သံတွဲမြို့ လေကြာင်းဗုံးကြဲခံရမှု စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး

သံတွဲမြို့ လေကြာင်းဗုံးကြဲခံရမှု စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွင် ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“မြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို လာပြီးဗုံးကြဲသွားတာ။ အဲဒီနေရာမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတာပါ။ ဒါကြောင့် အခုလို စစ်ဘေးရှောင်တွေ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိသွားတာ” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။  

ဒဏ်ရာရရှိသူများမှာ အရေးပေါ်ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ရှိနေသည်။

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က စက်တင်ဘာလ ၅ ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း မကြာခဏ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေ၍ အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးနေရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၃ ရက်တွင် သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာမှ ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားခဲ့ပြီး၊ စက်တင်ဘာ ၃ ရက်ကလည်း ဆင်ခေါင်းကျေးရွာမှ ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက “အခုလိုမျိုး အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတာက အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်သလို ဂျနီဗာကွန်ဗေးရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် လေကြောင်းမှတစ်ဆင့် စစ်ဘက်၊ အရပ်ဖက်မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။

DMG က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းအရ ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အရပ်သား ထိခိုက်သေဆုံးမှု ၈၀ ခန့်အထိ ရှိနေသည်။ 

Most read this week

September 26, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက်...
September 25, 2024
ရခိုင်စစ်မျက်နှာတွင် အရေးမလှဖြစ်နေသော စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် သီးခြားတည်ရှိသည့်...
September 24, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီ၏...
September 24, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ယခုလအစပိုင်းကနေ...