ကရင်နှင့်ဖားစည်

ကရင်နှင့်ဖားစည်
by -
စ မနိုက်ဖေါင်/ကေအိုင်စီ
ဖားစည်ဆိုတဲ့တူရိယာဟာ ရှေးအကျဆုံး တူရိယာတစ်မျိုးဖြစ်ပြီး ကရင်တစ်မျိုးသားလုံးက အမြတ်တနိုး အားအထားဆုံး၊ အနှစ်သက်ဆုံး တူရိယာပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှုအမှတ်အသားအနေနဲ့ အသိအမှတ်ပြုထားပြီး ညီညွတ်မှုကို နှိုးဆော်ပေးတဲ့ အထိမ်းအမှတ်အဖြစ်နဲ့လည်း လက်ခံထားကြပါတယ်။ အသံသာယာတယ်။ ခန့်ညားတယ်။ ကြားရသူတိုင်း စိတ်နှလုံးကို တက်ကြွရွှင်လန်းစေတယ်။

ဖားစည်ကို ရှေ့ခေတ် ကရင်အမျိုးသားများက ဘယ်လောက် အမြတ်တနိုးတန်ဘိုးထားကြသလဲဆိုတာ ဖားစည်ပိုင်ရှင်တွေဟာ သူတို့သေဆုံးသွားတဲ့အခါမှာတောင် သူတို့ရဲ့အလောင်းနဲ့ အတူရောနှောမြှုပ်နှံမီးရှို့ကာ နောင်ဘဝအထိယူဆောင်သွားလိုကြတဲ့ ဆန္ဒရှိခဲ့ကြပါတယ်။ ရှေးခေတ်ကကရင်အမျိုးသားများနဲ့ ကရင်တို့ရဲ့အကြီးအကဲစော်ပွား၊ စော်ကဲ၊စခေါင်၊စောဖျာစတဲ့သူတို့ရဲ့အိမ်တိုင်းမှာ ထားရှိကြတယ်။ လူစုရာမှာပဲဖြစ်ဖြစ်၊ မင်္ဂလာအခမ်းအနားမှာပဲဖြစ်ဖြစ်၊ အမင်္ဂလာအခမ်းအနားတွေမှာပဲဖြစ်ဖြစ် တီးခတ်အသုံးပြုကြလေ့ရှိတယ်။

အယူသည်းသူတချို့က ဖားစည်ကို ကိုးကွယ်စရာအနေနဲ့ နတ်များကို ပသပူဇော်ကြတဲ့ပုံစံလိုမျိုး တနှစ်တကြိမ်ကြက်၊ဘဲ၊၀က်၊အရက်စတာတွေနဲ့ ပသကြပြီးရှိခိုးပူဇော်ကြတဲ့ အထိစွဲလမ်းမြတ်နိုးကြတယ်။ အချို့ဆိုရင် ဖားစည်ကိုပက်လက်လှန်ထားကြပြီး အဲဒီဖားစည်ရဲ့ ၀မ်းခေါင်းအထဲမှာ ဆန်များကိုထည့်ပြီးစားမယ်ဆိုရင် အစားခံတယ်။ရောဂါကင်းတယ်။ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေတယ်လို့ အယူစွဲကြတာတွေ့ရှိရပါတယ်။

ဖားစည်ကို အင်္ဂလိပ်ဘာသာဝေါဟာရမှာ KAREN BRONZE DRUMS လို့ ခေါ်တယ်။ နောက်အမေရိကန် ခရစ်ယာန်သာသနာပြု ဒေါက်တာမေဆင်ကတော့ ဖားစည်ကို KYEE ZEES လို့လည်း ခေါ်ပေးခဲ့ပါတယ်။ပိုးကရင်တွေက “ကလူး”လို့ခေါ်ပြီးစဝေါ် (စကော)ကရင်တွေက “ကလို”လို့ခေါ်တယ်။ ဗမာစတဲ့အခြားတိုင်းရင်းသားတွေက အဲဒီစည်ရဲ့မျက်နှာမှာ ဖားရုပ်အထူးတပ်ဆင်ထားတာကို အစွဲပြုပြီးတော့ “ဖားစည်”လို့ခေါ်ကြတာဖြစ်တယ်။

