ရှေ့ခြေတစ်လှမ်းရှေ့တိုးဖို့ နောက်သို့တစ်လှမ်းဆုတ် အားအင်ဖြည့်ရန် လိုအပ်သကဲ့သို့ ဘဝ၏ အနိမ့်၊ အမြင့် အတက်အကျ သက်ရောက်မှုတိုင်းသည်လည်း ခွန်အားဆိုသည့် အားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ဟူသော သူရဲကောင်း သုံးယောက်တို့သည် ဘဝ၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။
ကျွန်တော်ရှင်သန်ခဲ့သော ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးမှု အားနည်းခဲ့၊ ငြိမ်းချမ်းမှုမဲ့ခဲ့၍ ဆယ်စုနှစ်များစွာ မွန်လူငယ်များနှင့် ကျောင်းနေရွယ် မွန်ကလေးတို့ ပညာရေးပန်းတိုင်မဲ့ခဲ့ရသည်။ ယခုပစ္စုပ္ပန် အဖက်ဖက်မှ အင်အားဆုတ်ယုတ်သည့် ကာလတွင် မွန်ကလေးငယ်များ မှီတင်းအားထား ဗိမ္မာန်ကြီး။ မွန်ကလေးများ ပညာရည်နို့သောက်သုံးရာ မွန်အမျိုးသားကျောင်းများ၏ အနာဂတ်ကံကြမ္မာကို မြင်နေရသည်မှာ ရင်ထဲစိုးထိတ်မိ၏။
မူဟောင်းကိုပယ် ခေတ်သစ်၊ စနစ်သစ်ထဲ ပြန်လည်သွေးသစ်လောင်းဆဲ ကာလတွင် လမ်းကြောင်းမှန်တစ်ခုမှ သွေဖယ်သွားမည်ကို ပူပန်မိသည်။ မွန်ကျေးလက်ဒေသတွင်း မွန်ကလေးငယ်များ ပညာရှာမှီးရာ၊ မွန်လူငယ်တို့၏ သရုပ်မှန်ကို ဖော်ပြနေသည့် မွန်အမျိုးသားကျောင်းများတွင် ကျောင်းဆရာ ရှားပါးမှု ပြဿနာ၊ ဆရာ၊ ဆရာမ မတည်မြဲပြဿနာ၊ လုပ်ခလစာအဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုသို့ရင်ဆိုင်နေရသော ပြဿနာအရင်းအမြစ်အမှန်ကို ဖော်ထုတ်ပြီး လိုအပ်ချက်များကို ကျွန်တော်တို့ မွန်လူထုတစ်ရပ်လုံး ပူးပေါင်းအဖြေရှာကြရန်လိုသည်။
အစိုးရလက်လှမ်းမမီသော ကျေးလက်ဒေသများကို အခြေပြု၍ မွန်ပြည်သစ်ပါတီက ၁၉၇၂ ခုနှစ်ခန့်က စတင်အကောင်ထည်ဖော်ခဲ့ပါသည်။ အစိုးရပညာရေးဝန်ထမ်းများ လုံးဝမရောက်ရှိသော ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ မွန်အမျိုးသားပညာရေးပေါ်လစီကို မွန်ပြည်သစ်မှ ချမှတ်ပေးပြီး ကျေးရွာအသီးသီး၌ မိမိတို့လိုအပ်သည့်ကျောင်းဆရာအတွက် မိမိတို့ကျောင်းသားမိဘများက တာဝန်ယူထောက်ပံ့ရသည့်အစီအစဉ် ဖြစ်သည်။ နောက်ပိုင်းတွင် ကျောင်းနှင့် ဆရာအရေအတွက်များပြားလာပြီး မြို့နယ်/ခရိုင်အလိုက် မွန်ကျောင်းဆရာများအသင်း ဖွဲ့စည်းနိုင်ခဲ့သည်။
မွန်အမျိုးသားကျောင်းများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ် ရေးတောင်ပိုင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် စတင်ဖွင့်လှစ်ခဲ့သည်။ (၁၉၉၂) ခုနှစ်တွင် မွန်အမျိုးသားအထက်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ သက္ကရာဇ် (၂၀ဝဝ)ခုနှစ်တွင် အထက်တန်းလွန် မွန်ပညာရေး (Post-ten)ကို ဖွင့်လှစ်နိုင်ခဲ့ပြန်သည်။ မွန်အမျိုးသားပညာရေးသည် ယခုချိန်တွင် ရတုမှတ်တိုင်များစွာ ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
