" ချယ်ရီပင်အောက် ထာဝရနားခိုသွားချင်တဲ့ သျှမ်းတေးသံရှင် စိုင်းဆိုင်မောဝ်”

" ချယ်ရီပင်အောက် ထာဝရနားခိုသွားချင်တဲ့ သျှမ်းတေးသံရှင် စိုင်းဆိုင်မောဝ်”

“အိုး မြောက်ပိုင်းလမ်း ….. မူဆယ်၊ နမ့်ခမ်းလမ်း သြော် မြောက်ပိုင်းလမ်း ကျနော်လေ ရွှေဖီချိန်ခါ လက်ဖက်ပေါတဲ့အခါမှာ ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဘက်ကို ကုန်တင်ကာသွားတယ် …… လမ်းတွေက ဆိုးဆိုး… ချိုင့်တွေက ပေါ….” ဆိုတဲ့ သီချင်းဟာ ခုခေတ်ထိ နာမည်ကြီးနေဆဲပါ …..

ဒီလိုနာမည်ကြီးတဲ့ တေးသီချင်းကို မူရင်းသီဆိုခဲ့တဲ့ နိုင်ငံကျော် တေးရေး၊ တေးဆို စိုင်းဆိုင်မောဝ် (ၸၢႆးသၢႆမၢဝ်း) ဟာ မနေ့က (ဇူလိုင်လ ၁၇ ရက်) ည ၇ နာရီ ၁၅ မိနစ်အချိန်မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ “ကောင်း” ဆေးရုံကြီးမှာ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

စိုင်းဆိုင်မောဝ် ကွယ်လွန်ချိန်မှာ အသက် (၇၇) နှစ်အရွယ်ရှိပါပြီ။

“ရန်ကုန်က ဆေးရုံမှာပဲ ဆုံးသွားတယ်။ ကြားရတာတော့ အိမ်ကို မပြန်တော့ဘဲနဲ့ ဆေးရုံကနေပဲ သုဿာန်ကို သွားချမယ်။ ပေါ့ပေါ့ စိုင်းဆိုင်မောဝ်ရဲ့ သဘောထားကတော့ သူဆုံးသွားပြီးနောက် သူ့ရဲ့အရိုးပြာကို သျှမ်းပြည်ထဲက ချယ်ရီပင်အောက် တစ်နေရာမှာ သွားမြှုပ်ပေးဖို့ မှာခဲ့တယ်”လို့ စိုင်းဆိုင်မောဝ် မိသားစုနဲ့ နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

နိုင်ငံကျော် သျှမ်းတေးရေးတေးဆို အနုပညာရှင် စိုင်းဆိုင်မောဝ်ရဲ့ ဈာပန အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်မှာ ရေဝေးသုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမှာပါ။ ဇူလိုင်လ ၂၃ ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ နေအိမ်မှာ ဆွမ်းသွတ်တရားနာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ပီဆိုင်မောဝ်က မိသားစုကိုလည်း ချစ်တတ်တဲ့သူဖြစ်တယ်၊ ပြီးတော့ သူက သျှမ်းပြည်မှာပဲ နေရတာ ကြိုက်တဲ့သူ ဖြစ်တယ်။ ကျမအတွက် ဆရာတစ်ယောက်လည်းဖြစ် လေးစားချစ်ခင်ရတဲ့သူလည်း ဖြစ်တယ်။ သျှမ်းပြည်ကော မြန်မာတနိုင်ငံလုံးအတွက်ကော ဝမ်းနည်းစရာ နှမျောစရာ ဆုံးရှုံးမှုလို့ ပြောလို့ရတယ်”လို့ စိုင်းဆိုင်မောဝ်ရဲ့ ဇနီးဟောင်းဖြစ်သူ လောဝ်လောဝ် က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်ကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ သျှမ်းပြည် မူဆယ်မြို့က အဖ လုံးစိုင်းဘခိုင်နဲ့ အမိ ပါ့နန်းအေးစိန် တို့မှ မွေးဖွားခဲ့ပြီး နာမည်ကြီး သျှမ်းတေးရေး စိုင်းလောဝ်ဆိုင် အပါအဝင် မွေးချင်းမောင်နှမ ၆ ယောက်ရှိပါတယ်။

