ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်သွားကြသည်။
တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများ၊ ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် ကိစ္စရပ်များကို အစိုးရ၏ ဆောင်ရွက်နေမှုအပေါ် KNPP ၏ သဘောထားကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ဒု-ဥက္ကဌ ခူဦးရယ်နှင့် တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။
မေး ။ ။ ဆရာတို့ သွားနေတဲ့ NCA လမ်းကြောင်း အခြေအနေလေး ဘယ်လိုရှိပါသလဲ။ ဆရာတို့ရဲ့ ဆွေးနွေးချက်တွေက NCA လမ်းကြောင်းပေါ်ကို ဘယ်လောက်ထိ ရောက်နေပြီလို့ ပြောနိုင်မလဲ။
ဖြေ ။ ။ အမှန်ကတော့ NCA ဆိုတာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ဖြစ်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်း နိုင်ဖို့ ဆောက်ရွက်နေဆဲ လက်ရှိနိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်အဆင့်ဆင့်တွေထဲက ကနဦးအဆင့် တစ်ခုသာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ဒီတိုင်းပြည်ကို လူမျိုး၊ ယဉ်ကျေးမှု၊ပြောဆိုတဲ့ ဘာသာစကားနဲ့ သမိုင်းကြောင်းမတူကြတဲ့ တိုင်းရင်းသားတွေက အကျိုးတူစီးပွားအလို့ငှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုအောက်မှာ အေးအတူ၊ပူအမျှ ယှဉ်တွဲနေထိုင်နိုင်ကြဖို့ အတူတကွ ပူးပေါင်းကြတည်ဆောက်ထားတဲ့ တိုင်းပြည်ပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ဒီလိုတန်းတူရည်တူယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံရေး ရေခံ၊မြေခံဖြစ်မလာဘဲ၊ ကြီးတဲ့သူတွေကဘဲ အမြဲတမ်းလွှမ်းမိုးအုပ်ချုပ်လာတဲ့ အခြေခံအောက်မှာ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရေးပြဿနာတစ်ခုလို အမြစ်တွယ်လာတာဘဲ ဖြစ်ပါတယ်။ NCA ဆိုတာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ဘဲ (Nationwide Ceasefire Agreement)ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက မတူကွဲပြားတဲ့ အခြေခံတွေကြောင့် တဖွဲ့ချင်းစီအနေနဲ့ (Bilateral agreements) သီးခြားအပစ်ရပ်စဲထားမှုတွေကနေ တနိုင်ငံလုံးလွှမ်းခြုံတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆီကို သွားနိုင်ဖို့ ဆောင်ရွက်တဲ့အဆင့်ဘဲ ဖြစ်ပါတယ်။ ဒါကလဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကဘဲ စတင်မူကြမ်းရေးဆွဲပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးလာခဲ့တဲ့ ဖြစ်စဉ်ဘဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ကောင်းပေမဲ့ မူကြမ်းကို ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ လိုအပ်မှုတွေကို အကုန်အစင် ညှိနှိုင်းသဘောတူညီမှုမရသေးခင်မှာဘဲ အဖွဲ့အခ့ျိုနဲ့ အစိုးရကနေ လက်မှတ်ရေးထိုးလိုက်တာကြောင့် ရှေ့သွားနောက်မညီသလိုဖြစ်ပြီး KNPP အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်တဲ့ အခင်းအကျင်းထဲကို မပါလာနိုင်သေးတဲ့အဆင့်မှာဘဲ ရှိနေပါသေးတယ်။ ဆိုလိုတာကတော့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်မှုလွှဲချော်နေသေးတာကြောင့် အသားကျအောင် ညှိနှိုင်းဆွေးနွေးရဆဲလို့ဘဲ ပြောရမယ်ထင်ပါတယ်။
