အနာဂတ်အတွက် လူငယ့်ခွန်အား စွမ်းပကား

အနာဂတ်အတွက် လူငယ့်ခွန်အား စွမ်းပကား

လူငယ်တိုင်းသည် တိုင်းပြည်၏ အနာဂတ် ကြယ်ပွင့်ကလေးများဟု တင်စားသည့် ဆိုရိုးစကား ရှိခဲ့သည်။ သို့အတွက် မျိုးဆက် သစ်လူငယ်များကို ပညာရေး ဆုံးခန်းတိုင် သင်ကြားစေခြင်း၊ မိမိတို့စိတ်အားထက်သန်သည့် အသက်မွေး ပညာရပ်များကို လေ့ လာလိုက်စားစေခြင်း၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ကူညီစေခြင်း၊ ဘာသာတရားဖြင့် ဆုံးမခြင်း၊ လူ့ယဉ်ကျေးမှုအရ သွန်သင် ခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်း၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ကဏ္ဍအသီးသီးက ပါဝင်စေခဲ့ကြသည်။ ပညာသည် လူ၏တန် ဘိုးဆိုသကဲ့သို့ လူငယ်များ၏တန်ဘိုးသည်လည်း လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ခု၏ ပြယုဂ်ဆိုလျှင်လည်း မှားမည်မထင်ပေ။

“ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး”စကားအရ တစ်ချိန်တွင် ရင့်ကျက်တည်ငြိမ်သော လူကြီးသူမအဖြစ် လူမှုပတ်ဝန်းကျင်ကို ဦးဆောင်နိုင်ရေးအတွက် မူးယစ်သောက်စားခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ ကိုယ်ကျင့်တရားဆိုးသွမ်းခြင်းများ ကင်းရှင်းရမည်ဖြစ် သကဲ့သို့ လူငယ်ဘဝတွင် မှန်ကန်သော လမ်းကြောင်း၊ တည့်မတ်သော လမ်းစဉ်၊ မျှတပြီး ယိုင်းပင်းကူညီပံ့ပိုးတတ်သော စိတ် ထားများနှင့် “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့်အတိုင်း ရှင်သန်ကြီးပြင်းလာရန် လိုအပ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက်မှ ၂၃ရက်နေ့အတွင်း ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံ၏ ပြည်တွင်း၊ နယ်စပ်နှင့် ပြည်ပ နယ်မြေအသီးသီးမှ ကရင်လူငယ်မောင်မယ် အင်အား ၃၀၀နီးပါးဖြင့် ကျင်းပပြီးစီးခဲ့သည်။ တိုင်းပြည်၏မဏ္ဍိုင်ကြီးများကို လူငယ့် အားဖြင့် စနစ်တကျ ပြုပြင်၊ ပြင်ဆင်၊ တိုင်ပင်စီစဉ်သွားနိုင်ရေး ဒေသအလိုက် အစုအဖွဲ့များအားလုံး စုပေါင်းပါဝင်ခဲ့ကြသည်။ တက်ရောက်သူ ကရင်လူငယ်များမှာ မတူကွဲပြားသော မျိုးနွယ်စု၊ ကိုးကွယ်ရာဘာသာ၊ ဓလေ့ရိုးရာများ ရှိကြသော်လည်း တစ်ခု တည်းသော အမျိုးသားအလံတော်အောက်တွင် တစ်စိတ်တစ်ဝမ်းတည်း နှီးနှောဖလှယ်ခဲ့ကြသည်မှာ စုစည်းခြင်း၏ အောင်မြင်မှု ကြီးတစ်ခုဟု ဆိုနိုင်သည်။

လူငယ်ပွဲဟု ခေါ်ဆိုသော်လည်း ၎င်းတို့ကို သမိုင်းကြောင်းဆိုင်ရာ၊ လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာနှင့် လူငယ်များ ၏အခန်းကဏ္ဍများကို လမ်းညွှန်မှုပေးနိုင်သည့် တတ်သိပညာရှင်များ၊ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များနှင့် ဖိတ် ကြားထားသည့် ဧည့်သည်တော်များက ဟောပြော ဆွေးနွေး ဖလှယ်ပေးခဲ့ကြသည်မှာ လူမျိုးတစ်မျိုး၊ လူမှုအသိုင်းအဝိုင်းတစ် ခုအတွက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ်အဖြစ် ရှုမြင်မိသည်။ ယင်းနှီးနှောဖလှယ်ဆွေးနွေးမှုများ၏ ရလဒ်အဖြစ် လူငယ့်အ ရေးဆိုင်ရာ ဆုံးဖြတ်ချက် ၆ချက်ကို ချမှတ်ခဲ့ကြသည်။

