အမျိုးသမီးအရေး တက်ကြွစွာ ပါဝင်လှုပ်ရှားသူ ကရင်အမျိုးသမီး (၆) ဦးကို KWO ထူးချွန် ဂုဏ်ပြုဆုပေး

အမျိုးသမီးအရေး တက်ကြွစွာ ပါဝင်လှုပ်ရှားသူ ကရင်အမျိုးသမီး (၆) ဦးကို KWO ထူးချွန် ဂုဏ်ပြုဆုပေး

အမျိုးသမီးအရေးအပါအဝင် ကရင်အမျိုးသားအရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီး (၆) ဦးအား ယခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၃၅ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထူးချွန်ဂုဏ်ပြုဆု ချီးမြှင့်လိုက်သည်။

ဂုဏ်ပြုဆု ရရှိသူများမှာ KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် KWO အဖွဲ့အစည်းများတွင် လူမှုရေး ၊ကျန်းမာရေး ၊ စည်းရုံးရေး နှင့် ပညာရေး ဌာနများတွင် အချိန်ပြည့်လုပ်ဆောင်သူများဖြစ်ကြပြီး ၎င်းတို့၏ ပေးဆပ်မှုအပေါ် အသိအမှတ်ပြုပြီး ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု KWO အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက ပြောသည်။

“နှစ်အတန်ကြာ အနစ်နာခံ အလုပ်လုပ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ အမျိုးသားတွေကြားထဲမှာ အမျိုးသမီးအနည်း ငယ်သာရှိပေမယ့်လည်း သူတို့အနစ်နာခံပြီး အလုပ်လုပ်ကြတယ်။ ပြီးတော့ ကရင်အမျိုးသားရေးအတွက် တစိုက်မတ်မတ် ထမ်းဆောင်ကြတဲ့အတွက်ကြောင့် သူတို့ကို ဂုဏ်ပြုဆု တစ်ခုပေးတာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ထူးချွန်ဂုဏ်ပြုဆုရရှိသူ ၆ ဦးထဲမှ ပဒိုနော်စေးဖောနှင့် ပဒိုနော်နေဆယ်ဖောတို့ နှစ်ဦးသည် ကေအဲန်ယူ ၏ ခရိုင်အဆင့်တွင် အမျိုးသမီးခေါင်းဆောင်များဖြစ်ကြသလို နော်ငြိမ်းဟန်နှင့် နန်းစိန်မြင့်ကြည်တို့သည်လည်း အမျိုးသမီးအရေးကို တစိုက်မတ်မတ် လုပ်ဆောင်ကြသည့် ခေါင်းဆောင်များဖြစ်ကြသည်။ ၎င်းအပြင် နော် လယ်ထူးနှင့် နော်ရူသာတာမလာဘောတို့နှစ်ဦးသည်လည်း ကရင်အမျိုးသားများ၏ ပညာရေးဖွံ့ဖြိုးတိုး တက်ရန် အတွက် ကြိုးပမ်းအားထုတ်နေသူများဖြစ်ကြသည်ဟု KWOက ပြောသည်။

ဂုဏ်ပြုဆုရရှိသူ နော်ရူသာတာမလာဘော “ဒီနှစ်မှာ KWOက ကျမကို လာပြီးဂုဏ်ပြုတာကတော့ ကျမ အတွက်ဝမ်းသာစရာတစ်ခုဖြစ်တယ်။ အမျိုးသမီးတွေကို အားပေးလိုတာက ဒီလိုဂုဏ်ပြုဆုမျိုးရရှိဖို့ မျှော်မှန်းပြီး တော့ အလုပ်လုပ်တာမဟုတ်ဘဲနဲ့ တခြားအမျိုးသမီးတွေအားလုံး ကြိုးစားစေချင်ပါတယ်။ အချိန်၊ ခွန်အား တွေကို ပေးဆပ်ပြီး အနစ်နာခံကြပါ။ တစ်ခုခုကို ရရှိဖို့ မျှော်လင့်ပြီးတော့ အလုပ်လုပ်တာ မျိုးမဖြစ်စေချင်ဘူး။ အကျိုးရှိတဲ့အရာကိုပဲ လုပ်ကြမယ်။ ကျမတို့အတွက် လိုအပ်ချက်ပဲဖြစ်ဖြစ်၊ အများအတွက် အကူအညီလို တာပဲဖြစ်ဖြစ် လုပ်ကြပါလို့ ကျမအနေနဲ့ အဲဒီလို အားပေးချင်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ပြီးခဲ့သည့် နှစ်များတွင်လည်း ထူးချွန်ကရင်အမျိုးသမီး ဂုဏ်ပြုဆုကို ယခင် KWO၏ ဥက္ကဋ္ဌဟောင်း ပဒိုနော်လားဖိုး၊ မယ်တော်ဆေးခန်း ဦးဆောင်တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၊ ကေအဲန်ယူ၏ ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၊ လက်ရှိ ကေအဲန်ယူ ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၏ဗဟိုဆေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်စေးဒေးကဲ နှင့် ကရင်အမျိုး သမီးအစည်းအရုံး (KWU)၏ ဥက္ကဋ္ဌနော်အုန်းလှတို့ကို KWOမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

KNU ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးက“ အရင်က ချီးမြှင့်ခံရပေမယ့် ဒီဟာကိုရရှိဖို့အတွက် ကြိုးစားပြီး အလုပ်လုပ်တာမဟုတ်ပါဘူး။ ကျမတို့အမျိုးသမီးတွေ အမျိုးမျိုးသော ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့အတွက် ကျမကြိုးစားလုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် ကျမကိုယ်ကျမ တာဝန်ပိုကြီးလာတယ်။ ဒီထက်ပိုပြီး အလုပ်လုပ်ဖို့ လိုအပ်လာတယ်လို့ ကျမကိုယ်ကျမ နားလည်လာတယ်။ ကျမအတွက် ခွန်အားတစ်ရပ်ဖြစ်ပေါ်စေပါတယ်။”ဟု ပြောသည်။

ယခုနှစ် ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံး နှစ်ပတ်လည်နေ့အခမ်းအနားကို ယခင်က ကေအဲန်ယူ ထိန်းချုပ်နယ်မြေအပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ယခုနှစ် တွင် ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်မှုကြောင့် အခမ်းအနား မကျင်းပရန် KWO တာဝန်ရှိ သူများ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

KWO၏ အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေး ကြိုးပမ်းအားထုတ်အပေါ် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် အနေဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ၂၀၁၈ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သည့် Women of Change Award ဆုကို ရရှိခဲ့သလို ၂၀၁၉ ခုနှစ် မတ်လထဲတွင် အမေရိ ကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ အမေရိကန်နိုင်ငံခြားရေးရုံးက ပေးအပ်ချီးမြှင့်သော နိုင်ငံတကာ အမျိုးသမီး ရဲရင့်ဆု (International Women of Courage Award – IWOC) ကို ပါ အသီးသီးရရှိထားသည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများ ပပျောက်စေရန် ရည်ရွယ်ပြီး ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကို ၁၉၄၉ ခုနှစ်တွင် ကော်သူးလေ ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၈၅ ခုနစ်၌ ဖားအံခရိုင် အတွင်းရှိ ယခင် KNU ဌာနချုပ်ဟောင်း မာနယ်ပလောတွင် ဖွဲ့စည်းပုံနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...