အစိုးရစာသင်ကျောင်းများနှင့် အလှမ်းဝေးသော မွန်ဒေသများတွင် လူမျိုးဘာသာခွဲခြားမှုမရှိဘဲ ကလေးငယ်များစာတတ်မြောက်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။ အထူးသဖြင့် ရေဖြူမြို့နယ်ဘက်တွင် ထားဝယ်လူမျိုးခလေးများကိုလည်း မွန်အမျိုးသားကျောင်းများတွင်တွေ့နိုင်သလို မုဒုံမြို့နယ်၌ ရွှေ့ပြောင်းလုပ်သားဗမာလူမျိုးများ၏ သားသမီးများလည်း မွန်အမျိုးသားကျောင်းအချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် မွန်အမျိုးသားကျောင်းသည် ကျူရှင်စရိတ်၊ ကျောင်းစရိတ်လုံးဝမကုန်သည့် အခမဲ့ပညာသင်ကြားရေးစနစ်ကို ကျင့်သုံးသဖြင့် ငွေကြေးမတတ်နိုင်သူ သားသမီးများ အလွန်များပြားသည်။
မွန်အမျိုးသားကျောင်း၏ ကျေးဇူးကြောင့် ကျေးလက်နေ မွန်လူငယ်များ စာတိုပေစ ရေးတတ်ဖတ်တတ်ခဲ့ကြသည်။ ယခုအခါ မွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် မူလတန်းကျောင်း(၁၄၂)ကျောင်း၊ အစိုးရသစ်ကျောင်းများနှင့် တွဲဖက်သင်ကြားသည့် စာသင်ကျောင်း (၁၀၇)ကျောင်း၊ မွန်အမျိုးသားအလယ်တန်းကျောင်း (၁၂)ကျောင်းနှင့် မွန်အမျိုးသား အထက်တန်းကျောင်း (၃)ကျောင်းရှိသည်ဟု မွန်ပညာရေးစစ်တမ်းများတွင် တွေ့မြင်မှတ်သားရပါသည်။ ထိုကျောင်းတော်ကြီးမှ မွေးထုတ်ပေးလိုက်သော မွန်ပညာတတ်လူငယ်များမှာလည်း လူထုအလယ်တွင် တင့်တယ်နေကြပြီ ဖြစ်သည်။
(၁၉၉၅ )ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ စစ်အစိုးရ) နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ အပစ်ရပ်စဲရေး သဘောတူညီကြပြီးနောက် မွန်အမျိုးသားကျောင်းသားများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ရခဲ့သည်။ ယခုချိန်၌ အောင်မြင်ခဲ့သည့် ကျောင်းသားဦးရေမှာလည်း ၅၅၀ ဦး ကျော်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ မွန်ပညာရေးဌာနအတွက် ကိုယ်တိုင်ပြုစုပျိုးထောင်ပြီး ခံစားလာရသည့် အသီးအပွင့်များဖြစ်သည်။ ထိုအခြေအနေကို မွန်လူထုတစ်ရပ်လုံး နားလည်ရန်လိုသည်။
ယခုဆိုလျှင် မွန်ကလေးငယ်များ အားကိုးအားထားရာ မွန်အမျိုးသားကျောင်းများတွင် ဆရာ၊ ဆရာမ မတည်မြဲမှု၊ လစာအဆင်မပြေမှုများ ဖြစ်ပေါ်နေသည်။ မွန်ပြည်သစ်ပါတီဦးဆောင်မှုဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသလို မွန်လူထုတစ်ရပ်လုံးလည်း ဝိုင်းဝန်းထောက်ပံ့ကြရန်လိုသည်။ သို့မှသာလျှင် မွန်ကလေးများ၏ အနာဂတ်ပညာရေးကို ကူညီရာရောက်ပါသည်။
ကမ္ဘာ့ရွာကြီးတစ်ရွာဟု တင်စားထားသည့် မြင့်မားလာသော နည်းပညာခေတ်တွင် စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမှု အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးရန်လိုသည်။ မွန်အမျိုးသားကျောင်းများသည် မိခင်စာပေမပျောက်အောင် ထိန်းသိမ်းရာ ဗိမာန်ကြီးဟုလည်း ဆိုနိုင်သည်။ သင်ကြားပြသသော ဆရာနှင့် သင်ယူသော ကျောင်းသားများမှာ အားလုံးမွန်လူမျိုးများဖြစ်သောကြောင့် သင်ကြားရေးတွင် အဆင်ချောလှသည်။ မွန်အမျိုးသားကျောင်းများသည် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းရာ မိခင်ဘာသာစာပေမပျောက်အောင် လက်ဆင့်ကမ်း အမွေပေးရာနေရာလည်း ဖြစ်သည်။
နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားစာပေကို ကျောင်းချိန်ပြင်ပ၊ အားလပ်ချိန်များတွင် သင်ကြားပြသရန် ပြဋ္ဌာန်းလိုက်ပြီး ဖြစ်သော်လည်း သင်ကြားပြသမည့် ဆရာ၊ သင်ယူမည့် ကျောင်းသားများအတွက် ခက်ခဲနေဆဲပင်ဖြစ်သည်။ နည်းပညာထွန်းကားသော ခေတ်ဖြစ်စေကာမှု “အ” သုံးလုံးနားမလည်ဘဲ နိုင်ငံရပ်ခြားတိုင်းပြည်သို့ ကျွန်အဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေရသည့် မွန်လူငယ်များမှာ မရေတွက်နိုင်အောင်ပါ။ မွန်ဆရာတော် သံဃာတော်ကြီးများနှင့် မွန်အမျိုးသားကျောင်းများ၏ ကျေးဇူးကြောင့်လည်း ဝေးလံခေါင်သီသော ဒေသများရှိ မွန်ကလေးများသည် စာပေကို အနည်းငယ် (သေစာ၊ ရှင်စာ) ရေးတတ် ဖတ်တတ်ခဲ့ကြသည်။
ထိုကျောင်းများ၏ ရပ်တည်ချက်ကိုလည်း မွန်ပြည်သစ်ပါတီ၏ ထောက်ပံ့ကြေးတစ်ခုတည်းဖြင့်မမှီခိုသင့်တော့ပါ။ မွန်လူထုတစ်ရပ်လုံး ဝိုင်းဝန်းထောက်ပံ့ပေးရန်လိုသည်။ သို့မှသာလျှင် မွန်အမျိုးသားကျောင်းများ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပြီး အမျိုးသားအကျိုးကိုလည်း သယ်ပိုးရာရောက်မည်ဖြစ်သည်။
ယခုပွင့်လင်းမြင်သာလာသည့် ခေတ်ကာလတွင် အစိုးရမှလည်း တိုင်းရင်းသားတို့၏ အခွင့်အရေးများကို ထိုက်သင့်သလောက် လမ်းဖွင့်ပေးနေပြီးဖြစ်သည်။ လူမှုရေးအဖွဲ့အစည်း အများအပြားတို့သည်လည်း တိုင်းရင်းသားဒေသသို့ ကွင်းဆင်းလေ့လာပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသည်။ သတင်းမီဒီယာကဏ္ဍတို့သည်လည်း ကြီးမားကျယ်ပြန့်လာသောကြောင့် တိုင်းရင်းသားဒေသများ၏ လိုအပ်ချက်များကို ထုတ်ဖော်ရေးသားနေပြီဖြစ်သည်။
ထိုအခြေအနေမျိုးတွင် မွန်လူထုအဖွဲ့အစည်းများကလည်း မိခင်ဘာသာပြန့်ပွားရာ မွန်အမျိုးသားကျောင်းများ၏ အရေးကိစ္စများကို မွန်လူထုတစ်ရပ်လုံးသိရှိနားလည်အောင် လှုံ့ဆော်၍ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သင့်ပါသည်။ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း မွန်ပြည်သစ်ပါတီ၊ မွန်ပြည်သူလူထုများသာမက၊ မွန်ပညာရေးထောက်ပံ့သည့် အဖွဲ့အစည်းဖောင်ဒေးရှင်းများနှင့် မွန်လူငယ်အဖွဲ့အစည်းများ လက်တွဲလုပ်ဆောင်သင့်သည်။ သို့မှသာလျှင် ရေရှည်တည်တံ့ရေးအတွက် အခြေခံအုတ်မြစ်ကျမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြား နားလည်မှုလွဲမှားတတ်သည်ကို အထူးအလေးထားရမည်။ ထို့ကြောင့် ကနဦးအနေဖြင့် နားလည်မှုရယူခြင်းဖြင့် အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုကြား ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်သည်။
