တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-NCA တနှစ်တာကာလအတွင်း ပါ၀င်ပတ်သက်သူအချို့ရဲ့ သုံးသပ်ပြောဆိုချက်များ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-NCA တနှစ်တာကာလအတွင်း ပါ၀င်ပတ်သက်သူအချို့ရဲ့ သုံးသပ်ပြောဆိုချက်များ
by -
ကေအိုင်စီ
နော်ယုဇနဝါ (အတွင်းရေးမှူ-၁၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ) NCA လက်မှတ်ရေးထိုးပြီးနောက် ဆိုးကျိုးတွေကတော့ တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်တပ်တွေက မြိုင်ကြီးငူ၊မဲသဝေါ်ဒေသကို စစ်ဆင်လာတာဟာဆိုလို့ရှိရင် လက်မှတ်ထိုးထားတဲ့ KNU နဲ့ ကရင့်လက်နက်ကိုင်အဖွဲ့၃ဖွဲ့နဲ့ စစ်ပြန်လည်မဖြစ်ပွားဘူးဆိုပေမယ့်လည်း လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ပေါ်မှာ ထိုးစစ်ဆင်မှုကြောင့် ကျမတို့ကရင်ဒုက္ခသည်အမြောက်အများက မြိုင်ကြီးငူဒေသနဲ့ နယ်စပ်ဒေသတွေမှာ စစ်ဘေးရှောင်နေကြရတယ်။ အခုဆိုရင် မဲသဝေါ်ဒေသမှာ စစ်ဘေးရှောင်၅၀၀၀ကျော်လောက်ရှိနေပါတယ်။ သူတို့တွေက ပြန်ဖို့လည်းအခက်အခဲတွေကြံုနေကြရတယ်။

တပ်မတော်ကစစ်ကြောင်း ပြန်မရုပ်သိမ်းသေးဘူးဆိုတဲ့အချက်ရယ်။ နောက်တစ်ချက်ကျတော့ မြေမြှုပ်မိုင်းတွေရယ်။ နောက်ဆုံးအချက်ကတော့ အဓိကသူတို့အိမ်ကောင်းယာကောင်းမှာကတော့ သစ်ပြားတွေကိုခွာယူခြင်းခံရပြီးတော့ သိပ်မကောင်းတဲ့အိမ်တွေဆိုရင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ကြရတယ်။ သူတို့ပိုင်ဆိုင်တဲ့ ကျွဲ၊နွားတွေလည်းမရှိတော့ပါဘူး။ စစ်ဆင်ရေးကာလတွေမှာ ရိက္ခာအဖြစ်နဲ့သုံးစွဲခြင်းခံရတယ်လို့တော့သူတို့က ယူဆတာပေါ့။ ဒုက္ခသည်ပြဿနာတွေက တော်တော်လေးကြီးမားနေပါတယ်။ သူတို့ကိုပံ့ပိုးရမယ့် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေးဆိုတဲ့ အခွင့်အရေးတွေလည်း လိုအပ်နေသေးပါတယ်။