ငယ်အမည်ရင်းမှာ စိုင်းညွန့်မောင် ဖြစ်ပြီး မူဆယ်မြို့တွင် ပဉ္စမတန်းအထိသင်ကြားခဲ့ပြီး တောင်ကြီးမြို့ အမှတ် ၄ အထက်တန်းကျောင်းမှာ ၁၀ တန်းအထိ ကျောင်းတက်ရောက် ပညာသင်ကြားခဲ့ပါတယ်။

အနုပညာကို ချစ်နှစ်သက်သူတစ်ဦးဖြစ်တဲ့အတွက် အသက် ၁၄ နှစ်အရွယ်မှာ တေးသီချင်းလောကထဲ စတင်ခြေလှမ်းခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်နှင့် စိုင်းထီးဆိုင်တို့ ပထမဆုံး စင်ပေါ် သီချင်းသီဆိုခဲ့တာ သျှမ်းပြည် ကလောမြို့မှာလို့ သိရပါတယ်။ နောက်ပိုင်း တောင်ကြီးမြို့ လူငယ်ရေးရာပွဲမှာ “မတွေ့ကြရင် အကောင်းသား” သီချင်းဖြင့် မြန်မာသီချင်းတွေကို စင်ပေါ် စတင်ဖျော်ဖြေခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာတော့ စိုင်းဆူမ်ယုဒ် (ၸၢႆးသူမ်ယူတ့်) အမည်ဖြင့် တောင်ကြီးမြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တို့တွင် တေးသီချင်းများ စတင်အသံသွင်း သီဆိုခဲ့ပါတယ်။

၁၉၇၃ ခုနှစ်တွင် ဇာတိမွေးရပ် မူဆယ်၊ နမ့်ခမ်းက ထုန့်မောဝ်ဒေသနဲ့ ရွှေလီမြစ် (နမ့်မောဝ်)ကို အစွဲပြုပြီး စိုင်းဆိုင်မောဝ် လို့ အမည်ပြောင်းလဲကာ ရန်ကုန်မြို့ မြန်မာ့အသံ သျှမ်းတိုင်းရင်းသား အစီအစဉ်တွင် နန်းနွမ်မောဝ်နှင့်အတူ တေးသံသွင်း ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာသီချင်း တေးစီးရီးပေါင်း ၃၀ ကျော်နဲ့ သျှမ်းတေးစီးရီး ၄၀ ကျော် စုစုပေါင်း တေးအယ်လ်ဘမ် ၇၀ ကျော် ထွက်ရှိခဲ့ပြီး သျှမ်း၊ မြန်မာ ပရိတ်သတ်များ တခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်မှ ချီးမြှင့်တဲ့ “သျှမ်းအနုပညာရှင်ထူးချွန်ဆု”ကို လက်ခံရရှိခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်ရဲ့ ဇနီးသည်အဖြစ် နန်းမိုးမိုးအေး၊ နန်းမွေနွမ်ဖောင်၊ နန်းမောက်စံခမ်း၊ နန်းလောဝ်လောဝ် (ခ) ပူစပါး၊ နန်းခေးလားမိုးတို့နဲ့ အိမ်ထောင်ဆက် ရှိခဲ့ပြီး သားသမီး (၇) ယောက်၊ မြေး (၁၀) ယောက် ကျန်ရှိခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်ရဲ့ နာမည်ကျော် တေးသီချင်းတွေဖြစ်တဲ့ “ တရွာသားနဲ့ ပုဝါပါး”၊ “ချယ်ရီသက်သေ မောင့်မျက်ရည်”၊ “ စိုင်းချစ်တဲ့ရတနာ”၊ “တောင်ပြာတန်းက သိတယ်”၊ “ မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ”၊ “ရှမ်းပဲပုပ်လေးကျနော်”စတဲ့ သီချင်းတွေက လူကြီးလူငယ်မရွေး ခေတ်အဆက်ဆက်ထိ လွှမ်းမိုးနေဆဲပါ။

ဒါ့ကြောင့် အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ တေးသီချင်းတွေဟာ အရွယ်သုံးပါးမရွေး ပြည်သူတွေရဲ့ ရင်ထဲမှာ စွဲထင် ကျန်ရစ်နေအုံးမှာ မလွဲဧကန်ပါ။

September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...