စစ်ဘေးရှောင်အမျိုးသမီးများကိုမီးယပ်ဆိုင်ရာ ဝေဒနာ ကင်းဝေးစေလိုသူ ကိုခုပ်ဘွေ့

စစ်ဘေးရှောင်အမျိုးသမီးများကိုမီးယပ်ဆိုင်ရာ ဝေဒနာ ကင်းဝေးစေလိုသူ ကိုခုပ်ဘွေ့

ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးများ အနေဖြင့် မီးယပ်ဆိုင်ရာ ဝေဒနာ တစ်ခုခု ခံစားခဲ့ပါက ကလေးမြို့ ZYA (Zomi Youth Association) ရုံးချုပ်တွင် စာရင်းပေးသွင်းကြပါရန် ပန်ကြားသည့် post တစ်ခု Facebook ပေါ်တွင် တက်လာခဲ့သည်။

ပိုစ့်ပိုင်ရှင် သည် ZYA ခေါ် ဇိုမီးလူငယ်များအသင်း၏ ဥက္ကဌ တာဝန် ထမ်းဆောင်နေသူ ကိုခုပ်ဘွေ့ (Khupboih) ခေါ် Vungh Za Khup ဖြစ်သည်။ ZYA အသင်းသည် နာမှုကူညီရေး နှင့် သွေးလှူဒါန်းမှုကို နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက် လာခဲ့သည့် လူမှုရေးအသင်းဖြစ်သည်။  အသင်း စတင်ထူထောင်သူများထဲတွင် ကိုခုပ်ဘွေ့ကိုယ်တိုင် ပါဝင်ခဲ့ပြီး သူသည် ယခု အချိန်ထိ အသင်းအတွက် အကြိမ်ပေါင်း ၁၈ကြိမ် တိတိ သွေးလှူဒါန်းခဲ့ဖူးသူလည်း ဖြစ်သည်။

“ကျွန်ုပ်အနေနှင့် ဆေးဖိုး အထိတော့ ပေးလှူ နိုင်တဲ့ အဆင့်တော့ မရှိဘူး။ ကျွန်တော် လုပ်ပေးနိုင်တဲ့ အပိုင်းကို တော့ လုပ်ပေး ချင်တယ်။ အနည်းဆုံး ဆရာဝန်ရဲ့ လူနာကြည့်ခ ကို စရိတ်ငြိမ်း နှင့် လုပ်ပေး နိုင်ဖို့ ကြိုးစား ချင်တာပါ။ စစ်လည်းရှောင်ရ၊ လူကြားထဲ မပြောကောင်းတဲ့ မီးယပ် ဆိုင်ရာ ဝေဒနာတွေ ခံစားရ၊ မိသားစု အတွက် အိမ်မှုကိစ္စပါ လုပ်ရတဲ့ အမျိုးသမီးတွေကို တတ်နိုင်သလောက် ကူညီချင်လို့ အခုလို လုပ်ဖြစ်တာပါ” လို့ အခုလို စစ်ရှောင်အမျိုးသမီးတွေ အတွက် သူစီစဉ်ပေးမှုနဲ့သူ့ရည်ရွယ်ချက်ကို ကိုခုပ်ဘွေ့ကပြောပါသည်။

မီးယပ်ရောဂါသည် တွေနှင့် ပတ်သက်ပြီး ပြောကြားရာမှာတွင် “အမျိုးသမီးတွေ ဓမ္မတာမမှန်တာ၊ အဖြူဆင်းတာ က အစ မီးယပ်ပိုင်းနှင့် ပတ်သက်တဲ့ ရောဂါတွေ စဖြစ်လာရင် အိပ်ယာထဲ လဲရတဲ့ အဆင့်လည်း မဟုတ်ဘူး။ အောင့်တဲ့ဟာ၊ နာတဲ့ဟာက သူတို့ကို နှိပ်စက်နေတယ်။ ဆီးတွေ ကျင်လာတယ်။ ဒီဖက် အမျိုးသမီး တော်တော်များများက အဲလို ဝေဒနာ ခံစားရတဲ့ကြားကနေ လှုပ်ရှားရုန်းကန် နေကြတော့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ အများကြီး ထိခိုက်လာတယ်။ သူတို့တွေရဲ့ ဘဝမှာ တက်ကြွ ပျော်ရွင်တာတွေ ပျောက်သွားခဲ့ရတယ်” လို့ သူရှင်းပြပါသည်။