NCA လက်မှတ်ထိုးပြီး တနှစ်အတွင်းမှာ ပြောင်းလဲမှုကတော့ ထင်သာမြင်သာတော့ သိပ်မရှိဘူးပေါ့နော်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပေးတာက ကောင်းတဲ့အချက်တစ်ချက်လို့ မြင်ရတာပေါ့နော်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း လုပ်ခွင့်ပေးခဲ့ပါတယ်။ NCA လက်မှတ်ထိုးပြီး သေနတ်သံတွေ ပြန်ထွက်ပေါ်လာတာက ကျမတို့အနေနဲ့က NCA လက်မှတ်ထိုးတဲ့ စာချုပ်အပေါ်မှာလည်းသံသယဖြစ်မိတာပေါ့။ အဓိပ္ပာယ်ပြည့်ဝတဲ့ NCA ဖြစ်ဖို့ကတော့ တပ်မတော်မှာ အများကြီးမူတည်နေပါတယ်။ သူ့အနေနဲ့ကဒီလိုပဲ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေမယ်ဆိုလို့ရှိရင် တစ်နိုင်ငံလုံးအပစ်ရပ်တဲ့ NCA က ဖြစ်လာမှာလည်းမဟုတ်ဘူး။ အခုကရင်ပြည်နယ်မှာ သုံးဖွဲ့တောင်လက်မှတ်ရေးထိုးထားတယ်။ ဘယ်လောက်မှအင်အားရှိတာမဟုတ်တဲ့ ဒီအဖွဲ့(ခွဲထွက်ဒီကေဘီအေ)အပေါ်မှာ ထိုးလိုက်တဲ့စစ်ဆင်မှုကြောင့် ထွက်လာတဲ့ဒုက္ခသည်တွေရဲ့ ဆိုးကျိုးတွေကပိုပြီးများပြားလာနေပါတယ်။ ဒါကြောင့်တပ်မတော်ကဒီ NCA မှာလက်မှတ်ထိုးထားတယ်ဆိုတာ တကယ်တမ်းစိတ်ဆန္ဒအရင်းအမှန်နဲ့ ထိုးထားတာဟုတ်မဟုတ်။ ပြည်တွင်းစစ်ရပ်တန့်ဖို့ ဆန္ဒရှိမရှိ ဒါတွေကတော့ ကျမတို့အနေနဲ့ မေးခွန်းထုတ်စရာဖြစ်နေတယ်။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့ဆိုရင် အဓိကအနေနဲ့ တပ်မတော်က ပြည်သူလူထုအပေါ်မှာ မှန်ကန်တဲ့စိတ်စေတနာကောင်းတွေ ထားစေချင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်တဲ့ကိစ္စမှာလည်း တပ်မတော်အနေနဲ့ပါ၀င်ပတ်သက်မှုမရှိဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့၊ Profession ကျတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်သင့်တယ်လို့ကျမမြင်ပါတယ်။

စဧရာဝင်း(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် - တနသာင်္ရီတိုင်းဒေသကြီး)

KIC1902

ကျနော်တို့ တိုင်းအနေနဲ့ပဲကြည့်ရမယ်ဆိုရင် ကျနော်တို့ဒီ NCA လက်မှတ်ရေးထိုးပြီးတော့ ဘယ်နှစ်လအတွင်း UPDJC ရော၊ ဒီဘက်ခြမ်းကလည်း အပစ်ရပ်စောင့်ကြည့်ပြီးတော့JMC ဆိုတာရော ဖွဲ့စည်းနိုင်ခဲ့ပြီးတော့ ကျနော်တို့တိုင်းကလည်း ဒုတိယအနေနဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပထမတော့ရှမ်းပြည်က စခဲ့တာပေါ့နော်။တိုင်းဒေသကြီးမှာစဖွဲ့ကတည်းက ယနေ့အချိန်အထိ JMC ဖွဲ့ပြီးတဲ့နောက်ပိုင်းဒီ NCA လေးစားလိုက်နာမှုတွေပြီးတော့ အပြန်အလှန်ထိန်းညှိမှုတွေနဲ့ လူထုတွေကို အကာအကွယ်ပေးမှုအပိုင်းမှာလည်း ကျနော်တို့တာဝန်ယူမှုတာဝန်ခံမှုအပိုင်း အဓိကပါ၀င်တာပေါ့နော်။ NCA တစ်နှစ်ပြည့်သွားပြီး အထိတိုင်းဒေသတွေမှာ ဒီစာချုပ်ပါ နှစ်ဦးနှစ်ဖက်လေးစားလိုက်နာမှုနဲ့ သွားနေတာပေါ့။ နောက်တစ်နှစ်ပြည့်လည်း လေးစားလိုက်နာမှုနဲ့ ကျနော်တို့နိုင်ငံရေးရည်မှန််းချက်နဲ့ နိုင်ငံရေးမူဘောင်တွေကို ဆွေးနွေးရမှာကျနော်တို့လည်း JMC အနေနဲ့လည်း အခန်းကဏ္ဍတစ်ခုကနေပြီးတော့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။