စစ်အစိုးရလက်ထက်တွင် မိခင်ဘာသာသင်ကြားမှုကို တင်းကျပ်စွာပိတ်ပင်ထားသည်။ မွန်အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်။ အသက်၊ သွေး၊ ချွေးပေးဆပ်ပြီးမှ ရရှိလာသော အခွင့်အရေးဖြစ်သည်။ ထိုသို့တည်ဆောက်လာခဲ့ရသော မွန်ပညာရေးကို ကျွန်ုပ်တို့လက်ထက်ကျလျှင်လည်း မပျက်စီးအောင် လက်ဆင့်ကမ်းထိန်းသိမ်းသင့်သည်။ လိုအပ်ချက်များကို စေတနာသန့်သန့်ဖြင့် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးရမည်ဟုလည်း မိမိတို့နှလုံးအိမ်တွင် ထည့်ထားရန်လိုသည်။ စေနာရှင်ဆရာမတို့ကိုလည်း သူတို့နဲ့ထိုက်တန်သော လစာများ ထောက်ပံ့ပေးရမည်ဖြစ်သည်။
ကျောင်းဆရာတစ်ဦးက စာရေးသူနဲ့ ဆုံတုန်းရင်ဖွင့်ပြခဲ့ဖူးသည်။ “ငါတို့ဟာ အရူးတွေပဲ။ လူပျိုလူလွတ်မဟုတ်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီအလုပ်ကို ဝါသနာပါတော့လည်း မစွန့်လွှတ်ရက်ဘူး။ လစာကိုကြည့်ပြီးလုပ်ရမည်ဆိုလျှင် ထမင်းငတ်မှာ သေချာတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ကလေးတွေရဲ့ ဘဝအခြေအနေကို သိနေပြန်တော့ လစာမလောက်ငှမှာကို ငါမညည်းတော့ဘူး။ သူတို့လေးတွေရဲ့ အနာဂတ်အကျိုးမဲ့ မရှုံးဆုံးစေချင်ဘူး။ ဒါကြောင့် ဒီအလုပ်လုပ်နေရတာ လိပ်ပြာသန့်တယ်။ ဝါသနာပါတော့ ပျော်ရွှင်ပြီး စိတ်ချမ်းသာတယ်။ လစာကိုလည်း လောက်ငှအောင် ကုပ်ခြစ်ပြီးနေရတာပေါ့”ဟု ပြောပြခဲ့ဖူးပါတယ်။
မွန်ကျောင်းဆရာလေးရဲ့ စိတ်ဓာတ်ကို ကျွန်တော် ဦးညွှတ်မိပါသည်။ မွန်အမျိုးသားကျောင်းနှင့် ကျေးလက်နေ မွန်ကလေးများခွဲခြား၍မရပါ။ မွန်အမျိုးသားကျောင်းများသည် မွန်ကလေးများ၏ ဘဝပင်ဖြစ်သည်။ ကျယ်ပြန့်လှသော လောကကြီးထဲ တောင်ပံ့ဖြန့်ဝင်ရောက်ဖို့ မွန်ကလေးများအတွက် ပဏာမ ပညာဝမ်းစာဖြည့်တင်း ခေတ္တနားခိုရာ အရိပ်ကလေးပင်ဖြစ်သည်။ ဤသည်ကို ကျွန်ုပ်တို့မွန်မိဘပြည်သူများ သိထားရန်လိုအပ်သည်။ ပန်းပွင့်လှလှလေးများလိုချင်လျှင် ပန်းပျိုးသူဥယျာဉ်မှူးကောင်းနှင့် မြေဆီလွှာကောင်းတို့ လိုအပ်သကဲ့သို့ မွန်ကလေးငယ်များ၏ အနာဂတ်လှပဖို့အတွက် မွန်အမျိုးသားကျောင်းဆရာနှင့် မွန်အမျိုးသားကျောင်းများ အစွန့်ရှည်ရှင်သန်နေရဦးမည်။ မွန်ပြည်သူလူထုတစ်ရပ်လုံးအတွက် ထိုအမျိုးသားကျောင်းများမှ ခေါင်းဆောင်များဆက်လက် မွေးထုတ်ပေးဦးမည်ဖြစ်သည်။
ထို့ကြောင့် မွန်မိဘပြည်သူများအနေဖြင့် မွန်ကလေးများ၏ အနာဂတ်ပန်းတိုင် မမဲ့စေဖို့၊ မွန်အမျိုးသားကျောင်းများ၊ မပျောက်ပျက်စေဖို့ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးရန်လိုသည်။ ထိုသို့ပါဝင်ဆောင်ရွက်ခြင်းသည် မိခင်စာပေရှင်သန်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်သကဲ့သို့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရာကျောင်းတော်ကြီး အဓွန့်ရှည်တည်တံ့ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်မည်ဖြစ်သည်။ ။
မှတ်ချက်။ ။ မွန်သတင်းအေဂျင်စီ၏ အာဘော်မဟုတ်ပါ။
ရေးသားသူ-ရာမညမင်းငြိမ်းချမ်း