စစ်ဘေးရှောင် အမျိုးသမီးတွေ အတွက် ယခု အစီအစဉ် မပြုလုပ်သေးခင် ကတည်းကပင် ကိုခုပ်ဘွေ့သည် မီးယပ် ပိုင်း နှင့် ပတ်သက်ပြီး ကလေးမြို့ ရှိ အသင်းတော်ပေါင်း ၂၀ ကျော်ရှိ အမျိုးသမီးဌာနများ နှင့် ပူးပေါင်းပြီး ဆေးခန်းပြခ အခမဲ့ဖြင့် အမျိုးသမီးပေါင်း ၈၀၀ ကျော်ကို မီးယပ် ဆိုင်ရာ ဆရာဝန်များနှင့် ပြသနိုင်အောင် စီစဉ်ပေးခဲ့သူဖြစ် သည်။

“အခုလို လုပ်ခဲ့ရတဲ့ အကြောင်းရင်း က အဓိက အကြောင်း သုံးခု ရှိတယ်။ ပထမ တစ်ခုက အမျိုးသမီးတွေ ကျန်းမာပျော်ရွင်နေမှ မိသားစုက ပျော်ရွင်မှာ ဖြစ်တယ်။ ဆိုတော့ အမျိုးသမီးတွေ ကျန်းမာ စေချင်တယ်။ ဒုတိယ က မသိလို့၊ မီးယပ်ဆိုင်ရာ ရောဂါတွေကို မသက်မသာ ခံစားရသူတွေကို ယင်း နှစ်ခု ကြောင့် ဝေဒနာ ခံစားတာမျိုး မဖြစ်စေချင်လို့ ဖြစ်တယ်။ တတိယ အချက်ကတော့ ငွေကြေးမတတ်နိုင်လို့ ဆေးရုံ ဆေးခန်း မပြရဲတဲ့ လူတွေ ငွေကြေး အခက်အခဲကို ကျော်လွှားပြီး ဆရာဝန်တွေနဲ့ ပြခဲ့ရတဲ့ အခြေအနေကို ဖန်တီးပေး ချင်တယ်။ အဲတာကြောင့် အခုလို လုပ်ဆောင်ခဲ့ တာပါ” လို့ သူ့လုပ်ဆောင်ချက်၏ ရည်ရွယ်ချက်ကိုလည်း ရှင်းပြပါသည်။

မီးယပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုတင် မကပဲ ငွေကြေးမတတ်နိုင်သည့် တချို့ သက်ကြီးရွယ်အို များကိုလည်း အလျဉ်းသင့် သလို သမားတော်ကြီးများ နှင့် ပြသပေးခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး “ကျွန်ုပ် အကူအညီ နှင့် သမားတော်တွေဆီ ပြဖြစ်တဲ့ လူနာက အဲလောက် မများဘူး။ ဆရာဝန်ကြီးသည် ကိုယ်တိုင် အချိန် အကန့်အသတ် ရှိတာလည်း ပါတယ်။ တဖက်မှာလည်း ကျွန်တော်က တကယ့်ကို ခက်ခဲတဲ့ လူတွေလောက်ပဲ စီစဉ်ပေးခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်” လို့ ကိုခုပ်ဘွေ့က ပြောပါသည်။