ပထမကတော့ ကျနော်တို့ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာရော၊ လက်မှတ်ရေးထိုးချိန်မှာရော ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ယခုသမ္မတဦးထင်ကျော်အစိုးရလက်ထက်နဲ့ အကူးအပြောင်းကြားမှာတော့ တချက်လေးပဲအခက်အခဲဖြစ်သွားပါတယ်။ နောက်ထပ်အခက်အခဲရှိလာဖို့လည်း ကျနော်တို့မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လုပ်ဆောင်နေတဲ့ လုပ်ငန်းတိုင်းမှာအစိုးရ၊ တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူတွေညီညီမျှမျှနဲ့သွားနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဓိကဆွေးနွေးနိုင်ဖို့ အကြောင်းချင်းရာအသေးစိတ် ဒေသအတွင်းမှာရောပြီးတော့ ဇုန်ရော ကျနော်တို့သတ်မှတ်ပေးထားပြီးတော့ ဒီအမျိုးသားအဆင့်အထိ ဆွေးနွေးနိုင်တဲ့အကြောင်းအရာ၊ အခက်ခဲတွေမရှိရလေအောင် ကျနော်တို့ဘယ်နှစ်လမှာ တကြိမ်၊ဘယ်နှစ်လလောက်ဆိုပြီး အစီအစဉ်တွေဆွဲသွားပြီးတော့ အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်။

အခုလက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ တော်တော်များများကြည့် လိုက်တဲ့အခါ ကျနော်တို့လက်မှတ်ရေးထိုးထားပြီးတဲ့ အဖွဲ့တွေမပါပါဘူး။ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့၊ ဒီကြားမှာဖြစ်နေကြတဲ့လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ပြီးတော့ ကိုယ့်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ပြဿနာတွေပဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် အစိုးရပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပဲဖြစ်ဖြစ် ကြီးကြီးမားမားဖြစ်တဲ့ပြဿနာတွေကမရှိပါဘူး။ ဒါကြောင့် ကျနော်အမြင်နဲ့သုံးသပ်တာကတော့ ပြည်တွင်းစစ်ဆိုတာက ထပ်မဖြစ်လာအောင်တော့ အတတ်နိုင်ဆုံးထိန်းသိမ်းသွားမှာပဲ။ ဖြစ်လာဖို့လည်း မရှိလာနိုင်တော့ဘူးလို့တော့ ကျနော်မြင်တာပေါ့နော်။

နယ်စပ်မှာဖြစ်နေတဲ့ ကိစ္စအချို့ကျတော့ နည်းနည်းအခက်အခဲရှိတာက ဘာသာရေးကိစ္စတွေ ပြီးတော့ အစွန်းရောက်ပြီး သူ့ရဲ့အဖွဲ့စည်းတစ်ခုပဲကြည့်ပြီးတော့ ကိုယ့်ရဲ့တစ်မျိုးသားလုံးကို မကြည့်ဘဲနဲ့လုပ်သွားတဲ့ကိစ္စအချို့တွေရယ် ပါ၀င်ကောင်းပါ၀င်နိုင်မယ်။ ကျနော််တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြည်သူတွေကို စောင့်ရှောက်ရမယ့်တာဝန်က ကျနော်တို့ရဲ့JMC အဖွဲ့ရဲ့တာဝန်ဖြစ်တယ်။ ပြည်သူတွေ ကိုယ်စားရွေးချယ်ခဲ့တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပြည်သူတွေအတွက် ကြိုးစားလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

ပဒိုနော်မြိုင်ဖိုး (တရားသူကြီးချုပ်။ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ)

