မပြီးဆုံးသေးတဲ့ မွန်တွေရဲ့ တော်လှန်‌ရေးခရီးကြမ်း

မပြီးဆုံးသေးတဲ့ မွန်တွေရဲ့ တော်လှန်‌ရေးခရီးကြမ်း

ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒီကနေ့ကာလအထိမပြီးဆုံးဘဲ မျိုးဆက်သစ်တွေက တော်လှန်ရေးခရီးကြမ်းကို အခြားအင်အားစုတွေနဲ့အတူ ရင်ဆိုင်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

မွန်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် မွန်လူငယ်တစ်စုကနေ ဦးဆောင်စတင်လာခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ အခုအခါမှာ ၇၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

ဒါပေမယ့် မွန်တွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အစရှိတဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးနေရဆဲပဲလို့ လက်ရှိစစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက်ကိုင်သုံးဖွဲ့က ဆိုပါတယ်။

လက်ရှိ အခင်းအကျင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စ နစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့ လက်နက်ကိုင်တော် လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲနေကြတာပါ။

ဒီအပေါ် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွေအတွက် အကောင်းမွန်ဆုံး အချိန်အခါလို့ မွန်ပြည်သစ်ပါတီ AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့က ထောက်ပြကြပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က မွန်တစ်မျိုးသားလုံးအနေနဲ့ မရသေးတဲ့ မွန်တွေရဲ့ အခွင့်အရေးအတွက် စစ်တပ်ကို ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ တိုက်တွန်းပါတယ်။

“မွန်တစ်မျိုးသားလုံးအနေနဲ့လည်း မိမိတို့မရသေးတဲ့ မွန်တွေရဲ့ အခွင့်အရေးအတွက် မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ပြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စစ်တပ်ကို ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်”လို့ ဆိုပါတယ်။

မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်အလွန်မှာ အစပျိုးခဲ့ပေမယ့် လမ်းထက်ဝက်မှာ မွန်ပြည်သူ့တပ်ဦးက ဖဆပလအစိုးရထံ လက်နက် ချ အလင်းဝင်သွားခဲ့ပါတယ်။

၁၉၅၈ ခုနှစ် ဇူလိုင်မှာတော့ မွန်ပြည်သစ်ပါတီကို တည်ထောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ မွန်ပြည်သစ်ပါတီအပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီတို့ ပူးပေါင်းကာ တ.ည.လ တပ်ပေါင်းစုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်စတင်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ၁၉၇၁ ခုနှစ်မှာ မွန်ပြည်သစ်ပါတီက မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

ဒါဟာ တနည်းအားဖြင့် မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို တစ်ခန်းရပ်စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ မွန်မျိုးဆက်သစ်တွေရဲ့ တော်လှန်သွေးတွေ နိုးကြားစေခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို တစ်ကျော့ပြန်စေခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက လက်ရှိ မွန်တော်လှန်ရေးဟာ မွန်လူ မျိုးတစ်မျိုးတည်း လွတ်မြောက်ဖို့ တိုက်နေတာမဟုတ်ဘဲ ပြည်နယ်အတွက် အားလုံးအတွက် တိုက်ပွဲဝင်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ မွန်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေအားလုံးလည်း ဒီကနေ့ မွန်တော်လှန် ရေးက မွန်လူမျိုးတစ်မျိုးတည်း လွတ်မြောက်ရေးအတွက် တိုက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ်လွတ်မြောက်ရေးအတွက် ပြည်နယ်မှာရှိတဲ့ တခြားလူမျိုးတွေ တခြားဘာသာရေး လူ နည်းစုတွေ အားလုံးအတွက် တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းနိုင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကိုလည်း အားပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်တဲ့ပုံစံဟာ နှစ်ပေါင်း ၇၀ ကျော် မွန်တော်လှန်ရေးခရီးစဉ်မှာ ပထမဆုံး တွေ့ရတာလို့ သူကထောက်ပြပါတယ်။

ဒါပေမယ့် မွန်တွေပါဝင်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ မွန်တစ်မျိုးသားလုံးအပေါ် ဩဇာ ကြီးမားတဲ့ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်မှု အခန်းကဏ္ဍဟာ ကွက်လပ်ဖြစ်နေခဲ့ပါတယ်။

ဒီအခြေအနေမှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ဆိုပြီး ပါတီခေါင်း ဆောင်တချို့က မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD အမည်နဲ့ တော်လှန် ရေးမှာ ပါဝင်လာခဲ့ပါတယ်။

မွန်နိုင်ငံရေးလေ့လာသူတစ်ဦးက တော်လှန်ရေးနဲ့ပတ်သက်ပြီး မွန်ပြည်နယ်မှာ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ ဦးဆောင်မှုပြဿနာလို့ သူ့အမြင်ကို ပြောပါတယ်။

“ခြုံပြီးပြောရရင် မွန်ပြည်နယ်မှာ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဦးဆောင်မှု ပြဿနာပေါ့။ အဲဒီပြဿနာက တကယ်ဆိုရင် အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်မှုက ပျောက်နေတာပေါ့။ မွန်တစ်မျိုးသားလုံးအပေါ် ဩဇာအာဏာရှိတဲ့ မွန်ပြည်သစ်ပါတီက အခုချိန်အထိ ပြတ်ပြတ်သားသား ဦးဆောင်မှုမပေးနိုင်လို့ အခုထိ ဒီပြ ဿနာ ဖြစ်နေတာ။ အဖွဲ့အစည်းတွေကြားထဲမှာလည်း ပူးပေါင်းဆောင်ရွက်မှု မဖြစ်နိုင်တာ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှု စစ်ရေးဦးဆောင်မှုက အခုချိန်အထိ ပျောက်နေတယ်လို့ ပြောလို့ရတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် မွန်အမျိုး သားဝိသေသလက္ခဏာတွေကို အခြေခံပြီး တိုက်ပွဲဝင်နေတဲ့အဖွဲ့နဲ့ ပထဝီကိုအခြေခံပြီး တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေ တွေ့ရမှာပါ။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမှာ MSRF နဲ့ MSDF တို့ရှိပြီး အဲဒီလက်နက်ကိုင်တပ်နှစ်တပ်ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မိခင်ပါတီကနေ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်တော် MLA တို့လည်း ပါဝင်ပါတယ်။

အဲဒီအဖွဲ့တွေကြားထဲမှာ ကရင်နီ Model ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ ပူးပေါင်းသလိုမျိုး မွန်မှာလည်း လုပ်လို့ရတယ်လို့ မွန်နိုင်ငံရေးလေ့လာသူက ထောက်ပြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကတော့ မွန်လက်နက်ကိုင်တပ်တွေနဲ့ မွန်ပြည်သစ်ပါတီ AD တို့ဟာ အခုအခါမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါကြောင့်မို့ မိမိတို့ မွန်တွေ ဆယ်စုနှစ်နဲ့ချီပြီး ကြွေးကြော်လာခဲ့တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ အချုပ်အခြာအာဏာနဲ့ပြည့်ဝတဲ့ မွန်ပြည်ထူထောင်ဖို့အတွက် ပိုပြီးအလားလာကောင်းတယ်လို့ပဲ ပြောရမှာပါ။ မိမိတို့ မွန်တွေရဲ့ အမျိုးသားအင်အားလို့ ခေါ်တဲ့ Soft Power နဲ့ Hard Power ထဲမှာ Soft Power က ပြည့်နေပြီး သားမို့ Hard Power လို့ခေါ်တဲ့ လက်နက်ကိုင်အင်အား မွန်တပ်အင် အားကောင်းလာရင် မျှော်မှန်းချက်နဲ့ နီးလာမှာပါ”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း တိုင်းရင်းသားဒေသအများစုမှာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ နေ့စဉ်နဲ့အ မျှဆင်နွှဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ထူထောင်နေကြပေမယ့် မွန်ပြည်နယ်မှာတော့ အဲဒီအဆင့်ထိ မရောက်ရှိလာနိုင်သေးပါဘူး။

ဒါပေမယ့် မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အခွင့်ကောင်းဖြစ်တာကြောင့် ဒီအခြေအနေကို အမိအရဆုပ်ကိုင်ပြီး မွန်လူထုတစ်ရပ်လုံး မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားကြဖို့ အဖွဲ့အသီးသီးက တိုက်တွန်းထားကြပါတယ်။

September 16, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ...
September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...