ဖေဖော်ဝါရီ ရ ရက်နေ့ တွင် ကျရောက်မည့် (၇၂) နှစ်ပြည့် “ သျှမ်းပြည်အမျိုးသားနေ့” ကို ကချင်ပြည်နယ် မိုးညှင်းမြို့ဒေသခံများက ပထမဆုံးအကြိမ် အခမ်းအနားကျင်းပသွားမည် ဟု သိရသည်။
Photo Sai Thaung Zaw Oo/ မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
သျှမ်းပြည်အမျိုးသားနေ့ ကို ဖေဖော်ဝါရီ ၅ ရက်မှ ရ ရက်နေ့ထိ ၃ ရက်တိုင်တိုင် မိုးညှင်းမြို့ နတ်ကြီးကုန်း ရှိ ပညာလင်္ကာရ ဇောတိ ဘုန်းကြီးကျောင်း ပွဲကျင်းပသည့်နေရာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းအမျိုးသား နေ့ ဖြစ်မြောက်ရေး ကော်မတီ စိုင်းမောင်ထွေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ကျနော်တို့ ဒီမိုးညှင်းမိုးကောင်းဒေသက သျှမ်းလူထုရဲ့ အင်အားနဲ့ လုပ်တာပါ။ ဘယ်အဖွဲ့အစည်းမှ ဦးဆောင်တာ မဟုတ်ဘူး။ ဒါက ကျနော်တို့ ဆီမှာ ပထမဆုံးလုပ်တာပါ။ မနေ့က ဖွင့်ပွဲလုပ်တော့ ကျနော်တို့သျှမ်းမျိုးတွေ တော်တော်များများလာကြတယ်။ ဒီလောက်စည်မယ်လို့တောင် ကျနော် မထင်ခဲ့ဘူး” ဟု စိုင်းမောင်ထွေး ကဆိုသည်။
ကချင်ပြည်နယ်အတွင်းနေ သျှမ်းလူမျိုး အားလုံးကိုယ်စားပြုပြီး ပထမဆုံးကျင်းပ ပြုလုပ်သည့် သျှမ်းအမျိုးသားနေ့ ဖြစ်သည့်အတွက် သျှမ်း အမျိုးသားနေ့ နှင့် ပတ်သတ်ပြီး ဟောပြောပွဲများလည်း ပြုလုပ်သွားမည် ဟု စိုင်းမောင်ထွေး က ထပ်လောင်းပြောသည်။
Photo Sai Thaung Zaw Oo/ မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
“ ဒါက ရှမ်းနှစ်သစ်ကူး ပွဲတော် မဟုတ်ဘူးလေ။ နောက် ရဟန်းခံပွဲမဟုတ်ဘူး။ သျှမ်းအမျိုးသားနေ့ကို ဘယ်သူမှ ဒီလို မှ မလုပ်ရဲဘူး။ မလာရဲကြဘူးလေ။ ကျနော်တို့ အားစိုက်ပြီး လုပ်ကြတယ်။ ကျနော် တို့ ပိုက်ဆံ ရှိလို့ မဟုတ် ဘူး။ ကျနော်တို့က ချစ်တဲ့စိတ် တာဝန်သိစိတ်ကြောင့်လုပ်တာပါ” – ဟု စိုင်းမောင်ထွေး က ဆိုသည်။
သျှမ်းအမျိုးသားနေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ဌာနေ ပြည်သူ့စစ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲအစီအစဉ်ပါထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
“ သျှမ်းအမျိုးသားနေ့ အကြောင်း ၊ သျှမ်းလူမျိုးအကြောင်း နဲ့ သျှမ်းတွေ စည်းလုံးဖို့ပဲ ဟောပြောဖို့ ကျနော်တို့မေတ္တာရပ်ခံထားပါတယ်” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ စိုင်းမောင်ထွေး က ဆိုသည်။
သျှမ်းအမျိုးသားနေ့ မှသည် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအား ဖော်ဆောင်သည့် ပြည်ထောင်စုနေ့ တို့ ပေါက်ဖွားလာဖို့ အတွက် သန္ဓေတည်ခဲ့ပါသည်။
၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ၆ ရက် မှ ၁၂ ရက်အတွင်း ကျင်းပသည့် ပင်လုံညီလာခံ တွင် ခေးတိုင်းခေးရာဇာ သီချင်းအား သျှမ်းပြည်အမျိုးသားများသီချင်း၊ ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလံကို သျှမ်းပြည်အမျိုးသားများ အားကိုယ်စားပြုသည့် အလံတော်၊ ဖေဖော်ဝါရီ ရ ရက်နေ့ကို သျှမ်းအမျိုးသားနေ့ ဟူ၍သတ်မှတ်ခဲ့သည်။