KIC1903

NCA ထိုးခဲ့တာ အားသာချက်နည်းတယ်။အားနည်းချက်က ပိုများသလိုဖြစ်တယ်။ NCA ထိုးလိုက်ခြင်းဖြင့် သွားရေးလာရေး လွတ်လပ်မှုတွေတော့ရသွားတာပေါ့နော်။ အကောင်အထည်ဖော်တဲ့အပိုင်းမှာ မဖြစ်လာတာလား။ မဖော်တာလားဆိုတာတော့မပြောတတ်ဘူး။ ထင်သာမြင်သာမတွေ့ရဘူးလို့ ခံစားရတယ်။ NCA နဲ့ပတ်သက်ပြီး ကျမတို့လိုချင်တာက တိုင်းရင်းသားအားလုံး လက်မှတ်ထိုးစေချင်တယ်။ တိုင်းရင်းသားအားလုံး လက်မှတ်ထိုးမှ အတည်ပြုလို့ရမယ်။ ဒါကကျမရဲ့အမြင်ဖြစ်တယ်။ NCA နဲ့ပတ်သက်ပြီး ဒီကနေ့ထိတိုင်အောင် ကတိလက်မှတ်ရေးထိုးထားတဲ့အတိုင်း မဖြစ်သေးဘူးဆိုတာကိုတွေ့နေရတယ်။ လက်မှတ်ထိုးတဲ့ ရှမ်းတွေတောင်တိုက်ပွဲဖြစ်သေးတာပဲ။ အခုမယ်သဝေါတိုက်ပွဲမဖြစ်သင့်ဘူး။ နည်းနည်းလေးဖြစ်တာနဲ့ သူတို့လာငြိမ်းသတ်ရမယ်။ ဘာကြောင့်လဲဆိုတော့ နယ်ခြားစောင့်တပ်ကို ကြိုးကိုင်တာကတပ်မတော်ပဲ။ တပ်မတော်ကအမိန့်ပေးရင်ပြီးပြီ။ ဒါတွေက လယ်ကွင်းပြင်မှာ ဆင်တစ်ကောင်သွားနေသလို ကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်ပါတယ်။

ဘယ်လိုပဲ နိုင်ငံတကာကိုမျက်နှာလုပ်ပြီး အော်နေပါစေ။ တိုက်ပွဲတွေက ကြိုကြားကြိုကြားဖြစ်နေသေးတယ်။ အထူးသဖြင့် အစိုးရဘက်မှာတာဝန်ရှိတယ်။ ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်က အစိုးရလက်အောက်ခံဖြစ်တဲ့အတွက်ကြောင့် အစိုးရကလည်း တပ်မတော်ကိုနည်းနည်းလေးထိန်းရမယ်။ အခုတနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးရဲ့ ပုံသဏ္ဍာန် လုံးဝမဆောင်ဘူးဆိုတော့ တပ်မတော်ကိုလည်း အစိုးရကထိန်းလို့မရတဲ့ပုံပေါ်နေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကအစိုးရနဲ့ နောက်တပ်မတော်နဲ့ လည်းပြန်ပြီးတော့ ဆွေးနွေးဖို့သင့်တယ်။ ပြန်ပြီးတော့ တွေ့ဆုံသင့်တယ်လို့မြင်တယ်။ လက်မှတ်ထိုးထားတယ်။ မဖြစ်လာဘူး။ တိုက်ပွဲတွေပြန်ဖြစ်တယ်။ ဒါတွေဟာဘယ်သူ့အပေါ်မှာ မူတည်လဲ။ ဘယ်သူတွေတာဝန်ရှိသလဲဆိုတာတော့ အထူးသဖြင့်အင်အားကြီးတဲ့ တပ်မတော်ဘက်က အဓိကလိုဖြစ်နေလို့ယူဆတယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ နယ်မြေထဲမှာသွားဖြစ်တာ။ မြို့ထဲကိုလာဆင်းဖြစ်တာမဟုတ်ဘူး။ ဘယ်သူတွေက ကျူးလွန်တယ်ဆိုတာကတော့ ထင်သာမြင်သာရှိပါတယ်။

