ရာဇသံဆန်ဆန် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ၊ အနှစ်မဲ့ စွပ်စွဲချက်တွေဟာ ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တုံ့နှေးတွန့်ဆုတ်စေ -ဟုဆို (RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းနှင့်ဆက်သွယ်မေးမြန်းခြင်း အပိုင်း ၂ )

ရာဇသံဆန်ဆန် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ၊ အနှစ်မဲ့ စွပ်စွဲချက်တွေဟာ ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တုံ့နှေးတွန့်ဆုတ်စေ -ဟုဆို (RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းနှင့်ဆက်သွယ်မေးမြန်းခြင်း အပိုင်း ၂ )
Photo Credit to RCSS / RCSS -SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း
Photo Credit to RCSS / RCSS -SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မတိုင်ခင် နေရပ်ကိုအပြီးဆုတ်ပြန်ရမယ်လို့ အစိုးရရဲ့တပ်မတော်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း ကအခုလိုစပြောပါတယ်။

ဖြေ။ ။ အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ လိုအပ်ရင် ကိုယ့်အဖွဲ့အစည်းအတွက် သတင်းထုတ်ပြန်တာတွေ လုပ်လေ့ရှိတော့ ဒါက ထူးခြားတဲ့ ဖြစ်စဉ်တော့ မဟုတ်ဘူး။ ဒါပေမယ့် သတင်းထုတ် ပြန်ချက်ထုတ်ရတဲ့ အကြောင်းရင်း၊ အကြောင်းအရာ၊ အချိန်အခါ၊ ကာလ၊ဒေသ၊ ပုဂ္ဂလတွေကသာ အဓိက ကျတာဖြစ်တယ်။ ထုတ်ပြန်ချက်မှာ ပါတဲ့ အကြောင်းအရာ၊ အချက်အလက််တွေကို သက်ဆိုင်တဲ့ တစ်ဖက်က အဖွဲ့အစည်းအတွက် နစ်နာစေတဲ့အချက်တွေပါရင်တော့ ထုတ်ပြန်ချက်က ပြဿနာတွေကို ဖန်တီးပေးရာ ရောက်စေတာပေါ့။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ EAO တွေဟာ တပ်မတော်ရဲ့ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်မှာ ပါတဲ့ အချက် (၄) (၅) (၆)တွေ ကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်တယ်ဆိုတာကို အချက်အလက် ကိန်းဂဏာန်းတွေနဲ့ သတိပေး ထုတ်ပြန် ထားထာတွေကိုရော ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ဖြေ။ ။ ဒီဇင်ဘာလ (၂၁)ရက်နေ့ ထုတ်ပြန်ချက်ကို ကျနော်တို့အနေနဲ့ ကြိုဆိုကြောင်း ပြောဆိုပြီးဖြစ်တယ်။ အဲဒီထဲမှာ တပ်မတော်က သူ့သဘောထား သူထုတ်ပြန်တာဖြစ်ပါတယ်။ သူ့သဘောထားအတိုင်း သူ့လမ်းညွှန်ချက်အတိုင်း EAO အားလုံးက လိုက်နာရမယ်ဆိုတာကိုတော့ လက်ခံဖို့ ခက်ခဲမယ်၊ ကျနော်တို့ဟာ သီးခြားစီရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆွေးနွေးဖက်တွေသာ ဖြစ်ပါတယ်။ ဒီဇန်နဝါရီလ (၂၅)ရက်နေ့ရဲ့ သတိပေးထုတ်ပြန်ခြင်းထဲမှာပါတဲ့ အချက်အလက်တွေက ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မှုရှိတယ်၊ ခိုင်လုံမှုရှိတယ်၊ တိကျမှု ရှိတယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ သက်ဆိုင်တဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ အဆင့်ဆင့်သော တာဝန်ရှိ သူတွေကို စိစစ်နေပါတယ်။ အခုထက်ထိတော့ ကျနော်တို့အဖွဲ့အစည်းဟာ သူတို့ တစ်ဖက်သတ်စွပ်စွဲသလို လုံးဝမဟုတ်ကြောင်း အဆင့်ဆင့်သော စိစစ်ချက်တွေအရ ပြောနိုင်ပါတယ်။

မေး။ ။ RCSS အပါအဝင် တခြားEAO တွေကို သတ်မှတ်ပေးထားတဲ့ နယ်မြေအတိုင်း ၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၁၂)ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ တပ်မတော်ရဲ့ ပြောဆိုမှုအပေါ်ကိုရော ဘယ်လို သဘော ထားရှိပါသလဲ။

