မြန်မာနိုင်ငံတွင် မြေအသုံးချမှုစီမံခန့်ခွဲရာတွင် အစိုးရက စီမံခန့်ခွဲထားသော မြေများအတွင်း ဝင်ရောက်အခြေချ နေထိုင်ကြသည့်အတွက် မြေယာအငြင်းပွားမှုများ ကြုံတွေ့နေရသည့် အပြင် အခြားအကန့်အသတ်နှင့် စိန်ခေါ်မှုများ ရင်ဆိုင်တွေ့ ကြုံနေရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဗိုရမ်တွင် မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှာ အမျိုးသားမြေအသုံးချမှုကောင်စီတွင်လည်း ဥက္ကဋ္ဌ တာဝန်ယူထား သူဖြစ်သည်။ လက်ရှိတွင် မြေယာနှင့်ပတ်သက်ပြီး အဓိက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ မြေဧရိယာ ကျယ်ပြန့်စွာ ရင်းနှီးမြှပ်နှံမှု ခွင့်ပြုမပေးနိုင်ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများ ခေတ်စနစ်နှင့် အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ခြင်း၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများ ချိတ်ဆက်မှုမရှိခြင်း၊ သဟဇာတ မဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ အဂတိတရားနှင့် ဆောင်ရွက်မှုများရှိနေခြင်း၊ အသိ ပညာပေးရန် လိုအပ်ခြင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရာတွင် စီးပွားရေး အကျိုးအမြတ်အများဆုံးနှင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှု ဦးစားပေးအစီအစဉ်များ ကြိုတင်ရေးဆွဲမှုအားနည်းခြင်း စသည့်အချက် များစွာ ရှိနေကြောင်း ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။
“ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒမှာ ပါဝင်တဲ့ ရည်ရွယ်ချက်တွေကို အကောင် အထည်ဖော်ဖို့အတွက် မြေယာစီမံခန့်ခွဲမှုနဲ့ ဆက်စပ်နေတဲ့ လက်ရှိ ဥပဒေတွေကို လေ့လာဆန်းစစ်ပြီး ပြည်သူအကျိုးပြုနိုင်မယ့် မူဝါဒ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စီမံခန့်ခွဲမှုပုံစံတွေ ဖြစ်ပေါ်လာဖို့အတွက် အဲ့ဒီဥပဒေတွေကို လွှမ်းခြုံတဲ့ အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်”ဟု ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။
လက်ရှိတွင် အထောက်အကူပြုလုပ်ငန်းကော်မတီများနှင့် အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ မြေ သယံဇာတအရင်းအမြစ်များကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ သည်။
အထူးလိုအပ်ချက်အရ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် လယ်ယာမြေဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ထားသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့နှင့်အမျိုးသား မြေအသုံးချမှုကောင်စီတို့အကြား မြေစီမံခန့်ခွဲမှုကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အတွက် အဆိုပါ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နည်းလမ်းများကိုလည်း ရှာဖွေရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်ရာအကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး လူဦးရေသိပ်သည်းမှုအနေဖြင့် မြေဧရိယာတစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၈၁ ဦးခန့်နေထိုင်လျက်ရှိပြီး အရှေ့တောင်အာရှ လာအိုနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် လူဦးရေသိပ်သည်းမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။