ကျနော်တို့ဒေသအတွက် အားကိုးအားထားဖြစ်မယ့်သူအဖြစ် ရွေးလိုက်တဲ့အချိန်မှာ ခုနကလို အရေးကြီးတဲ့အပိုင်းတွေ မသိတဲ့သူဆိုရင် ရွေးလိုက်ရင်လည်း သိပ်ပြီးထူးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခုလက်ရှိနိုင်ငံရေးသမားတွေ ပြောတဲ့ဟာတွေ နားထောင်ကြည့်ရင် ကျနော်တို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေ ပြန်ရအောင်လုပ်မယ်ဆိုတာမျိုး သူများပြောတဲ့ဟာဘဲ ပြောနေကြတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်မယ်လို့ပြောကြပေမယ့် အဲလိုပြောရုံနဲ့ မဲသွားပေးလို့မရဘူး။ ဘယ်လိုတိုက်ဖျက်မှာလဲ။ ဘယ်လိုမျိုးတွေကိုတိုက်ဖျက်မှာလဲ ဥပမာ - Freedom of Information Act လိုဟာမျိုး ပြဌာန်းဖို့ရှိလားဆိုတာမျိုးကို ကြည့်ဖို့လိုတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...