KIC141

ကရင်ဘာသာလိုခေါ်တဲ့ “ကလူး”ကို ကရင်တမျိုးသားလုံးက တညီတညွတ်နဲ့ပဲခေါ်ကြပြီး အသံအနိမ့်အမြင့်နဲ့ ဒေသအလိုက် အသံဝဲသွားတာပဲ ကွာခြားတာတွေ့ရပါတယ်။ “ဖား”ကိုကရင်တွေက “ဒေး”၊ “ဒီး”လို့ခေါ်ပြီးအဲဒီ “ကလူး”ကို“ဒေး”ဒါမှမဟုတ်“ဒီး”လို့ မတွဲသုံးဘဲ ဘာအဓိပ္ပါယ်နဲ့တွဲစပ်ခေါ်သလဲဆိုတာ အခုထိအတိအကျတော့ မသိရသေးပါဘူး။

ဖားစည်ကိုကရင်အခေါ် “ကလူး” ရဲ့အဓိပ္ပါယ်နဲ့ပတ်သတ်ပြီး ကရင်ရိုးရာဓလေ့အကြောင်းကို စာရေးသားလာခဲ့တဲ့ ဆရာမန်း လင်းမြတ်ကျော်ရဲ့ပြောကြားချက်အရ “ကလူး” ရဲ့အဓိပ္ပါယ်က “ရတနာ”လို့ဆိုပါတယ်။

ဖားစည်ကို အရှေ့တောင်အာရှတိုက်မှာ ဘီစီ၆ရာစုမတိုင်ခင်က စတင်အသုံးပြုလာကြပြီး ဗီယက်နမ်နိုင်ငံမှာ တူးဖေါ်ရရှိခဲ့တဲ့ဖားစည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်တယ်လို့ သုတေသီများကဆိုပါတယ်။ကရင်မျိုးနွယ်ဝင်ဖြစ်ကြတဲ့ လူမျိုးတွေက အာရှတိုက်ရဲ့နေရာအနှံ့မှာ နေထိုင်လာကြတဲ့နည်းတူ အဲဒီနေထိုင်ရာနေရာတိုင်းမှာ ဖားစည်တွေကို တွေ့ရပါလိမ့်မယ်။

