သတင်းသမားများ စိုးရိမ်မှု အစိုးရ နှင့် ဆွေးနွေးရန် ပြောခွင့်ရ ပုဂ္ဂိုလ်ပြော

သတင်းသမားများ စိုးရိမ်မှု အစိုးရ နှင့် ဆွေးနွေးရန် ပြောခွင့်ရ ပုဂ္ဂိုလ်ပြော

သတင်းသမားများအနေဖြင့် မိမိတို့ ကြုံတွေ့ နေရသည့် စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီး အစိုးရနှင့် သော်လည်းကောင်း လုံခြုံရေး တပ်ဖွဲ့များနှင့် သော်လည်းကောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်ဟု သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က ပြောဆို လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများ သတင်းစာ သမ္မတရုုံး၏ ရှင်းလင်းပွဲတွင် သတင်းသမားတစ်ဦးမှ ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပြောဆို လိုက် ခြင်းဖြစ်သည်။

“ကျနော်အကြံပြုချင်တာကတော့ အခုသတင်းမီဒီယာနဲ့ လုံခြုံရေးတပ်ဖွဲ့အကြား၊ သတင်းမီဒီယာနဲ့ အစိုးရ အကြား ကိုယ့်ဘက်က ဘာတွေ စိုးရိမ်မှုရှိတယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုတယ်။ အဲ့တော့ သတင်းထောက်တွေနဲ့ ကိုယ်ကြုံတွေ့နေရတဲ့ အနေအထားနဲ့ ကိုယ့်ရဲ့ စိုးရိမ်မှုပေါ့ သတင်းထောက်တိုင်းမှာ ဖြစ်နိုင်တဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ပွင့်ပွင့်လင်းလင်းဆွေးနွေးဖိုု့လိုတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

Reuters သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ချိုးဖောက်မှုဖြင့် စက်တင် ဘာလ ၃ ရက်နေ့ က ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။

သတင်းထောက်များအနေဖြင့် တစ်ဦးချင်း ဆွေးနွေးရန် အခက်အခဲ ရှိမည်ဆိုပါက သတင်းမီဒီယာကောင်စီ၊ MJI ၊ MJA ကဲ့သို့သော အဖွဲ့အစည်းများမှတစ်ဆင့် ကိုယ်စားပြုဆွေးနွေးနိုင်သည်ဟု သမ္မတရုံးပြောခွင့်ရ က ပြောသည်။

သို့သော်လည်း မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီ အနေဖြင့်လည်း အစိုးရ၊ တပ်မတော်၊ ပြန်ကြားရေးဝန်ကြီးဌာန စသည့် ဌာနဆိုင်ရာများဖြင့် တွေ့ဆုုံမှုများ ပြုလုုပ်ခဲ့သော်လည်း သတင်းမီဒီယာသမားများနှင့် အစိုးရ တပ်မတော် ဌာနဆိုုင်ရာတို့အကြား ယနေ့ထိတိုင် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အယူအဆများကွဲလွဲနေသည်ဟု မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီမှ အထွေထွေအတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ထောက်ပြသည်။

“အခုလည်း အစိုးရ နဲ့ လုပ်တာတွေရှိတယ်။ ကောင်စီက ကမကထ လုုပ်တယ်ပေါ့နော်။ မဏ္ဍိုင်လေးရပ်ဆွေး နွေးပွဲ ဆိုတဲ့ဟာမျိုး၊ မဏ္ဍိုင်သုံးရပ်နဲ့ မီဒီယာပဲခေါ်ခေါ်၊ မဏ္ဍိုင်လေး ရပ်ပဲခေါ်ခေါ် အဲ့လိုဟာတွေရှိတယ်။ နောက် တပ်မတော် သတင်း မှန်ပြောဆိုရေးအဖွဲ့နဲ့လည်း အခါအား လျော်စွာ တွေ့နေတဲ့ဟာတွေ ရှိတာပေါ့နော်။ တစ် နှစ် တစ်ကြိမ်လောက်တော့ တွေ့တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် ပြဿနာက ကျနော်ထင်တာ သတင်း အချက်အလက်ပေးတဲ့ အပေါ်မှာ ယူဆပုံက သူတို့ဘက်က မြင်တဲ့အမြင်နဲ့ ဒီဘက်က သတင်းသမားတွေက သတင်းအချက်အလက်က အများစုသိသင့်တဲ့ အချက်အလက်က မြန်မြန် ဆန်ဆန်ပေးသင့်တယ်ဆိုတဲ့ ဟာ အဲ့လိုမျိုး ယူဆမှုနှစ်ခုက တော်တော်လေး ကွာဟမှုတွေ ဖြစ်နေတဲ့ သဘောရှိတယ်” ဟုပြောသည်။

သတင်းသမားများနှင့် ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အကြား ပြဿနာ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်မည့် ဥပဒေများ အားနည်းခြင်း၊ မရှိခြင်းတို့ကြောင့် ရေရှည်အတွက် စည်းကမ်းသတ်မှတ်ချက်ချကာ လုပ်ဆောင်သင့်ကြောင်း ဦးဇော်ဌေးက ပြောသည်။