NCA ရှေ့ဆက်အားကောင်းလာအောင် နှစ်ဖက်စလုံးက ကတိစာချုပ်အတိုင်း အကောင်အထည်ဖော်ဖို့ ခိုင်မာတဲ့သဘောထားရှိရမယ်။ ကတိစာချုပ်ရေးထိုးတဲ့ အတိုင်း အကောင်အထည်ဖော်မှာကို ပြည်သူတွေတွေ့မြင်၊ ယုံကြည်မှုရှိအောင်ပေါ့။ NCAဟာလည်း အချိန်တစ်နှစ်ရှိနေပါပြီ။ အောက်ခြေ ကရင်စစ်သားပဲဖြစ်ဖြစ်၊ ဗမာစစ်သားပဲဖြစ်ဖြစ်၊ ဗမာပြည်သူပဲဖြစ်ဖြစ်၊ ကရင်ပြည်သူပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပြည်သူတွေပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာမှ သေသေချာချာမသိဘူး။ ပြည်သူတွေက တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်တွေရဲ့ NCA အကြောင်းကို ကောင်းကောင်းမွန်မွန်နားလည်အောင် ပြောပြတာကိုလိုချင်တယ်။ ဒါတွေကိုချပြဖို့ နှစ်ဖက်တာဝန်ရှိသူတွေက နည်းလမ်းရှာကြရမယ်။ ပြည်သူတွေ၊ အောက်ခြေစစ်သားတွေဆီရောက်ရှိအောင် ဘယ်လိုလမ်းရှာကြမလဲ။ သူတို့လုပ်ဆောင်ကြရမယ်။ Joint monitor တွေမှာလည်း အမျိုးသမီးခေါင်းဆောင်မပါ၀င်သေးဘူး။ အမျိုးသမီးအင်အားတအားလိုနေတယ်။ consultation လုပ်တဲ့အခါကျမှ အမျိုးသမီးအဖွဲ့တွေကိုလာခေါ်ကြတယ်။ အမှန်မှန်ဆို အမျိုးသမီးတွေပါမှသာလျှင် ပိုပြီးတော့ တိကျမှန်ကန်တဲ့ငြိမ်းချမ်းရေးအတွက် အခု NCA ထိုးတာလည်း တကယ်အောင်မြင်မယ်လို့ ယူဆတယ်လေ။ တစ်ပြည်လုံး ပစ်ခတ်ရပ်စဲရေးလုပ်တဲ့အချိန်မှာ နည်းနည်းလေး ပြန်စဉ်းစားသုံးသပ်စေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေမကဘူး။ အစိုးရဘက်ကကော၊ တပ်မတော်ဘက်ကကော အထူးသတိထားဖို့တိုက်တွန်းချင်တယ်။

နော်ဆာထူး (အရပ်ဖက်ကိုယ်စားလှယ်။ JMC-S မွန်ပြည်နယ်)

KIC184

NCA နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးပါ၀င်နိုင်ဖို့က အရေးကြီးတာပေါ့နော်။ တစ်နို်င်ငံလုံးပစ်ခတ်ရပ်စဲရေး စာချုပ်လို့ဆိုပေမယ့် အခုကလက်မှတ်ထိုးထားတာ(၈)ဖွဲ့ပဲရှိသေးတယ်။ တစ်ဖက်မှာလည်း လက်မှတ်မထိုးတဲ့အဖွဲ့တွေရှိတယ်။ တပ်မတော်တွေရဲ့ တပ်သားတွေထားရှိပုံတွေကို ပြည်သူတွေ ပြောကြားချက်အရ ကျမတို့သိရတာ ဒါကကောင်းတဲ့အချက်တစ်ခုဖြစ်တယ်။ မွန်ပြည်နယ်မှာက သထုံ၊ တပ်မဟာ(၁)နဲ့တပ်မဟာ (၆)နယ်မြေပါ၀င်တာပေါ့နော်။ ရေးဘက်မှာဆိုရင် မွန်တွေရှိတာပေါ့နော်။ လွန်ခဲ့တဲ့တစ်လအတွင်းမှာ မြေယာပြဿနာဖြစ်တယ်။ NCA စာချုပ်ပါအတိုင်းဆိုရင် မြေယာပြဿနာက ပါ၀င်ပေမယ့် မွန်ကလက်မှတ်မထိုးတဲ့အတွက် သူတို့အတွက် သိပ်ပြီး အကျုံးမဝင်သလိုဖြစ်တယ်။ သူတို့နေစရာတွေ ၀င်ဆောက်တာတွေ အဲဒီလိုအခက်အခဲတွေရှိတယ်။