မေး ။ ။ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာရော ဘယ်အချက်ကို ဆရာတို့ အကောင်အထည်ဖော်နေပြီလဲ။ ဘယ်အဆင့်ထိ လုပ်နိုင်ခဲ့ပြီလဲ။
ဖြေ ။ ။ တကယ်တော့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ်က ဘာအ ကြောင်းအရာမှ မပါပါဘူး။ ပါတာက ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအဆင့် မှာသာ အကောင်အထည်ဖော်ရမဲ့ သဘောတူညီချက်ပါတာ ဖြစ်ပါတယ်။ ဒီသဘောတူညီ ချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အသေးစိပ်ညှိနှိုင်းမှုနဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာဘဲ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ယှဉ်တွဲ ပြီး တခြားသော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးလာတဲ့အချိန်မှာ ဒီပြည်ထောင်စုအဆင့်သဘောတူညီချက်တွေဟာ အဖွဲ့တိုင်းနီးနီးလောက်ကို အကောင်အထည်ဖော်မှုတွေ လစ်ဟာသွားသလို ဖြစ်ခဲ့တာပါ။ ဒီသဘောတူညီချက်တွေကိုလဲ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရဲ့ နိဒါန်းမှာလဲ အတိအလင်းဖော်ပြထားတာက နှစ်ဖက်အကြားအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များကို ပိုမိုခိုင်မာစေရန်အတွက်သော်လည်းကောင်းဆိုပြီး ထည့်သွင်းထားပါတယ်။ ဆိုလိုတာကတော့ ဒီသဘောတူညီချက်တွေကိုလဲ တဆက်တစပ်တည်း အကောင်အထည်ဖော်ရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ KNPP အနေ နဲ့ NCA မရေးထိုးသေးပေမဲ့ ဒီသဘောတူညီချက်တခ့ျိုကို ပြန်ပီးလိုအပ်သလို အကောင်အထည်ပြန်ဖော်ဖို့ ညှိနှိုင်းနေရဆဲအဆင့်မှာဘဲ ရှိသေးတယ်လို့ဘဲ ပြောရမှာပါ။
မေး ။ ။ NRPC နဲ့ တွေ့ဆုံပွဲတွေ လုပ်နေတဲ့ အခါမှာရော ဆရာတို့ မျော်လင့်ထားတဲ့ ရလဒ်တွေ ရပါသလား။ ထွက်လာတဲ့ ရလဒ်တွေအပေါ် အားရကျေနပ်မှု ရှိပါသလား။
ဖြေ ။ ။ NRPC နဲ့ တွေ့ဆုံဆွေးနွေးနေတာတွေဟာ အဓိက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေး အတွက်ဘဲ ဖြစ်တော့ လိုအပ်မှုတွေကို ညှိနေရင်းကနေ ရင်းနှီးမှု၊ ယုံကြည်မှုတွေကို တည် ဆောက်ယူရတာအချိန်တခုတော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဖြစ်တည်နေတာ ကာလကြာမြင့်တဲ့အပြင် အပြန်အလှန်တွေ့ဆုံမှု၊ စကားပြောဆိုမှု၊ ရင်းနှီးမှု မရှိကြတာ နှစ်ချီပြီး ဖြစ်လာခဲ့တဲ့အပေါ်မှာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေအတွက် တည်ဆောက်နေဆဲဘဲ ဖြစ်တယ်။ တဘက်နဲ့တဘက်အကြားမှာ သံသယအတွေး၊ သံသယအမြင်တွေကလဲ ရှိနေသေးတဲ့ အနေအထားမျိုးပါ။ ဒါကြောင့် တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ တခုခုရလာလေနိုးနဲ့ ခိုင်မာတဲ့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု မရရှိသေးပေမဲ့ တဖြေးဖြေးနဲ့ အဲဒီဘက်ကိုတော့ ရွေ့နေပါတယ်လို့ဘဲ ပြောရပါမယ်။ မကြာခဏတော့ တွေ့ဆုံနိုင်တဲ့ ပါတ်ဝန်းကျင်လဲ ဖန်တီးဖို့ လိုတယ်ပေါ့။ စိတ်ရှည်သည်းခံမှုလည်း အရေးကြီးပါတယ်။ အချိန်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ဘဲ ဇွတ်တရွတ်သွားရင်လဲ ရေရှည်မှာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ခိုင်မာတဲ့ အဖြေတခုကို မရနိုင်ပါဘူး။ အစကောင်းမှ နှောင်းသေချာဆိုသလိုပေါ့။ အမှန်အားဖြင့် ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာ နှစ်ဘက်စလုံးက လက်ခံနိုင်ပီး လွတ်လွတ်လပ်လပ်နဲ့ စကားပြောနိုင်တဲ့ (neutral venue) ကြားနေရာမျိုးမှာ ပြုလုပ်တာကတော့ အကောင်းဆုံးပါ၊ ရလဒ်ကောင်းလဲ ပိုထွက်လာနိုင် တာပေါ့။
မေး ။ ။ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ တပ်စခန်းတိုးချဲ့တာတွေကို ဆွေးနွေးတဲ့အခါမှာရော အစိုးရ၊တပ်မတော်ဘက်က ဘာတွေလုပ်ပေးမယ်လို့ ပြောကြားသွားတာမျိုးရှိလား။ အဲ့ဒီကိစ္စမှာ အစိုးရ၊တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ၊ ဒီအပေါ်မှာ ဆွေးနွေးတာတွေရော ဆရာတို့ဘက်က အားရကျေနပ်မှုရှိလား။
ဖြေ ။ ။ ဆွေးနွေးမှုတိုင်းမှာ ဖြစ်ရှိနေတဲ့ ပြဿနာတွေကို ထည့်သွင်းဆွေးနွေးရတာရှိသလို အများနဲ့ အတူဖော်ဆောင်ရမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ကိစ္စတွေကို ယှဉ်ပြီး ဆွေးနွေးရတာလဲ ရှိပါတယ်။ ဘယ်အကြောင်းအရာမျိုးကိုဘဲ ဆွေးနွေးဆွေးနွေး၊ ဘယ်ဟာ ကို ဘယ်လိုအခြေအနေအောက်မှာ ဘယ်လိုဆောင်ရွက်မှ အဆင်ပြေမယ်၊ ဒီအခြေအနေ ဖြစ်မှ၊ ဒီအခြေအနေမှာတော့ အချိန်ယူညှိရအုန်းမယ်ဆိုတာမျိုးတွေတော့ မကြာခဏရှိ တတ်ပါတယ်။ ညှိနှိုင်းဆွေးနွေးအဖြေရှာတယ်ဆိုတာ တဘက်က တဘက်ကို လိုတာ တောင်းဆိုတာမျိုး မဟုတ်ဘဲ၊ အတူတကွ အဖြေရှာပြီး အကျိုးတူအတွက် ရှေ့ရှုရတာမျိုးပါ။ တခ့ျိုကိစ္စတွေမှာတော့ တဘက်သတ်ကျတာတွေရှိရင် ဒါကတော့ ဒီလို၊ဟိုလိုလုပ်ပေးမယ် ဆိုတာမျိုးတော့ ရှိတတ်ပါတယ်။ ဒီမှာတော့ အသေးစိပ်ဘာဖြစ်တယ်လို့ ပြောဖို့ ခက်ပါ တယ်။
မေး ။ ။ ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို ရှေ့လျောက် ဆက်လုပ်ဖို့ ရှိတယ်လို့ သိထားပါတယ်ရှင့်။ အဲ့ဒီမှာရော ပြည်နယ်အစိုးရနဲ့ ဘာတွေ အတူတူလက်တွဲ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ပြည်နယ်အဆင့် လစဉ်ဆွေးနွေးမှုမှာတော့ ပြည်နယ်အတွင်း ကျနော်တို့ဘက်က ပြည်နယ်အစိုးရနဲ့ ဘာတွေအတူလက်တွဲဆောင်ရွက်လို့ရသလဲဆိုတာမျိုးရှိသလိုဘဲ၊ ကျနော်တို့ဘက်ကနေ တသီးတခြား လူထုအကျိုးပြုလုပ်ငန်းတခ့ျိုဆောင်ရွက်လိုတာတွေလဲ ရှိပါတယ်။ အထူးသဖြင့်ကတော့ ပြည်နယ်အစိုးရကနေ မဆောင်ရွက်တဲ့၊ သို့မဟုတ် ဆောင်ရွက်ဖို့ ခက်ခဲနေတာတွေကို ကျနော်တို့က အစိုးရရဲ့ မူတွေကို ကျော်လွန်တာမျိုးမဟုတ်ဘဲ အပြင်အပကနေ ဖြည့်ဆည်းဆောင်ရွက်တာမျိုးလဲ ပါဝင်ပါတယ်။ ဥပမာပြောရရင် စာသင် ကျောင်းပြင်ပက ပညာရေးအစီအစဉ်တွေကို အခွင့်အရေး၊အခွင့်အလမ်းနည်းတဲ့ ကျောင်း သူ၊သားတွေအတွက် လုပ်ပေးတာ၊ တနိုင်တပိုင်ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ ပညာပေးအစီအ စဉ်တွေ၊ အခြေခံဗဟုသုတနဲ့ ပညာရပ်တွေ၊ စိုက်ပျိုးရေးအစီအစဉ်စတာတွေကို ပိုပြီး စဉ်း စားတာပါ။ အစီအစဉ်တော်တော်များများမှာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းရတာ အကန့်အ သတ်အတော်များနေဆဲပါ။ တခါတလေမှာ သူတို့က နိုင်ငံရေးအကျိုးအမြတ်ရှုဒေါင့်နဲ့ တွက် ပြီး ကန့်သတ်နေသလားလို့ အတွေးဝင်စေပါတယ်။ ကျနော်တို့ကတော့ လူထုအရေးကိုဘဲ ဦးစားပေးစဉ်းစားတာပါ။ လူထုတွေက ဘက်စုံအခက်အခဲတွေကြားမှာ ရုန်းကန်ရှင်သန်နေ ရဆဲပါ။ အတော်စိတ်မကောင်းစရာပါ။ သူတို့ဟာ အာဏာလွန်ဆွဲနေကြတဲ့ နိုင်ငံရေးအခင်း အကျင်းကြားမှာ မြေစာပင် ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။
မေး ။ ။ NCA လက်မှတ် ရေးထိုးနိုင်ဖို့အတွက်လည်း ဆွေးနွေးနေကြတယ်ပေါ့နော၊ တကယ်လို့ လက်မှတ်ထိုးမယ်ဆိုရင် ပြည်နယ်အရေး ပြဿနာတွေကို ဖြေရှင်းဖို့ လွယ်ကူလာမယ်လို့ ယူဆလို့ ရနိုင်မလား။ ဘာကြောင့်လဲ။
ဖြေ ။ ။ NCA ရေးထိုးလိုက်တာနဲ့ တချိန်တည်းမှာ ပြည်နယ်အတွင်းက ပြဿနာတွေ ဖြေရှင်းဖို့ လွယ်ကူလာမယ်ဆိုတာက ပြဿနာတခုချင်းစီရဲ့ ဖြစ်တည်မှုအပေါ် မူတည်ပါတယ်။ ပြ ဿနာတခ့ျိုက အဲဒါနဲ့ နှီးနွယ်နေတာ ရှိသလို၊ မပတ်သက်ဘဲ တသီးတခြား ဖြစ်ပျက် နေတာတွေလဲရှိတော့ အားလုံးသော ပြဿနာတွေ လွယ်ကူလာမယ်လို့ တထစ်ချမပြော နိုင်ပါဘူး။ အကြမ်းဖျင်းတော့ အတော်များများက ဖြေရှင်းဖို့ လွယ်ကူလာဖို့ ရှိပါတယ်။ ဒါကလဲ သက်ဆိုင်သူတွေအပေါ်မှာ မူတည်ပါတယ်။ လက်ရှိ လက်မှတ်ထိုးပီးသား အဖွဲ့ တွေရဲ့ အခြေအနေကိုဘဲ ကြည့်ရင် သိသာနိုင်ပါတယ်။ ရှိရင်းပြဿနာတွေ မပြေလည် တဲ့အပြင် အသစ်သော ပြဿနာတွေ ဖြစ်ပွားနေတာလဲ ရှိပါတယ်။ အားလုံးရဲ့ အခြေအ နေက မတူကြတော့ အဲသလိုဖြစ်မယ်လို့ ပြောလိုက်တာတော့ မဟုတ်ဘူးပေါ့။ ဖြစ်နေတာ ကိုဘဲ ပြောတာဖြစ်တယ်။
မေး ။ ။ လူထုကြား ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ သွားချပြပေးဖို့ကို NCA မထိုးသေးလို့ သွားလို့ မရဘူးဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ မတ်လမှာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့ သွားခဲ့ကြတာပဲလေ။ အခုက ဘာတွေ ကွာခြားမှု ရှိနေလို့လဲ၊ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ကနဦးနှစ်တွေကတော့ နှစ်ဖွဲ့ကြား အပစ်အခတ်ရပ်စဲထားသေးတဲ့ ကာလဖြစ်ပီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစပျိုးညှိနှိုင်းဆွေးနွေးဖို့အတွက် ပြင်ဆင်ခါစဘဲ ရှိ သေးတယ်။ ဒါတောင် တဖွဲ့နဲ့တဖွဲ့ရဲ့ သဘောတူညီချက်တွေနဲ့ အကောင်အထည်ဖော်မှုအစီ အစဉ်တွေက မတူတာတွေလဲ ရှိပါတယ်။ နောက်ပီး ဟိုတုန်းက အစိုးရရဲ့ အနေအထားနဲ့ မူတွေအပေါ်မှာလဲ မှီတည်တယ်လို့ သုံးသပ်ရမလိုပါ။ ငြိမ်းချမ်းရေးအပေါ်မှာ ထားရှိတဲ့ အစိုးရရဲ့မူနဲ့ ငြိမ်းချမ်းရေးအတွက် ချထားတဲ့ မူအပေါ်မှာလဲ မူတည်သလိုတော့ ရှိလိမ့်မယ်။ လက်ရှိအစိုးရကျတော့ ငြိမ်းချမ်းရေးစပြီး ဖော်ဆောင်ဖို့ လုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မှာ မပါဝင်ခဲ့လေတော့ အဆက်မစပ်မမိသလို ဖြစ်နေပြီး အစိုးရဖြစ်လာမှ သဘောတူညီ ထားတာတွေကို လမ်းခုလပ်မှာ ဝင်ပြီး အကောင်အထည်ဖော်ဖို့ ညှိရတာဆိုတော့ အဆီအ ငေါ့မတည့်သလိုတော့ ဖြစ်နေတယ်လို့ ပြောရမယ်နဲ့ တူပါတယ်။ နောက်ပီး လူထုကြား ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သွားရောက်ရှင်းလင်းချပြဖို့ ညှိတိုင်းမှာ အဆင်မပြေတာ တော့ အမှန်ဘဲ။ ကျနော်တို့ ဆောင်ရွက်မှုတွေအပေါ်မှာ အစိုးရက စိုးရိမ်နေပုံပါ။
မေး ။ ။ ဒီအစိုးရသက်တမ်းအတွင်းမှာ NCA ထိုးနိုင်ဖို့ အခြေအနေကို မျှော်လင့်ထားခဲ့ဖူးပါသလား။
ဖြေ ။ ။ ဒီအစိုးရလက်ထက်မှ မဟုတ်ပါဘူး။ စပြီး ဆွေးနွေးကတည်းက ဒီလိုမျှော်လင့်ချက်နဲ့ဘဲ ဆွေးနွေးလာတာဘဲလေ။ ဒါပေမဲ့ ပြေလည်လေနိုးနိုးနဲ့ ပြန်ပြီး အဆင်မပြေမှုတွေနဲ့ဘဲ ဆက်ခါဆွေးနွေးနေရတုန်းပါ။ ဟိုအစိုးရမှ၊ ဒီအစိုးရမှ လက်မှတ်ထိုးမယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးမှုအဆင်ပြေရင် အဆင်ပြေတဲ့အချိန်မှာ ထိုးမှာပါဘဲ။
မေး ။ ။ NLD အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်မှာ ဆရာ့အနေနဲ့ ဘယ်လို အကြံပြုတိုက်တွန်းချင်ပါသလဲ။
ဖြေ ။ ။ ကျနော်ထိတွေ့လာတဲ့ ဆွေးနွေးမှုကာလတစ်လျှောက်မြင်ရတာကို ပြောရယင် လက်ရှိအစိုးရမှာ အကန့်အသတ်တွေ များတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ မစိုက်ထုတ်ဘူး။ လူတွေလိုသလို တာဝန်မအပ်နှင်းတာမျိုးပေါ့။ နောက်ပီး အချိန်အလုံအလောက်ယူပြီး စနစ်တကျသွားနိုင်မဲ့ အခင်းအကျင်းမချထားဘူး။ သတင်းအချက်အလက်တွေ အစုံအလုံရှိမနေဘူး။ လူတွေနဲ့ အလုပ်တွေက ထပ်နေပြီး အချိန်မပေးနိုင်တာမျိုးလဲ တွေ့ရသလိုဘဲ။ ဒါ တွေက ဝေဖန်တာမဟုတ်ဘူး။ မြင်ရတဲ့ အမှန်အကန်တွေပါ။ ပါတီ၊အဖွဲ့အစည်းတွေ ကြား မှာလဲ အမြင်မတူတွေကလဲ ရှိသေးတယ်ပေါ့။ လုပ်ငန်းစဉ်ချမှတ်ရာမှာ စိတ်တူ၊ကိုယ်တူ၊ သဘောတူချမှတ်ဖော်ဆောင်တာမျိုး အလွန်နည်းတယ်။ တရွတ်တိုက်သွားနေသလိုဘဲ ခံ စားရတယ်။ ထပ်တူကျတဲ့ အမြင်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပေမဲ့ အတူတကွဖော်ဆောင်တဲ့ ဘုံအကျိုးတူကိစ္စတွေမှာတော့ အလျော့အတင်းလုပ်ပီး အဆင်ပြေမဲ့ ချဉ်းကပ်မှုနည်းလမ်း တွေနဲ့ အဖြေရှာမှုကို ဦးစားပေးသင့်တယ် ထင်ပါတယ်။ နောက်ပီး သက်ဆိုင်သူတွေအား လုံးရဲ့ ဆန္ဒရှိမှုနဲ့ စေတနာကလည်း အရေးကြီးပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ Joint ownership, joint process and win-win solution ရှာမယ်လို့ ပြောခဲ့ကြတာဘဲလေ။ မူနဲ့လူနဲ့ ညီဖို့လိုပါမယ်။