“နောက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မကြာခဏလည်း တပ်မတော်ဘက်နဲ့ ဆွေးနွေးပွဲတွေလုပ်နေတယ်။ အဲ့မှာဆွေးနွေး။ သိုု့တည်းမဟုတ် ပြည်ထဲရေးလိုဟာမျိုးနဲ့ ဆွေးနွေးမယ်ဆိုလည်း ဆွေးနွေး။ နောက်ဆုုံး ကျနော်တို့နဲ့ ဆွေး နွေးမယ်ဆိုလည်း ဆွေးနွေး။ အဲ့လိုမျိုး ဆွေးနွေးပြီးသွားရင်တော့ ဟိုဘက်ဒီဘက် စိုးရိမ်ပူပန်မှု အဲ့ဒါဘယ်လိုလုပ် မလဲ ဟုတ်ပြီ ဒီဥပဒေရှိလား၊ မရှိဘူးဆိုရင် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် ဘယ်လိုလုပ်ကြမလဲဆိုတာ အဲ့လိုရေရှည်သွားမှ ရမှာ။ ဟိုလိုမျိုး တစ်ခုုဖြစ်လိုက် လိုက်ရှင်းလိုက် ဆိုရင်တော့ အဆင်မပြေဘူး။ အဲ့တော့ ခင်များတိုု့လည်း အဆင်မပြေဘူး အစိုးရလည်း အဆင်မပြေဘူး။”

အစိုုးရ၊ တပ်မတော်နဲ့ သတင်းမီဒီယာကောင်စီတိုု့ တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် လုုပ်ဆောင်နေသော်လည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ ကဲ့သို့သော ဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အစိုုးရဖက်က တိကျသေချာသည့် အဖြေမျိုး ပေးလေ့မရှိဟု ဦးမြင့်ကျော်က ဆက်ပြောသည်။

“ကျနော်ထင်တယ် သူတိုု့က ဥပဒေကို ကစားလိုု့ရအောင် သဲသဲကွဲကွဲမပြောဘူးပေါ့။ ဟိုုးပြီးခဲ့တဲ့ ၂၀၁၁ တိုု့ ၁၂ တို့ု ငြိမ်းချမ်းရေး ဖြစ်စဉ်တွေစလာကတည်းက ၁၇/၁ က ဘယ်လုုိလဲ ဆိုတဲ့ဟာမျိုး ပြီးတော့ ဦးအောင်မင်းတိုု့ကိုု မေးတဲ့အခါမှာလည်း အဲ့အစိုုးရလက်ထက်ကတည်းက သဲသဲကွဲကွဲမပြောဘူး။ အခုအစိုးရလက်ထက်မှာလည်း မပြောဘူး။ တခါတလေမှာတော့ အဲ့ဒီမှာ လုုံခြုံရေးတပ်ဖွဲ့တွေဘက်က ဆုုံးဖြတ်ချက်လို ဖြစ်နေတယ်။ တပ်ဘက် ကပေါ့နော်။ ဒီကိစ္စက အစိုးရက ဆုုံးဖြတ်တာမျိုး မဟုတ်ပဲနဲ့ တပ်ကဆုုံးဖြတ်တာပေါ့၊ ဥပမာ သီပေါမှာ ဖမ်းခံရတဲ့ သတင်းထောက် သုံးယောက်ကိစ္စဆိုုရင် တပ်က ဒီလူတွေကို တရားလိုလုပ်ပြီးတော့ ရဲလက်ထဲအပ်လိုက်တာ ပေါ့။ အဲ့ဒီဟာမျိုးဖြစ်နေတော့ အစိုးရကလည်း ဒီလိုဥပဒေတွေကို လက်တွေ့မှာ ဘယ်လိုမျိုး လုပ်မလဲဆိုတဲ့ဟာ မျိုး သတ်သတ်မှတ်မှတ် မချတာမျိုး စည်းရုံးရေး မလုပ်တာမျိုးပေါ့။”

ထို့ကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)၊ အသရေဖျက်မှု နှင့်ဆိုင်သည့် ဥပဒေပုဒ်မများသည် သတင်းမီဒီယာသမားများ အား အဟန့်အတား ဖြစ်စေသည့်အတွက် အဆိုပါ ဥပဒေများ ပြင်ဆင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ အရေးကြီးသည်ဟု သတင်းမီဒီယာသမားများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ သတင်းမီဒီယာကဏ္ဍမှာ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ် လပ်စွာ ထုတ်ဖော်ရေးသားခွင့်တို့ကို ကန့်သတ်ထားခြင်းများနှင့် ကြုံနေရပြီး လွတ်လပ်၊ တက်ကြွ၊ ဘက်မလိုက်သော တရားစီရင်ရေး ဝန်းကျင်ပျောက်ဆုံးနေမှုကို ထင်ဟပ်နေသည်ဟု သတင်းမီဒီယာသမားများက ပြောသည်။

Reuters သတင်းဌာနမှ သတင်းထောက် နှစ်ဦးသည် ရခိုုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှု၊ ဖုန်းထဲတွင် လျို့ ဝှက်စာရွက်စာတမ်းများ၊ မှတ်တမ်းများ တွေ့ရှိမှုတိုု့ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ဟု မူခင်းမှတ်တမ်းများအရ သိရသည်။

လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာသတင်းရေးသားထုတ်ဖော်ပိုင်ခွင့်ကို ဖိနှိပ်ဟန့်တားနေသော ဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်၊ လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေးဝန်းကျင် ဖြစ်ပေါ်စေရန်နှင့် ထောင်ဒဏ်ကျခံခဲ့ရသော သတင်းထောက်များအား အမြန်ဆုံးပြန်လည်လွှတ်ပေးရန် သတင်း မီဒီယာသမားများက တောင်းဆိုနေသည်။

၎င်းတို့ နှစ်ဦးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုုန်မြို့ ၊ ထောက်ကြန့်နယ်မြေရစခန်းတွင် ရဲတပ်ဖွဲ့ဝင်များဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ဆုံခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Most read this week

September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...
September 4, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးအား...
September 4, 2024
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ ရရှိရေး စစ်ကောင်စီ လက်အောက်ခံ...
September 3, 2024
မန္တလေးတိုင်းထဲက မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် ...