ရွာတွေဘက်မှာ ကျမရေးဘက်နဲ့ သံဖြူဇရပ်ဘက်ကို ပိုရောက်တာများတယ်။ ပြည်သူတွေ NCA နဲ့ဆိုင်တဲ့အချက် (၁၇)ချက်ကိုသူတို့မသိဘူး။ ကျမတို့ CSOတွေနဲ့ သင်တန်းပေးဖြစ်တယ်။ NCA ဘာကြောင့်ဖြစ်ပေါ်လာရတာလဲ။ ကျေးရွာဒေသတွေအခွင့်အလမ်း၊ အခွင့်အရေးကိုသိရမယ်။ ကျမကိုယ်တိုင်ကလည်း တပ်မတော်(ဗမာ)ဘက်ကမဟုတ်ဘူး။ ဒီလိုပဲ လက်နက်ကိုင်(တိုင်းရင်းသား)ဖက်ကလည်းမဟုတ်ဘူး။ ကျမက ပြည်သူ့ဘက်ကဖြစ်တဲ့အတွက် ပြည်သူတွေဖြစ်တဲ့ အခက်အခဲကိုပြောပြတာ သူတို့သိလာတဲ့အခါကျတော့ ၀မ်းသာကြတယ်။ အဲဒီမှာမွန်တွေရော၊ကရင်တွေရောရှိကြတယ်။ NCA နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို တကယ့်အောက်ခြေအထိ အဆင့်ဆင့်ပြောပေးစေချင်တယ်။ လုပ်ပေးစေချင်တယ်။ သိစေချင်တယ်။ ဒါမှသာစာချုပ်မှာပါတဲ့ အချက်အားဖြင့် ကိုယ့်လူထုအတွက် ဘယ်လောက်အကာအကွယ် ဖြစ်နိုင်လဲပေါ့နော်။

ကျမက မွန်ပြည်နယ်ထဲမှာနေတဲ့အတွက် တချို့ကျမ ကြားရတာတွေက မလွယ်ဘူး။NCA က သိပ်ပြီးအကျိုးမဖြစ်ဘူးလို့ ကျမမြင်တယ်။ ဒီထက်အကျိုးပိုဖြစ်ဖို့က အခုတက်တဲ့အစိုးရပဲဖြစ်ဖြစ်၊ ကျမတို့ပြောနေတဲ့ သုံးပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ် ပြည်သူအတွက်၊ နိုင်ငံအကျိုးအတွက် ကိုမျှော်မှန်းဖို့ကအရေးကြီးတယ်။ အဆင့်ဆင့်စီစဉ်ဆောင်ရွက်ရမယ်။ စာချုပ်ထဲမှာပဲ၊ စားပွဲပေါ်မှာပဲပြောတာမဟုတ်ဘဲနဲ့ တကယ့်လက်တွေ့ သေသေချာချာလုပ်ရမယ်။ အပြောနဲ့ လက်တွေ့နဲ့ တစ်ထပ်တည်းကျဖို့လိုတယ်။

ပဒိုစောလှထွန်း (ဗဟိုအမြဲတမ်းကော်မတီဝင်၊ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ)

KIC1905

ဒီNCA လက်မှတ်ထိုးရခြင်းဖြစ်တည်လာမှုက ဒီနိုင်ငံရဲ့ပြည်တွင်းစစ်ကိုချုပ်ငြိမ်းချင်တာပေါ့။ အဲဒီစာချုပ်ကလည်း၂၀၁၅၊နိုဝင်ဘာလ (၁၅)ရက်နေ့မှာ စာချုပ်လက်မှတ်ထိုးခဲ့တာမို့ တစ်နှစ်ပြည့်ပြီပေါ့။ စာချုပ်အတိုင်း (၈)ဖွဲ့လက်မှတ်ထိုးတယ်။ အရင်ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်ထဲကနေအတည်ပြုထားတဲ့အတွက် ဒီ NCAဆိုတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အပေါ် ဆောင်ရွက်သွားရမှာတွေက လွှတ်တော်မှာ အတည်ပြုချက်ရှိတဲ့အတွက် အာမခံချက်ရှိတဲ့ အားကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်။ နောက်ထပ် အားသာချက်တစ်ခုကလည်း NCA စာချုပ်ကို လွှတ်တော်မှာ အတည်ပြုတဲ့အတွက် ဆက်လက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင်လို့ JMC ကိုကျနော်တို့ဖွဲ့ခဲ့တယ်။ NCA စာချုပ်အရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းရရှိတဲ့အတွက် ဒါအားသာချက်တစ်ခုဖြစ်လာတာပေါ့နော်။

