လူငယ်အမျိုးသားမှန်သမျှ စစ်မှုထမ်းရမည်ဟု သတင်းထွက်ပြီးနောက် ဖမ်းဆီးခံရမှုများလာ

လူငယ်အမျိုးသားမှန်သမျှ စစ်မှုထမ်းရမည်ဟု သတင်းထွက်ပြီးနောက် ဖမ်းဆီးခံရမှုများလာ

ရန်ကုန်တိုင်းရှိ မြို့နယ်များမှ အမျိုးသားလူငယ်များ မဖြစ်မနေ စစ်မှုထမ်းရမည်ဆိုသည့် သတင်းထွက်လာပြီးနောက် ရန်ကုန်တွင် လူငယ်များ ဖမ်းဆီးခံရမှု များလာကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ပထမအပတ်အတွင်းက ရန်ကုန်ရှိ မြို့နယ်များမှ အသက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ မိမိအလှည့်ရောက်လာပါက မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ငွေပေးပြီး လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ကြောင်းနှင့် စစ်မှုမထမ်းဘဲ တိမ်းရှောင်ပါက အရေးယူမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူများပါက ရပ်ကွက်၊ လမ်း၊ နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးမည်ဟု စစ်ကောင်စီက ညွှန်ကြားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ သတင်းများထွက်လာပြီးနောက်တွင် ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းစစ်ခြင်း၊ လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခံရသည့် လူငယ်များရှိကြောင်း ဒေသခံများက ဆိုသည်။

“လူငယ်တွေကိုပဲ ဖမ်းတာဗျ၊ လမ်းပေါ်မှာ ဖမ်းခံရတာတွေရော အိမ်ထဲ ဧည့်စာရင်းစစ်ပြီး ဖမ်းတာတွေရော အစုံပဲ။ ဖေ့ဘုတ်ပေါ် သတင်းကြည့်လည်း ပါသွားပြန်ပြီ၊ ဖမ်းသွားပြန်ပြီတွေပဲ တွေ့နေရတယ်” ဟု သာကေတမြို့နယ် ၁၀ ရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ရွှေပေါက္ကံမှ ဒေသခံတဦးကလည်း “တနေရာမဟုတ် တနေရာမှာ ဖမ်းခံရတာမျိုးက ကြားနေရတာပဲ။ ညကလည်း ၉ နာရီကျော်ကျော်လောက်ရှိမယ်ထင်တယ် တောင်ဒဂုံမှာ ကောင်လေးတွေကို ဒူးထောက်ခိုင်းထားတာတွေ တွေ့တယ်တဲ့၊ အဲ့ဒီနားမှာနေတဲ့ အစ်မရုံးက မိတ်ဆွေပြောပြတာ” ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေသည့် Rangoon Scout Network (RSN) ၏ မှတ်တမ်းများအရ ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်အထိ ရန်ကုန်တိုင်းတွင် လူငယ်များ ဖမ်းဆီးခံရမှုဖြစ်စဉ် စုစုပေါင်း ၅၉ ခုရှိသည်ဟု သိရသည်။

ထိုအနက် ဖြစ်စဉ် ၇ ခုကို အတည်ပြုနေဆဲဖြစ်သည်ဟု RSN က ဆိုသည်။

“စစ်မှုထမ်းအတွက် လူဆွဲတာက အများဆုံးပါ။ ဧည့်စစ်ပြီး ဖမ်းခေါ်တာ၊ လမ်းမပေါ် လိုက်ဆွဲတာ၊ အတိအကျလာရှာပြီး ခေါ်သွားတာ၊ ဆေးသမားလိုက်ဆွဲတာ မျိုးစုံပါပဲ။ မြေအောက်ရဲဘော်တွေ ဖမ်းခံရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။ စစ်မှုထမ်းအပတ်စဉ် (၈) အသုတ်အတွက် လူရှာရ ပိုခက်လာပုံပဲ။ အဲ့ဒါကြောင့် ဖမ်းဆီးတာတွေ ပိုပြီး သိသာလာတယ် ထင်ပါတယ်ဗျ။ လူဝယ်ပြီး အစားထိုးတဲ့ဈေးကွက်ကို ဖျက်ဖို့ နောက်လကစပြီး စစ်မှုထမ်းလူခေါ်တဲ့ပုံစံ ပြောင်းမယ်ဆိုတဲ့အသံတွေ ထုတ်နေတာကြောင့်လည်း ဒီလထဲ အသည်းအသန်လိုက်ဖမ်းပြီး ရသလောက် ဖန်နေကြပုံရပါတယ်ဗျ” ဟု RSN မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ပုံစံမျိုးစုံဖြင့် ဖမ်းဆီးမှုများကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင် ညဘက် အပြင်ထွက်သွားလာသူများ နည်းပါးလာကြောင်းလည်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“အခုဆို ည ၈ နာရီလောက်ဆိုတာနဲ့ လမ်းပေါ်မှာ လူတွေပျောက်ပြီ။ ၈ နာရီက ည ၁၂ နာရီအတိုင်းပဲ။ အထူးသဖြင့် လူငယ်တွေပေါ့ အပြင်သိပ်မထွက်ကြတော့ဘူး” ဟု မြောက်ဥက္ကလာပ မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စစ်မှုထမ်းရန် နာမည်စာရင်းပါသည့် လူငယ်များသာမက နာမည်စာရင်းမပါသေးသော်လည်း စစ်မှုထမ်းရမည့်အရေး စိုးရိမ်မှုများကြောင့် လူငယ်အချို့ နယ်စပ်ဒေသများမှတဆင့် ပြည်ပနိုင်ငံများကို ထွက်ခွာမှုများလည်းရှိလာကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးအမှတ် (၂) ဂိတ်တံတားပေါ်တွင် စစ်ဆေးနေသည့် အာသံရိုင်ဖယ်စစ်သားများနှင့် ဖြတ်သန်းသွားလာမည့် ဒေသခံများ။ (ဓါတ်ပုံ – ပေးပို့။)
January 15, 2025
အိန္ဒိယနဲ့ မြန်မာ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဟာ အရင်က နှစ်နိုင်ငံကလူတွေ...
January 13, 2025
ဓါတ်ပုံ - ဆေးဝါးကုသမှု လုံလောက်စွာ မရသဖြင့် ဒိုက်ဦးထောင်တွင် အကျဉ်းကျခံနေရသည့်...
January 9, 2025
ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဝဲ) နှင့် အမျိုးသား...
ကနီမြို့နယ်အတွင်း ရေကြောင်းနှင့် ကုန်းကြောင်းဂိတ်များမှ ဖမ်းဆီးထားသည့် သစ်မှောင်ခို သယ်ဆောင်မှုများ (Photo -CJ)
January 8, 2025
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ကနီမြို့နယ်တွင်...