ဗမာ၊တရုတ်ပြည်နယ်စပ်၊ထိုင်း၊မွန်ဂိုလီးယား၊လော၊ကမ္ဘောဒီးယားနဲ့အင်ဒိုနီးရှား၊ဗီယက်နမ်စတဲ့နိုင်ငံတွေမှာတွေ့ရပါတယ်။
ဖားစည်မူလပေါ်ပေါက်ရာနေရာက ကမ္ဘောဒီးယားမှာဖြစ်တယ်လို့ မန်းနဲစန်(ဘားအံ)ရေးသားထားတဲ့ “ကရင့်ဖားစည်”စာအုပ်ရဲ့ စာမျက်နှာ၁၃၊ပထမစာပိုဒ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဖားစည်ကိုရှေးခေတ်တုန်းက ကရင်လူမျိုးများကိုယ်တိုင် သွန်းလုပ်နိုင်ခဲ့တာ အထောက်အထားနဲ့အတူ ပြောဆိုခဲ့ကြတယ်။ကရင်အနွယ်ဝင်များဖြစ်တဲ့ “စဝေါ်ကရင်၊ကယား၊ပိုး၊ဘွဲ၊ပကူး” စတဲ့မျိုးနွယ်စုတို့က သူတို့ကိုယ်တိုင် သွန်းလုပ်ခဲ့ကြဘူးကြောင်း အဆိုရှိခဲ့တယ်။ယခုအချိန်မှာ ကယားလူမျိုးစုမှလွဲလို့ ဖားစည်သွန်းလုပ်တဲ့ အတတ်ပညာ ကွယ်ပျောက်လုနီးပါးဖြစ်နေပါပြီ။ အဲဒီကယားရဲ့ကန္တာရဝတီနယ်မှာတောင် ဖားစည်သွန်းလုပ်တဲ့လုပ်ငန်း မရှိသလောက်ဖြစ်ပြီး အကြောင်းကတော့ သွန်းလုပ်နိုင်တဲ့ပညာရှင်တွေက နည်းပါးသွားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖားစည်ကို ကြေးနီအပါအဝင်အခြားသတ္တုဖြစ်ကြတဲ့ငွေ၊ ဘော်၊ရွှေ၊သွပ်၊ခဲတို့နဲ့အချိုးအစပ်ကျကျရောစပ်ပြီး သွန်းလုပ်တယ်လို့ ရှေးကရင်ပညာရှင်များက ဆိုပါတယ်။ ငွေနဲ့ရွှေတို့ကိုတော့ စတိအနေနဲ့ထည့်ပေးတဲ့ သဘောလို့ဆိုပါတယ်။ ဖားစည်မျက်နှာပြင်အချင်း သို့မဟုတ် အဝိုင်းမှာ ၁၈လက်မမှ၃၀လက်မအထိ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မျက်နှာပြင်မှာ နေရောင်ခြည်က အလယ်ဗဟိုပြုပြီး ရစ်ပတ်ထားတဲ့စက်ဝိုင်းက (၇)ခုက(၉)ခုအထိရှိပါတယ်။

ဖားစည်မှာပါရှိတဲ့ အမှတ်အသားတွေကတော့ ဖားရုပ်ကိုအဓိကထားပြီးဆင်၊ခရု၊ငှက်၊ငါး၊နေရောင်ခြည်နဲ့ ပန်းစတဲ့အရုပ်တွေနဲ့ ပြုလုပ်ပြီး သွန်းလုပ်ကြပါတယ်။ အဲဒီအရုပ်တွေက တခုချင်းစီမှာ အဓိပ္ပါယ်ရှိကြတယ်လို့ ဆိုပါတယ်။ဒီအရုပ်တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကတော့ ဖားကကုန်းနေ-ရေနေသတ္တာဝါဖြစ်တော့ ကုန်းမှာဖြစ်စေ၊ရေမှာဖြစ်စေသွားလာကျက်စားနိုင်ပြီး ကုန်းမြေပိုင်ရှင်၊ရေနယ်ပိုင်ရှင်အဖြစ် ကြီးပွားတိုးတက်စေတယ်လို့ဆိုလိုပါတယ်။ ဆင်ရုပ်ရဲ့သဘောကတော့ ကုန်းနေသတ္တဝါတွေမှာ အင်အားအကောင်းဆုံးဖြစ်တယ်။ လူသတ္တဝါတွေကို ကျေးဇူးပြုတဲ့ တနာတစ်ပါးဖြစ်တယ်။ အဲဒါကြောင့်ဖားစည်ပိုင်ရှင်ဟာ ဥစ္စာဓနသြဇာတိက္ကမ အင်အားအကောင်းဆုံး သူဖြစ်ပြီး လူသားတွေကို ကျေးဇူးပြုနိုင်တဲ့သူဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ခရုကတော့ ကုန်းရေနှစ်ခုစလုံးမှာ ကျက်စားသွားနိုင်တဲ့ သတ္တဝါဖြစ်တဲ့အတွက် မင်္ဂလာယူတဲ့အခါမှာ ခရုသင်းကိုမှုတ်ပြီး အသုံးပြုသလို ဖားစည်ပိုင်ရှင်လည်း အဲဒီဖားစည်ကိုတီးခတ်ခြင်းအားဖြင့် ခရုသင်းမှုတ်သလို မင်္ဂလာနဲ့ပြည့်စုံနိုင်တယ်လို့ဆိုလိုပါတယ်။ ငှက်နဲ့ငါးတို့မှာလည်း ရေနဲ့ကောင်းကင်ယံကို ကိုယ်စားပြုထားပြီး ဖားစည်ကိုပိုင်တဲ့သူဟာ ကုန်းရေထက်မက အထက်ဘဝဂ်သို့ သြဇာကျော်ဇောမှုတွေရရှိနိုင်တယ်လို့ အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။ နေရောင်ခြည်နဲ့ ပန်းအရုပ်မှာတော့ နေရောင်ခြည်ရဲ့သဘောက ရဲရင့်တောက်ပပြီး အလင်းရောင်ကိုပေးစွမ်းနိုင်သလို သစ်ပင်ပန်းမာလ်များက မှီရာသြကာသလောက သဘောဆောင်စေတယ်။

ဖားစည်အမျိုးအစားတွေမှာတော့၁။ကြန်စုံမင်္ဂလာဖားစည်(ဖားစည်မ)၂။အမင်္ဂလာဖားစည်နဲ့၃။စစ်ထွက်ဖားစည်(ဖားစည်ဖို) ဆိုပြီးသုံးမျိုး ရှိကြပါတယ်။

ဖားစည်ရဲ့မျက်နှာပြင်မှာ ဖားရုပ်၄နေရာခွဲခြားသွန်းလုပ်ထားပြီး အဲဒီဖားရုပ်တွေက တစ်ကောင်နဲ့တစ်ကောင် လိုက်နေကြတဲ့ပုံစံ ဖားရဲ့မျက်နှာက လက်ယာရစ်လှည့်ထားတာကို ကြန်စုံမင်္ဂလာဖားစည်(ဖားစည်မ)သို့မဟုတ် ဖားစည်အေးလို့ခေါ်ပါတယ်။ ကြန်စုံမင်္ဂလာဖားစည်ကို တီးခတ်လိုက်ရင် အသံသာယာပြီး ကြားရသူတိုင်းကို ရွှင်လန်းစေပါတယ်။ အထူးသဖြင့် မင်္ဂလာအခမ်း အနားတွေ၊လက်ထပ်ထိမ်းမြားပွဲတွေ၊ပွဲလမ်းသဘင်တွေ၊ ပူဇော်ပသပွဲတွေမှာ တီးခတ်အသုံးပြုလေ့ရှိကြပါတယ်။

အမင်္ဂလာဖားစည်ကဖားရုပ်တွေက လိုက်နေကြတဲ့ပုံစံမဟုတ်ဘဲ တစ်ကောင်နဲ့တစ်ကောင် မျက်နှာချင်းဆိုင်ရန်စောင်နေတဲ့ သဘောမျိုးဖြစ်တယ်။ အသုဘကိစ္စတွေ၊ အရိုးကောက်ပွဲတွေ၊ သတင်းဆိုးကိစ္စရပ်တွေ၊ ဘေးအန္တရာယ်ကျရောက်မယ့်အချိန်တွေမှာ တီးခတ်လေ့ရှိတယ်။ အကြောင်းမဲ့တီးခတ်ပါက ရွာသူရွာသားများသေကြေပျက်စီးတတ်တယ်လို့ ယူဆကြပါတယ်။