မေး ။ ။ အခုသွားနေတဲ့ လမ်းကြောင်းမှာ ဆရာတို့ဘက်က ဘာအခက်ခဲတွေ၊ စိန်ခေါ်မှုတွေကို ကြုံတွေ့ရပါသလဲ။
ဖြေ ။ ။အခက်အခဲ၊အကြပ်အတည်းတွေကတော့ အတော်များပါတယ်။ ဟိုဟာ၊ဒီဟာစတာတွေ ပြောရင်တော့ ပြဿနာကိုဘဲ ပိုပွားစေမလိုပါဘဲ။ ကျနော်တို့က မပြောလဲ မြင်နေ၊ကြားနေကြတာဘဲ ထင်ပါတယ်။ ဘာဖြစ်တယ်လို့ ပြောရင် လူတွေကြားမှာ ဒီအပေါ်မှာ အကောင်း ပြောမဲ့လူတွေထက် အပြစ်ပြောမဲ့သူတွေကလဲ များပါမယ်။ ဒါတွေက အမှန်အကန်ပကတိ အဖြစ်သနစ်ကို သိခွင့်မရှိတာ၊ မတွေ့ရတာ၊ မကြားရတာတွေကြောင့်ဘဲလို့ ပြောရမှာပါ။ တခ့ျိုကလဲ သိသိကြီးနဲ့ တမင်တကာပြောဆိုတာတွေလဲ ရှိနေမှာပါဘဲ။ ဒီတော့ ဘယ်သူ မှားတယ်၊မှန်တယ်ဆိုတာ ပြောရင် မဆုံးနိုင်ဘူးထင်ပါတယ်။
မေး ။ ။ ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး NRPC ဘက်က ဆွေးနွေးပိုင်ခွင့်တော့ မရှိဘူး။ အဖြေရှာကူမယ် ဆိုတာမျိုးတော့ ကြားသိထားရတယ်ပေါ့နော။ အဲ့ဒီအပေါ်မှာ ဆရာတို့ ဆန္ဒက NRPC ကို ဘယ်လိုမျိုး ဖြစ်စေလိုပါသလဲ။ ဒီဗိုလ်ချုပ်ကြေးရုပ်ကို ဘာဖြစ်စေချင်ပါသလဲ။ ဒီကြောင်းအရာတွေကို ဆွေးနွေးမှုအပေါ်မှာ ဆရာတို့ ဘယ်လောက်ထိ အားရကျေနပ်မှု ရခဲ့ပါသလဲ။
ဖြေ ။ ။ ဒီကိစ္စကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက ကိစ္စတခုအဖြစ် အစကတည်းက မပါခဲ့ဘူးဆိုပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးရတယ်ဆိုတာ မငြိမ်းချမ်းလို့ဆိုတဲ့ အဓိပ္ဗါယ်ဘဲ။ ဘာကြောင့် မငြိမ်း ချမ်းသလဲဆိုတာ မေးရမှာဘဲပေါ့။ မငြိမ်းချမ်းစေတဲ့ အချင်းအရာတွေ ရှိနေလို့ဘဲ မဟုတ် လား။ ငြိမ်းချမ်းအောင် ကြိုးပမ်းနေရင်းက မငြိမ်းချမ်းစေတဲ့ အရာတွေက ဝင်လာရင်တော့ သက်ဆိုင်သူတွေက ကိုင်တွယ်ဖြေရှင်းရစမြဲဘဲပေါ့။ ကြေးရုပ်ကိစ္စကို ဒီအစိုးရက ဆောင် ရွက်တာ အချိန်အခါသင့်၊ အချိန်အခါကောင်းမဟုတ်ဘူး။ ပုဂ္ဂိုလ်အကျိုးစီးပွားနဲ့ပတ်သက် နေသလိုတောင် ပြောရမလိုဖြစ်တယ်။ အစက မပါတ်သက်ခဲ့ပေမဲ့ ဒါဟာ သမိုင်းဆိုင်ရာ ကိစ္စမျိုး၊ အမျိုးသားရေးဆိုင်ရာ ကိစ္စမျိုးလိုတောင် ကူးစက်လာတယ်။ ဒီတော့ ကျနော်တို့လဲ လက်ပိုက်ကြည့်နေရတော့မလားလို့ မေးစရာရှိတယ်။ ကျနော်တို့တင်ကြိုပြီး အစကတည်းက အသိပေးမှုလုပ်ခဲ့ပါတယ်။ အလေးမထားသလိုဖြစ်လာတော့ ရေရှည်မှာ ဘာဖြစ်မယ်ဆို တာအတွက် စိတ်ပူပါတယ်။ လူမျိုးတိုင်းမှာ ဖြစ်တည်ရာ သမိုင်းကိုယ်စီရှိကြပါတယ်။ ဒါကို အပြန်အလှန်အသိအမှတ်ပြုဖို့ လိုတယ်၊ လေးစားကြဖို့ လိုတယ်။ ခုဟာက ဥပါယ်တမျှင် အပြုခံရသလို ဖြစ်တယ်။ လူမျိုးတိုင်းဟာ ကိုယ့်သမိုင်းကိုယ်စီရှိရင် ကိုယ့်သမိုင်းကိုလဲ သိဖို့လိုတာပေါ့။ သမိုင်းမသိရင်၊ သမိုင်းမရှိသလိုဘဲ ဖြစ်မှာဘဲ။ ဒီကြေးရုပ်တည်ထားလိုက်ရုံနဲ့ အစိုးရဂုဏ်တက်သွားမလား၊ ဘာအကျိုးဖြစ်ပေါ်မလဲဆိုတာလဲ ထည့်တွက်ဖို့ လိုတယ်၊ ဒါ ဟာ အစိုးရရဲ့မူမဟုတ်ဘူး၊ ညွန်ကြားထားတာ မရှိဘူးလို့ ပါတီခေါင်းဆောင်တွေကလဲ သတင်းတွေမှာ ပြောတာဘဲလေ။ ခုတော့ လူတမျိုးရဲ့ ဖြစ်တည်မှု သမိုင်းကို ချေဖျက်လိုတဲ့ သဘောဆောင်သလို အညိုးအတေးတွေ ပိုပွားအောင် ပြုမူနေသလို ခံစားရတာ အတော်ခက်တယ်။ တိုင်းပြည်အုပ်ချုပ်၊ မင်းလုပ်နေသူတွေက ပိုပြီး ခရုစိုက်ဖို့၊ အလေးထားဆောင်ရွက်ဖို့ လိုတာပေါ့။ အာဏာရှိတိုင်း ထင်ရာစိုင်းလို့ ရတယ်ဆိုတဲ့ အတွေးတွေက မူမရှိသူတွေနဲ့ တူတယ်။ အထူးသဖြင့် လူထုမဲဆန္ဒနဲ့ အစိုးရဖြစ်လာသူတွေပေါ့။ ပိုဆင်ခြင်ဖို့ လိုပါတယ်။ လူထုနဲ့ ဆန့်ကျင်တာ လုပ်နေရင်တော့ ရေရှည်မှာ လူထုနဲ့အတူ ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ တလောကဘဲ သံအမတ်တစ်ဦးက ကျနော်ကို ပြောတာရှိတယ်။ ခင်ဗျားတို့ ဗမာပြည်ရဲ့ လူ့အဖွဲ့အစည်းမှာ ထိုင်ခုံက သိပ်အခရာကျတယ်နော်တဲ့။ မဲပေးတဲ့ လူထုက တောင် လိမ်မာဖို့ လိုလာပီလို့ ပြောရတော့မယ်။ အင်္ဂလိပ်စကားပုံရှိပါတယ်။ Be nice to the people on your way up, because you will meet them on your way down တဲ့။ ဒီကိစ္စမှာ ဒီအစိုးရကို ဒီလိုလုပ်ပေးပါလို့ ပြောရင် လုပ်ပေးမှာမှ မဟုတ်ဘဲ။ အမှန်က တော့ ဒီလူငယ်တွေက ပြည်ထောင်စုစိတ်ဓါတ်ကို ဖျက်ဆီးရာရောက်အောင် လုပ်နေကြ တာမဟုတ်ဘူး။ ပြည်ထောင်စုစိတ်ဓါတ်လို့ပြောရင် ဘယ်ဟာကို ပြည်ထောင်စုစိတ်ဓါတ်လို့ ပြောမလဲဆိုတာ ကျနော်တို့အကြားမှာလဲ အငြင်းပွားစရာရှိပါတယ်။
မေး ။ ။ ဗိုလ်ချုပ်ကြေးရုပ်ရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်နေတဲ့ လူငယ်တွေ တရားရင်ဆိုင်နေရတဲ့အပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။
လက်ရှိလူငယ်တွေကို တရားစွဲဆိုထားတဲ့ ပုဒ်မဟာ လွဲနေတယ်လို့ ဥပဒေသမားတခ့ျိုက ထောက်ပြတာ ရှိပါတယ်။ ဥပဒေကို တလွဲအသုံးချနေတယ်။ အစိုးရဆိုတဲ့ လုပ်ပိုင်ခွင့်ကို ကိုင်စွဲပြီး မတရားပြုတယ်ပေါ့။ နောက်ပီး ဒီပုဒ်မနဲ့ အစိုးရတရားလိုပြု စွဲချက်တင်လို့ မရဘူးလို့လဲ ပြောကြပါတယ်။ ဒါဆိုရင် ဒီလူငယ်တွေကို ပုဂ္ဂိုလ်အညိုးအတေးဖွဲ့ပြီး လုပ်တာလားလို့ အတွေးရောက်စေတယ်။ လူငယ်ဆိုတာ အနာဂါတ်ခေါင်းဆောင်ဖြစ်တယ်လို့ ပြောကြတယ်။ ကျနော်အမြင်မှာတော့ ဒီလူငယ်တွေဟာ ကလေကချေတွေ မဟုတ်ပါဘူး။ လက်ရှိလူငယ်က ပြည်နယ်အစိုးရက လူတခ့ျိုထက်တောင် နိုင်ငံရေးရေချိန်မြင့်မားတွေ တွေ့ရပါတယ်။ သူတို့ဟာ တက်လူငယ်တွေ ဖြစ်တယ်။ လမ်းမှန်တည့်ပြီး လက်တွဲပေးရမှာ ဖြစ်တယ်။ နောက်ပီး အစိုးရကို ဆန့်ကျင်နေသူတွေလဲ မဟုတ်ဘူး။ လက်ရှိအစိုးရမဲအောင်နိုင် ရေးမှာတောင် ကိုယ်တိုင်ပါဝင်လှုပ်ရှားသူတွေဆိုတာ လူတိုင်းပြောစမှတ်ရှိတယ်။ ဒီလူငယ် တွေဟာ လူလည်တွေ မဟုတ်ကြပေမဲ့ (လူအ) တွေတော့ မဟုတ်ဘူး။ ငါ့နဲ့မတူ၊ ငါ့ရန်သူဆိုတာမျိုး ဖြစ်နေသလားပေါ့၊ အနာဂါတ်အတွက် လူငယ်တွေဘဲ ပိုင်စိုးကြမယ် မဟုတ်လား၊ ဒီလူငယ်တွေ အပါအဝင်ဘဲ မဟုတ်ဘူးလား၊ ကျနော်တို့ဟာ ထာဝရအာဏာကို ပိုင်စိုးထာမဲ့ သူတွေလဲ မဟုတ်ကြပါဘူး။ ငစောင်းသွားရင် ငစွေလာတာချည်းဘဲ မှုတ်ဘူး လား။ အစိုးရက အတော်ကို သဘောထားမကြီးတဲ့ပုံပါ။ ရေရှည်အရေးကိုလဲ သိပ်မကြည့်သလို ယူဆရမလိုဘဲ။ မလိုအပ်ဘဲနဲ့လဲ တရားရုံးချိန်းဆိုမှုတွေကလဲ အချိန်ကို တန်ဖိုးမဲ့စေတယ်။ ဥပဒေဟာ ပြည်သူအတွက် အကာအကွယ်ယူစရာလား၊ ကြောက်လန့်စရာလား မေးရမလို ဖြစ်တယ်။