ဖြေ။ ။ ဒါကိုတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်ပေးဖို့ အဆင်မပြေပါဘူး။ တပ်မတော် မကြာခဏညွှန်းဆို ပြောနေတဲ့ ကျိုင်းတုံ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်တွေဟာ နှစ်ဖက်ကြားမှာ မတူညီ ကွဲပြားခြားနားတဲ့ အမြင်တွေ အခုထိ ရှိနေတုန်းပါ၊ ဖြေရှင်းညှိနှိုင်းလို့ မရသေးပါဘူး၊ ကျနော်တို့ဖက်က မြင်တာက အဲဒီသဘောတူညီချက်မှာ ပါတဲ့ နယ်မြေသတ်မှတ်မှုဟာ ကျနော်တို့ တပ်ဖွဲ့ဝင် လေးငါးရာဦးစာ ဗဟိုဌာနချုပ်အတွက်သာဖြစ်တယ်။ မိမိတို့ တပ်ဖွဲ့ဝင်များအားလုံးအတွက် မဟုတ်ဘူးလို့ အဲဒီလို နားလည်တယ်။ တပ်မတော်ဖက်ကတော့ အဲဒီလို မမြင်ဘူး၊ အဲဒီနယ်မြေတွေဟာ RCSS တပ်ဖွဲ့ဝင်များအားလုံးအတွက်ဖြစ်တယ်ဆိုပြီး စွဲကို်င်ထားတော့ ဒီနယ်မြေသတ်မှတ်မှုပြဿနာဟာ အခုချိန်ထိ ရှင်းလို့ မရသေးဘူး။ ဌာနချုပ်အတွက်နယ်မြေနဲ့ တပ်ဖွဲ့ဝင်အားလုံးအတွက်နယ်မြေဆိုပြီး မဖြေရှင်းနိုင်တော့ နယ်မြေကျူးကျော်တယ်ဆိုတာတွေ တစ်ဖက်က ခဏခဏ ပြောဆိုနေတာဖြစ်ပါတယ်။ ဒီကိစ္စ ဖြေရှင်းဖို့ တပ်မတော်နဲ့ ကျနော်တို့အဖွဲ့အစည်း သီးသန့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

မေး။ ။ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံးပြုလုပ်ဖို့ တိုက်တွန်း တဲ့ အပေါ်မှာရော ထင်မြင်ချက် ပေးပါဦး ခင်ဗျား။

ဖြေ။ ။ တပ်မတော်ရဲ့ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း EAOတွေ အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC)နဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ NRPC၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့တို့နဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကို တတ်နိုင်သလောက် ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ RCSS ဟာ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ PC နဲ့ ထပ်မံတွေ့ဆုံပြီး NRPC၊ တပ်မတော်တို့နဲ့ တွေ့ဆုံညှိနှိုင်းရေးအတွက် ရလဒ်ကောင်းတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့လို့ မကြာမီအချိန်တိုအတွင်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ လမ်းပွင့်သွားခဲ့တယ်။ ကျနော်တို့ဖက်ကလည်း ဇန်နဝါရီလ (၂၂)ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးအတွက် အစိုးရဆီကို တရားဝင်စာပေးပို့ ထားပြီးဖြစ်တယ်။ ဒါပေမယ့် ဇန်နဝါရီ (၂၅)ရက်မှာ တပ်မတော်က ပစ်ခတ်် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေးထုတ်ပြန်ခြင်းကို တစ်ဖက်သတ် ပြုလုပ်လာတဲ့အတွက် မကြာမီ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ဖို့ကိစ္စကို ကျနော်တို့ဖက်က ပြန်လည်သုံးသပ်ဖို့အကြောင်းဖန်လာပါ တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်းကို နဂိုစီစဉ်ထားတဲ့အတိုင်း ဖြစ်မဖြစ် ဆိုတာကိုတော့ ခဏစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ တခြားညီနောင်EAOတွေရဲ့ သဘောထားကိုလည်း ကျနော်တို့ နားစွင့် နေပါတယ်။

မေး။ ။ သတိပေးထုတ်ပြန်ခြင်းနဲ့ ပတ်သက်လို့ အနှစ်ချုပ် သုံးသပ်ပေးပါဦးခင်ဗျား။

ဖြေ။ ။ ငြိမ်းချမ်းရေးကို ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက တခြားလူတွေထက် ပိုပြီး လိုချင်ပါတယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့လို့ နှစ်ပေါင်း (၇၀)ခန့် ပြည်တွင်းစစ်မီး တောက်လောက်ခဲ့ တာကို အချိန်တိုတိုအတွင်း နေ့ချင်းညချင်း ကုစားနိုင်ဖို့ ဖြေရှင်းနို်င်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိိန်ယူရမယ်၊ စိတ်ရှည်ရမယ်။ ယုံကြည်မှု ပိုမိုတည်ဆောက်ဖို့လိုမယ်၊ ရိုးသားမှုရှိဖို့လိုမယ်၊ အပြန်အလှန်နားလည်မှုရှိရမယ်၊ အပြန်အလှန် အသိအမှတ်ပြုရမယ်။ ကိုယ်ချင်းစာနာ စိတ်ထားရှိရမယ်။ အာလုံးအကျိုးစီးပွားကို ဦးထိပ်ပန်ဆင် နိုင်ရမယ်။ အာလုံးအတွက် Win Win Solution ဖြစ်ဖို့ဆန္ဒပြင်းပြရမယ်။ အဲဒီလို သဘောထားကြီးကြီးနဲ့ လုပ် ဆောင်နို်င်မှသာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားနိုင်ပြီး ကျနော်တို့ အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တခါတရံမှာ ထိလွယ်ရှလွယ်ဖြစ်တတ်လို့ အဲဒီအချိန်မျိုးမှာ ရာဇသံဆန်ဆန် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ၊ အနှစ်မဲ့ စွပ်စွဲချက်တွေပြုလုပ်ရင် ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တုံ့နှေးတွန့်ဆုတ်စေတတ်ပါတယ်၊ အဲဒီလို လုပ်ရပ်တွေကို ဆွေနွေးဖော် ဆွေးနွေးဖက်အကြားမှာ မပြုလုပ်မိဖို့ ဂရုပြုသင့်ပါတယ်။ အလေးထားသင့်ပါတယ်။ သတိထားသင့်တယ်။ အဲဒီလိုမဟုတ်ရင် ငြိမ်းချမ်းရေးရေးဟာ နီးလျက်နဲ့ ဝေးနေဦးမှာဖြစ်ပြီး သဲထဲရေသွန်သလို အဖြစ်မျိုး ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...