၎င်းတို့မှာ

1. ကရင့်အမျိုးသားရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် လူငယ်အခန်းကဏ္ဍမှ ချိတ်ဆက် ပါဝင် ဆောင်ရွက်ရန် ခိုင်မာသည့် ကွန်ရက်နှင့် အချက်အလက်ဖလှယ်ရေး ယန္တရားတစ်ခုဖော်ဆောင်ရေး၊

2. ကရင်အမျိုးသားလူငယ်ရေးရာမူဝါဒ(Karen National Youth Policy)တစ်ခု အကောင်အထည်ဖော်ရေး၊

3. ကဏ္ဍတိုင်းကို သုတေသနပြုရန် သုတေသနအဖွဲ့ (Research team) ပေါ်ထွက်လာရေး၊

4. ကရင့်အမျိုးသားရေးသမိုင်းဆိုင်ရာများကို ကရင်လူငယ်များ ပိုမိုသိရှိနားလည်လာစေရန် လုပ်ငန်းစဉ်တစ်ရပ် စီစဉ် ဆောင်ရွက်ရေး၊

5. ကရင်လူငယ်ထုတစ်ရပ်လုံး၏ စုရပ်အဖြစ် ကရင်လူငယ်စင်တာ(Karen Youth Center)တစ်ခု ပေါ်ထွက်လာရေး နှင့်

6. ယခုဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းအထောက်အကူဖြစ်ရန် ရန်ပုံငွေရှာဖွေရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမည်ဟူ၍ ဖြစ်သည်။

ကရင်လူငယ်များအနေဖြင့် ခေတ်အဆက်ဆက် ကရင့်အမျိုးသားရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ဖူးသည်။ ၁၉၄၇ခုနှစ် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကို စတင်ထူထောင်စဉ်ကတည်းက ကရင်လူငယ်အသင်း (KYO)သည်လည်း ပါဝင်ခဲ့သည်။ သို့သော် လူငယ်များ၏ တက်ကြွမှုကို အသုံးချကာ သွေးခွဲခံခဲ့ရသည့်ဖြစ်စဉ်များလည်း ကရင့် သမိုင်းတွင် ရှိခဲ့သည်။ ထို့အတွက် ကရင်လူငယ်များသည် ကရင့်အမျိုးသားရေးအတွက် မှန်ကန်သည့်လမ်းကို ရွေးချယ်တတ်ရန် လိုပြီး နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အမျိုးမျိုးသောအကျိုးအတွက် အသုံးချခံမဖြစ်ရန် သတိကြီးစွာ ထားရမည်ဖြစ်သည်။

အမျိုးသားစီမံကိန်းအတွက် အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ မရှိမ ဖြစ် အရေးပါသည်။ အထူးသဖြင့် တာဝန်အသီးသီးကို ပုခုံးပြောင်းတာဝန် လွဲယူသွားကြရမည့် လူငယ်မောင်မယ်များ၏ ခြေတစ် လှမ်းချင်းတိုင်းမှာ တော်၊ တည့်၊ မှန်ကန်ဖို့ လိုသည်။ ယင်းသို့ဖြစ်လာရန် အခြေအနေပေါင်းစုံ၏ နောက်ခံ သမိုင်းကြောင်း၊ ဖြစ်စဉ် ဖြစ်ရပ်နှင့် သင်ခန်းစာ၊ အကြောင်းအရာများကို စေ့စပ်သေချာစွာ လေ့လာမှုရင်း အစွန်းရောက်၊ အရိုးစွဲနှင့် တစ်ဖက်စောင်းနင်း တွေးခေါ်မှုမျိုးမဖြစ်ရေး ချိန်ဆတတ်ရန်လည်း လိုအပ်သည်။

သို့ဖြစ်ပေရာ အရပ်ဖက်အဖွဲ့အစည်းများမှ နည်းပညာရှင်လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျောင်းသားလူငယ်များအ နေဖြင့် သမိုင်း၏ အရင်းခံဖြစ်တည်ခဲ့မှုအပေါ် အခြေခံ၍ တည့်မတ် ဖြောင့်တန်းစွာ ပြုပြင်ပြောင်းလဲသွားရမည့်အပြင် အနာဂတ် အမျိုးသားရေးအတွက်ဖြစ်စေ၊ အနှစ်သာရပြည့်ဝသည့် ငြိမ်းချမ်းရေးအတွက်ဖြစ်စေ အမျိုးသမီး၊ အမျိုးသား လူငယ်လူရွယ်များ ၏ ခွန်အား စွမ်းပကားကို ထက်မြက်သည့် ဓားတစ်လက်အဖြစ် အသုံးချကာ ခွဲခြားဖိနှိပ်ဆက်ဆံခြင်း၊ စိတ်ပိုင်း/ရုပ်ပိုင်း အကြမ်း ဖက်ခြင်း အလျင်းမရှိဘဲ စုစည်းညီညွှတ်မှုအားဖြင့် ဆောင်ရွက်သွားကြစေလိုပါသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...