အမေရိကန်တွင် ၁၃ နှစ်အရွယ် ကရင်လူငယ်ကို ရဲတပ်ဖွဲ့ပစ်သတ်သည့်ကိစ္စ မြို့ခံလူထုများ မကျေမနပ်ဖြစ်နေ

အမေရိကန်တွင် ၁၃ နှစ်အရွယ် ကရင်လူငယ်ကို ရဲတပ်ဖွဲ့ပစ်သတ်သည့်ကိစ္စ မြို့ခံလူထုများ မကျေမနပ်ဖြစ်နေ

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ခြေချသည့် ၁၃နှစ် အရွယ် ကရင်လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပစ်သတ်သည့်ကိစ္စနှင့်ပတ်သက်၍ ကရင်လူထုအပါအဝင် မြို့ခံလူထုများ မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

အသက် ၁၃ နှစ်သာရှိသည့် ၈ တန်းကျောင်းသား စောညမွေးကို သံသယဖြင့် ဖမ်းဆီးပစ်သတ်သည့် ရဲ တပ်ဖွဲ့၏လုပ်ရပ်သည် ယူတီကာမြို့ရှိ ကရင်လူမျိုးအပါအဝင် မြို့ခံလူထုများမှ မကျေနပ်ကြ၍ ပြီးခဲ့သည့် စနေနေ့တွင် လူမျိုးပေါင်းစုံလူထုရာနှင့်ချီက ထိုလူငယ်သေဆုံးသည့်နေရာ၌  သွားရောက်စုရုံးကာ ဆုတောင်းပေးခဲ့ကြသလို တရားမျှတမှုရရှိရေးအတွက် ယူတီကာရှိ ကရင်အဖွဲ့အစည်းကလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Karen Organization of Utica အဖွဲ့ဥက္ကဋ္ဌ စောလူပွေဒိုက “အခုချိန်မှာ လူတွေက မကျေနပ်ချက်တွေ အများကြီးရှိတယ်။ တချို့လူငယ်တွေက ရဲစခန်းမှာသွားပြီး သွားဆန္ဒပြတာတို့၊ ဘာတို့ လုပ်မယ် အဲလိုတွေဖြစ်လာတယ်။ သက်ကြီးပိုင်းလူတွေ အဖွဲ့အစည်းခေါင်းဆောင်ကလူတွေကတော့ ဆန္ဒထုတ်ဖော်လို့ရတယ်။ ဒါပေမယ့် သေဆုံးတဲ့လူငယ်တွေက ၁၃ နှစ်ပဲရှိတယ်ဆိုတော့ ကောင်းကောင်းမွန်မွန်ပဲ ဆုတောင်းပြီးသွားစေချင်တယ်။ လေးစားမှုတွေတော့ထားရမယ်။ သူတို့ကို ပြန်ပြီး နားချရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ၈ တန်းကျောင်းသား စောညမွေးပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့က ယူတီ ကာရှိ ရဲတပ်ဖွဲ့ဘက်မှ ရဲ၏ခန္ဓာကိုယ်ပေါ် တပ်ဆင်ထားသော ကင်မရာရုပ်သံဖိုင်များ ထုတ်ပြန်ခဲ့ပြီး သတင်း စာရှင်းလင်းပွဲပြုလုပ်သည့်အချိန်တွင်လည်း မကျေနပ်ကြသော မြို့ခံလူထုများမှ ဝင် ရောက်ပြောဆိုမှု ပြုလုပ်သည့်အတွက် သတင်းစာရှင်းလင်းပွဲကို အလျင်အမြန် အဆုံးသတ်လိုက်ရကြောင်းလည်း သိရသည်။

“ဒီပြည်နယ်မှာ သူတို့စည်းကမ်းချက်တစ်ခုရှိတယ်။ ရဲတွေက ဒီလိုပစ်ခတ်မှုဖြစ်စဉ်မှာ ပြဿနာ တွေဖြစ်ရင် ဒီမြို့နယ်ထဲက ရဲတွေက ဒီအမှုကို သူတို့ကိုင်လို့မရတော့ ပြည်နယ်အဆင့် လာပြီး လုပ်ရတယ်။ ဒီနေ့မှာဆို အဲဒီအမှုအတွက် ပြည်နယ်အဆင့်ရဲတွေက လာပြီးစကိုင်နေပါပြီ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒီနယ်မြေမှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အပေါ်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အတိုင်းပဲ တိတိကျကျ သေချာမသိရသေးဘူး။ ကျနော်တို့ ယူတီကာ ကရင်အဖွဲ့ ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံးတော့ လုပ်ဆောင်သွားရမယ်။ ရှေ့နေတွေငှားမယ်။ အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ တင်ပြနိုင်ဖို့ မိသားစုဝင်တွေဆီမှာ သေချာမေးမြန်းတာတွေလုပ်ရမယ်။ ” ဟု Karen Organization of Utica အဖွဲ့ဥက္ကဋ္ဌ ဆက်ပြောသည်။

မိသားစုဝင်၏ ပြောဆိုချက်အရ စောညမွေးသည် သူငယ်ချင်းဖြစ်သူနှင့်အတူ ညအချိန် စက်ဘီး သွားစီးရန်အတွက် မိခင်ဖြစ်သူထံခွင့်တောင်းပြီးမှ ထွက်သွားခြင်းဖြစ်သလို အပြင် ထွက်ပြီးနောက်ပိုင်းတွင် ယခုလို ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မိသားစုဝင်ဘက်မှပြောဆိုကြောင်း  စောလူပွေဒိုက ပြောဆိုသည်။

ထိုဒေသတွင် ခိုးမှုသတင်းကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအတွက် လူအင်အားတိုးချပြီး ကင်းလှည့် သည့်အချိန်တွင် စက်ဘီးစီးနေသည့် ထိုလူငယ်နှင့် သူငယ်ချင်းဖြစ်သူကို တွေ့ရှိကာ ခေါ်ယူတားမြစ်ပြီး လက်နက်ပါဝင်ခြင်းရှိမရှိ မေးမြန်းစစ်ရေးရန် လုပ်ဆောင်ချိန်တွင် ၎င်းလူငယ်မှ  ထွက်ပြေးသည့်အတွက် လက်ထဲတွင် သေနတ်တွေ့ရှိသောကြောင့်  ဖမ်းဆီးပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်ဟု ယူတီကာ ကရင်အဖွဲ့အစည်းက ပြောသည်။

ပတ်ဝန်းကျင်တစ်ဦး၏ ရိုက်ကူးထားသည့် ရုပ်သံဗီဒီယိုဖိုင်အရ ပြေးလွှားနေသော သေဆုံးသူ လူငယ်နောက်ကို ရဲတပ်ဖွဲ့ဘက်မှ လိုက်ပြေးဖမ်းခြင်းဖြစ်ပြီး ရဲနှစ်ဦးက ဖမ်းဆီးရမိအချိန်တွင် မြေပေါ် လှဲကျကာ ရဲတစ်ဦးမှ ၂ ချက်ခန့် ထိုးကြိတ်ပြီးနောက်  နောက်ထပ် ပြေးလာသည့်ရဲတစ်ဦး ထပ်မံ ရောက်ရှိချိန်တွင် လူငယ်၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် သေဆုံးခဲ့ရခြင်း လည်းဖြစ်သလို သေဆုံးသူလက်ထဲတွင် ပါရှိသည့် သေနတ်အစစ်နှင့် ဆင်တူသည့် သေနတ်အတုသာဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူ စောညမွေးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှတစ်ဆင့် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အကူအညီနှင့် မိဘနှင့်အတူ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်သည်မှာ ၉ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...