ဒီ အပစ်ခတ်ရပ်စဲရေး စာချုပ်တစ်နှစ်တာကာလမှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ အတွက်နည်းလမ်းရှာ၊ လမ်းကြောင်းရှာပေမယ့်လည်း ဒီကနေ့အထိဆွေးနွေးနေရဆဲ၊ ညှိနေရဆဲကာလပဲရှိသေးတဲ့အတွက် အောင်မြင်မှုတစ်ခုပြောလို့ မရသေးဘူးပေါ့နော်။  နှစ်တစ်နှစ် အချိန်ကိုပြန်ကြည့်တဲ့အခါမှာ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး (၁၆)ဖွဲ့ဖြစ်တဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ ဆွေးနွေးပြီးတော့ တစ်နှစ်ကျော်ကာလမှာ NCA ဆိုတဲ့ စာချုပ်ကိုရရှိခဲ့တယ်။ ဒါပေမယ့်တကယ်လက်မှတ်ထိုးတဲ့ခါကျမှာ (၁၆)ဖွဲ့လုံးမပါ၀င်နိုင်တဲ့ အားနည်းချက်တစ်ခုတွေ့ရတာပေါ့နော်။

NCA တနှစ်တာကာလမှာဖြစ်သွားတဲ့ ပဋိပက္ခတွေက ကျနော်တို့တည်ဆောက်ရမယ့်လမ်းကြောင်းပေါ်မှာ ချဉ်းကပ်မှု၊ နားလည်မှုလွဲပြီးတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေရှိတယ်။ အဓိကက ကျနော်တို့တာဝန်ယူရမယ့်အပိုင်းက သုံးပိုင်းရှိတာပေါ့။ အစိုးရမှာတာဝန်ရှိသလို တပ်မတော်ဘက်အပိုင်းမှာလည်း တာဝန်ရှိတာပေါ့။ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်မှုနယ်မြေအတွင်းမှာ တာဝန်ပြန်ရှိတာပေါ့နော်။ အခုဆိုရင်လည်း လက်မှတ်မထိုးရသေးတဲ့ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကလည်း NLD အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ပြီးတော့ NCA လက်မှတ်ထိုးနိုင်ရေးအတွက် အချက်(၈)ချက်ကို ပြန်ပြီးဆွေးနွေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်တာအတောအတွင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ထိတွေ့မှုတွေရှိတယ်။ ပဋိပက္ခတွေရှိမယ်။ အတတ်နိုင်ဆုံးအကောင်းဆုံးနည်းလမ်းတွေ ရှာကြံပြီးတော့လုပ်ဆောင်သွားရမယ်။

ဒီနိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်းရေးဟာ လက်နက်ကိုင်ပဋိပက္ခမရှိတာ တခုတည်းနဲ့က အားလုံးအတူတကွ ငြိမ်းချမ်းတဲ့ပုံစံကိုမရနိုင်ဘူး။ တိုင်းရင်းသားတွေကိုင်စွဲခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်၊ အစိုးရဘက်ကရပ်တည်ချက်နဲ့ဖြစ်ခဲ့တာက နိုင်ငံရေးတောင်းဆိုမှုတိုက်ပွဲပေါ့နော်။ ဒါကလည်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းသွားအောင် အပစ်ခတ်ရပ်စဲရေးမြန်မြန်လုပ်သွားရအောင်ဆိုပြီးတော့ လုပ်တဲ့ ဦးတည်တာဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီနိုင်ငံရဲ့သွားရမယ့်ငြိမ်းချမ်းရေးပုံစံက NCA စာချုပ်အပြင် တကယ့်ကို တခြားသောအကြောင်း အရာအမျိုးမျိုးနဲ့ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဆောင်ရွက်သွားဖို့၊ ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သွားဖို့ဒါက အဆင့်လိုက်အဆင့် လိုက်ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက်ဒီဖြစ်စဉ်ကို ပြည်သူလူထုတစ်ရပ်လုံးသိအောင် ချပြဖို့လိုသလို ပြည်သူတစ်ရပ်လုံးပါ၀င်မှ နိုင်ငံရေးဖြစ်စဉ်ရဲ့ ငြိမ်းချမ်းရေးရလာမှာဖြစ်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...