ဆရာဝန်တွေ ညွှန်းတဲ့ ဆေးဝါးများ ထောက်ပံ့ပေး နိုင်မှု နှင့် ပတ်သက်ပြီး၊ “ဆေးဝါးကို တော့ အလုံးစုံ ကျွန်တော် မထောက်ပံ့နိုင်သေးဘူး။ သူတို့ အဆင်ပြေတဲ့ချိန် အဆင်ပြေတဲ့ ဆေးဆိုင်မှာ ဆေးဝါးလေးတွေ ဝယ်ယူလို့ ရအောင် လုပ်ပေးတယ်။ ဒါပေမယ့် သူတို့ဖြစ်တဲ့ ရောဂါ အခြေအနေရယ်၊ သူတို့ မိသားစု ရဲ့ ငွေရေးကြေးရေး အခြေအနေရယ် ကြည့်ပေးတော့ တချို့ကို ဆေးဝါး ဝယ်ယူစရိတ်ပါ ထောက်ပံ့ပေးရတဲ့ ဟာတွေလဲ ရှိတယ်” လို့ သူကပြောပါသည်။

တဖက်မှာလည်း ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက်ရှိ Pangpi Seventh-day Adventist အသင်းတော် စာသင်ကျောင်းရှိ ကျောင်းသူကျောင်းသားများ အတွက်လည်း အဖျားအနာများသည့် မိုးတွင်းကာလ အတွင်း ဆေးဝါးကုသ စရိတ်ကို ၂၀၂၂ ခုနှစ် က စပြီး သူထောက်ပံ့ပေးခဲ့ပါသည်။

 “ဇွန်လ ကနေ အောက်တိုဘာလ အထိ ကိုပဲ အဓိက ထောက်ပံ့ပေးခဲ့တယ်။ နှစ်တိုင်း အယောက် ၄၀၀ ကနေ ၅၀၀ ကြားလောက် ရှိတတ်တယ်။ ဆေးခန်းပြတာ ကအစ လက်တွေ့ဆောင်ရွက်တာကျတော့ ကျောင်းအုပ် ဆရာကြီး နှင့် ဆရာကြီးကတော် တို့က လုပ်ပေးခဲ့တယ်” သူ၏ လုပ်ငန်း ဆောင်ရွက်မှု နှင့် ပတ်သက်ခဲ့ပြီး ပြောကြားခဲ့ ပါသည်။

 အခုလို လုပ်ရခြင်း နှင့် ပတ်သက်ပြီး ရှင်းပြရာမှာတော့ “မြောင်းမြမှာ ကျွန်တော် ကျောင်းသွားတက်တော့ ဖျားတဲ့ နာတဲ့ အချိန်တွေ အများကြီးပါ။ ဆေးရုံ သွားရတယ်။ ဆေးသောက်ရတယ်။ အဲဒီ စရိတ်တွေ ဘယ်က လာသလဲ ဆိုတာ ပြန် စဉ်းစားမိတော့ ကျွန်တော်လည်း တတ်နိုင်တဲ့ နေရာမှာ ကူညီချင်တဲ့ စိတ် ဖြစ်လာခဲ့တယ်” လို့သူကပြောသည်။

ကိုခုပ်ဘွေ့သည် ဇိုမီးလူငယ်များအသင်း တည်ထောင်ကာစတွင် ဘဏ္ဍာထိန်း တာဝန်ဖြင့် စတင်ပါဝင်ခဲ့သည်။ အဖွဲ့အစည်း ဒုဥက္ကဌ အဖြစ် ၄ နှစ်တာ တာဝန် ဆက်လက် ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ လက်ရှိ အချိန် အထိ ဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့သည်။ အသင်းနှင့်အတူ မတော်တဆမှုဖြစ်မှု၊ သေဆုံးမှု စသည်နှင့် ပတ်သက်သော ရှေးဦး ကယ်ဆယ်ရေး ၂၆၃ ခုတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီ ဖြစ်သည်။

ကိုဇံ(ချင်းတောင်) ရေးသားသည်။

September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 29, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူအများစု ပြန်လာနေထိုင်လာကြသလို အနယ်နယ်အရပ်ရပ်က...
August 29, 2024
ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းအများစု လစာမရရှိတာ ၃ လနီးပါးကြာမြင့်လာပြီး...