စစ်ချီဖားစည်(ဖားစည်ဖို)ကတော့ ကြန်စုံမင်္ဂလာဖားစည်(ဖားစည်မ)ပုံစံနဲ့မတူဘဲ ဖင်ပိုင်းမှာ တစ်ဝက်ပဲပါရှိပါတယ်။ ရိုးရိုးပြောရရင် ကြန်စုံမင်္ဂလာဖားစည်(ဖားစည်မ)ကို တစ်ပိုင်းဖြတ်ထားတဲ့ ပုံစံလိုမျိုးဖားစည်တစ်ပိုင်းပုံဖြစ်တယ်။ ဒါပေမယ့်လည်း အဲဒီစစ်ထွက်ဖား စည်ရဲ့မျက်နှာပြင်မှာက ဖားရုပ်မပါဘဲပြောင်ရှင်းနေပါတယ်။ ကိုယ်ထည်ဗျက်တိုပြီး လွယ်ကူပေါ့ပါးစွာနဲ့ သယ်ဆောင်သွားလာနိုင်တယ်။ ထူးခြားချက်က အသံမသာဘူး။ အသံမြည်ဟိန်းထွက်တာကြောင့် အရေးပေါ်လူစုဖို့၊စစ်ချီဖို့အချိန်၊တပ်လှန့်အချက်ပေးဖို့နဲ့ စစ်အောင်ပွဲတွေမှာ တီးခတ်လေ့ရှိပါတယ်။

ဖားစည်ကို အာဏာရှိသူတွေက ပိုင်ဆိုင်ရာ အဆောင်အယောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဖားစည်တစ်လုံးပိုင်ဆိုင်ခြင်းက တစ်ရာ၊တစ်ထောင်ပိုင်ဆိုင်ခြင်းထက် ကောင်းတယ်လို့ဆိုထားပါတယ်။ ကရင်တွေအတွက် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် လက်ထပ်ရာမှာ သတို့သားကသတို့သမီးအတွက် လက်ဆောင်အနေနဲ့ ပေးလေ့ရှိတယ်။ ရန်ပွဲတွေငြိမ်းစေဖို့ ဖားစည်ပေးတာတွေ၊ ကြေးကျွန်တွေနဲ့လဲလှယ်တာတွေ၊ ကုန်ပစ္စည်းတွေနဲ့လဲလှယ်တာတွေ၊ လုပ်ခအနေနဲ့ပေးတာတွေ၊အမွေပစ္စည်းအနေနဲ့လည်း ပိုင်ရှင်တွေက သားသမီးတွေကို ပေးအပ်တာတွေပြုလုပ်ပေးလေ့ရှိတယ်။

ယခုအချိန်မှာတော့ ဖားစည်တွေဟာရှားပါးလာပြီး လက်ဝယ်ထားရှိနိုင်သူ အနည်းငယ်လောက်ပဲရှိတော့တယ်။ ယခုလူငယ်များလည်း မိဘဘိုးဘွားတွေက ဖားစည်အကြောင်းအရာနဲ့အသုံးပြုပုံ၊ တန်ဖိုးထားလာခဲ့ပုံတွေကို နားလည်စေချင်တဲ့စေတနာနဲ့ ရေးသားဖော်ပြခြင်းဖြစ်တယ်။ ယခုခေတ် ကရင်လူငယ်မျိုးဆက်သစ်တွေအနေနဲ့ မိမိတို့အမျိုးသားရိုးရာတူရိယာဖြစ်တဲ့ ဖားစည်အကြောင်းကို သိရှိလာပြီးနောက် ကွယ်ပျောက်တိမ်ကောပြီး တိုင်းတစ်ပါးသို့ရောက်မသွားလေအောင် ယဉ်ကျေးမှုအမွေအနှစ်ထဲကတစ်ခုဖြစ်တဲ့ ဖားစည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ကရင်ပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ရှိပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါတယ်။

Most read this week

August 20, 2024
ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ...
July 19, 2024
“အိုး မြောက်ပိုင်းလမ်း ….. မူဆယ်၊ နမ့်ခမ်းလမ်း သြော် မြောက်ပိုင်းလမ်း ကျနော်လေ ရွှေဖီချိန်ခါ...
July 13, 2024
ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးများ အနေဖြင့် မီးယပ်ဆိုင်ရာ ဝေဒနာ တစ်ခုခု ခံစားခဲ့ပါက...
July 13, 2024
နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်သည့်အတွက် အိမ်မရှိတော့သော်လည်း မီးလောင်ပုံသာကျန်ရှိသည့်...