မေး ။ ။ တပ်သိမ်းမြေယာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တည်ဆဲဥပဒေနဲ့ပဲ ဖြေရှင်းသွားမဲ့ အခြေအနေမှာရှိတယ်လို့ လောလောဆယ် ဆွေးနွေးထားကြတယ်လို့ သိရတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ ။ ။မြေယာကိစ္စနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ပြည်သူတွေကနေ အစိုးရကို တင်ပြတဲ့စာမိတ္တူ တစုံ ကျနော်ရရှိပါတယ်။ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ကြားဖြတ်တင်ပြ ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်က ရှုပ်ထွေးမှုရှိတယ်ဆိုတာမျိုးကို ကြားရပါ တယ်။ ပိုင်ဆိုင်မှုအပိုင်း၊ သိမ်းယူမှု၊ပြန်လည်စွန့်လွတ်မှုအပိုင်း၊ ဥပဒေဆိုင်ရာအပိုင်းနဲ့ ယှက်နွယ်ပါဝင်လာတဲ့ ပရောဂအပိုင်းဆိုတာမျိုးကို သုံးသပ်မိတယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာ ယုံကြည်မှုနဲ့ ဆက်ဆံရေးကောင်းစေချင်ပါတယ်။ အလားတူဖြစ်ရပ်က တပြည်လုံးတနှံတလွှားဖြစ်နေတဲ့ သဏ္ဍာန်ပေါ်ပါတယ်။ ပြည်သူတွေကလဲ ကာလစဉ်ဆက်လုပ်ကိုင်စားသောက်လာတဲ့ မြေယာ၊ ဒီမြေပေါ်မှာ လုပ်ကိုင်စားသောက်ခွင့်မရှိတော့ရင် အစားထိုးမြေက မရှိဆိုတော့ ရှင်သန်ရေးက စဉ်းစားစရာပါ။ နှစ်ဦးနှစ်ဖလှယ်အကျိုးဖြစ်စေပြီး မိတ်မပျက်၊ ဆက်ဆံရေးမပျက်စေတဲ့ ကြားလမ်းတစ်ခုတော့ တပ်မတော်ဘက်က စဉ်းစားသင့်တယ် ထင်ပါတယ်။
မေး ။ ။ တခြားသော တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ရော ဘယ်လိုမျိုးအတူတူ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုမျိုးလျှောက်လှမ်းကြဖို့ ရှိပါသလဲ။ ဘယ်လမ်းကြောင်းကနေ သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အခင်းအကျင်းဖြစ်ပါမှ အဆင် ပြေပါမယ်။ ဒီနေရာမှာ အားလုံးပါဝင်ရေးလို့ ပြောရင် အငြင်းပွားမှုအမြဲဖြစ်ပါတယ်။ တိုင်း ရင်းသားခေါင်းဆောင်တွေလို့ ပြောတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုဘဲ ရည် ညွန်းတယ်လို့ ထင်ပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ သဏ္ဍာန်အားဖြင့် မတူကြတော့ ပေမဲ့ တော်တည့်ပီး ကောင်းမွန်တဲ့ အဖြေရှာမှုအတွက်တော့ ကျနော်တို့ကြားမှာ အစဉ်အမြဲ ထိတွေ့မှုနဲ့ ညှိနှိုင်းမှုတွေတော့ ရှိပါတယ်။ တဖွဲ့ချင်းဖြစ်တည်မှုနဲ့ ကာလဒေသမတူညီတာ ကြောင့် အမြင်နဲ့ ရပ်တည်မှုတွေလဲ ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ပန်းတိုင်ကို သွားရာမှာတော့ ဘုံအမြင်တူကြပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်တဲ့ အဓိကကျောရိုး၊အခြေခံမူတွေကို စုစည်းပြီး အတူလျှောက်လှမ်းဖို့ ရှိပါတယ်။