မြန်မာစစ်ဘေးရှောင်များ မိုးတွင်းကာလ ရာသီဥတုဒဏ် ခံစားနေပြီး နေရာထိုင်ခင်းအကူအညီလို အပ်ကြောင်း UNOCHA ထုတ်ပြန်

မြန်မာစစ်ဘေးရှောင်များ မိုးတွင်းကာလ ရာသီဥတုဒဏ် ခံစားနေပြီး နေရာထိုင်ခင်းအကူအညီလို အပ်ကြောင်း UNOCHA ထုတ်ပြန်

မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့် မိုးရာသီကာလအတွင်း ရာသီဥတုဒဏ်ကို ကြုံတွေ့ခံစားနေရပြီး နေရာထိုင်ခင်း အကူအညီများ လိုအပ် လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဇူလိုင်လ ၁ ရက် ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် ဒေသအခြေစိုက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်စစ်ရေး ပဋိပက္ခများဖြစ်ပွားလျက်ရှိပြီး အဆိုပါ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ သုံးသန်း ကျော်အထိ ရှိလာနေပြီးဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်များတွင်လည်း ယခုမိုးရာသီကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုများအပြင် နေရာထိုင်ခင်းမလုံလောက်သည့်အခက်အခဲများ နှင့် ဆေးဝါးလို အပ်ချက်များရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ စည်းရုံးလှုံ့ဆော်ရေးအရာရှိ နော်ဖောလားက ပြောသည်။

၎င်းက “နေရာထိုင်ခင်း မလုံလောက်တာတွေ ရှိတယ်။ ပြီးတော့ စစ်ရှောင်ရတယ်ဆိုတော့ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်လို့မရဘူး။ ကျန်းမာရေးအပိုင်း အခက်အခဲတွေရှိတယ်။ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် ကလေးရော၊ လူကြီးရော ငှက်ဖျားတွေ တုပ်ကွေးတွေ အများ အပြားဖြစ်တယ်။ အဲ့လိုဖြစ်တာကိုမှ သွားကုဖို့အတွက် အခက်အခဲတွေ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာဒေသမှ ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရခြင်း နှင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခြင်းများ ကြောင့် စစ်ဘေးတိမ်းရှောင်နေရပြီး ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းစသည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လုံလောက်စွာမရရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယခုလို မြန်မာပြည်တွင်း စစ်ဘေးရှောင်အရေး ထုတ်ပြန်လာသည့် UNOCHA အနေဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်စာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီမှတဆင့် ပံ့ပိုးကူညီမှုများ ပြုလုပ်နေခြင်းအပေါ် ပြည်တွင်းပြည်ပအရပ်ဖက်အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရှုတ်ချလေ့ရှိပြီး နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အတွက်လည်း တိုက်တွန်းတောင်းဆိုလေ့ရှိသည်။

ထို့အတူ ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း UNOCHA ၏ အကြီးအကဲ Martin Griffiths အနေဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် ပြည်သူများ အကူအညီပေးရေးအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်တွေ့ဆုံညှိနှိုင်းခဲ့သည့်အပေါ် အရပ်ဖက်အဖွဲ့အစည်းအပေါင်း (၅၁၄) ဖွဲ့မှ ပြစ်တင် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သေးသည်။

စစ်ရှောင်ပြည်သူများ အကူအညီထောက်ပံ့မှုလုံလောက်စွာမရရှိသည့်အခြေအနေတွင် ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည်နယ်၊ မောင်တော မြို့ နယ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ရိက္ခာသို လှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့်ဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူ ပစ္စည်းများကိုအကာအကွယ်ပေးရာတွင် စိုးရိမ်စရာအခြေအနေများဖြစ်ပေါ်နေကြောင်းလည်း (UNOCHA)က ဆိုသည်။

July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...