နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ ပေးဝယ်နေရပြီး ဆေးဝါးအများစု ပြတ်နေသည်ဟု နာဂဒေသတွင် ကျန်းမာရေးအတွက် ကူညီ ဆောင်ရွက် ပေးနေသူနှင့် ဒေသခံများက ပြောသည်။
နာဂဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက် ပေးနေသူ တစ်ဦးက “နာဂဒေသဆိုင်တိုင်း လိုလိုဈေး တက်နေတာ ဆေးလည်း ဆိုင်တိုင်းမရတော့ဘူး။ တော်တော်ပျက်နေတာ၊ အထူးသဖြင့် ပိုးသတ်ဆေးလိုမျိုးပေါ့ အဓိက နာတာရှည်နဲ့ အနာဖြစ်တဲ့ သူအတွက်ပေါ့” ဟု ပြောသည်။
ဆေးများကို ဝယ်ယူရာ၌လည်း စျေးနှုန်းက အဆမတန် မြင့်တက်သွားသည်ဟု လဟယ်မြို့နယ်က ဒေသခံတစ်ဦး ကလည်း ပြောသည်။
၎င်းက “တချို့ဆိုင်တွေမှာ ၄၅၀၀, ၅၀၀၀ အဲလို ပေးဝယ်ရတယ် ပါ ရစီတမောပေါ့နော် ၁၀ လုံးကပ်ကိုလေး၊ အကုန်တက်တယ်။ အကျဆိုလို့ တစ်ခုပဲရှိတယ် စိတ်ဓာတ်ပဲ၊ ဈေးကတော့ ခုန်တက်တာလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
လဟယ်မြို့နယ်သည် ဆေးပစ္စည်းများနှင့် အခြေခံ စားသုံးကုန်များအား စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့ တို့မှ အဓိကအားထားကာ ဝယ်ယူကြရခြင်း ဖြစ်သည်။
လက်ရှိတွင် ချင်းတွင်းမြစ် ရေကြောင်းလမ်းကိုလည်း ပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများ တက်ခြင်းနှင့် ပြတ် လပ်ခြင်းများ ဖြစ်လာသည်ဟု ဒေသခံများကဆိုသည်။
လဟယ်မြို့၏ ပြည်သူ့ဆေးရုံတွင်လည်း ဆေးဝါးများ ပြတ်လပ်နေပြီး ဆေးဆိုင်တိုင်းတွင်လည်း လိုချင်သည့် ဆေးဝါးများ ဝယ်ယူ၍ မရသည့် အခြေအေနေတွင် ရှိနေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြည်သူ့ဆေးရုံမှာ ပြဿနာတစ်ခုက ဆေးမရှိဘူး ဆရာဝန်ရှိတယ်။ အပြင်ဆေးခန်းတွေ ရှိတယ်။ ဆေးခန်းမှာ တွေကလည်း ဆေးမရှိဘူး။ တခါတလေ ခေါင်းမူးအောင်ရှာ ရတာပေါ့။ ကျနော်လည်း သမီးဆေးရုံ တက်လိုက် ရတယ်၊ ဆေးက တစ်မြို့လုံး လိုက်ရှာ လိုက်ရတယ်။ မရှိဘူးပေါ့။ တော်တော်လေး ခက်သွားတယ်။ အများဆုံး ဆေးရုံ မှာမရှိတဲ့ ဆေးက အပြင်မှာ ဝယ်ရတယ်။ အများစုက အပြင်မှာ ဝယ်ရတယ်။”လဟယ်မြို့တွင် ယခင်က ပါရာစီတမော တစ်ကပ် ၅၀၀ ကျပ်ကို ယခုတွင် ၅,၀၀၀ ကျပ်အထိ ဈေးတက်သွား ခြင်း၊ HD SD ဆေးပုလင်းကြီး တစ်လုံးကို ယခင်က ၂,၅၀၀ ကျပ်မှ ယခု ၁၀,၀၀၀ ကျပ် ဖြစ်သွားခြင်း၊ သွေး ဖောက်သည့် ဓား တစ်ခုလျှင် ၁,၅၀၀ ကျပ် အထိ ပေးဝယ်နေရသည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
ဆေးရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဆေးရောင်းဝယ်သည့် ဆေးဆိုင်းများ၏ ဈေးက စားမှုကြောင့်လည်း ဈေးကြီးပေးဝယ်နေရခြင်း ဖြစ်ကြောင်း လဟယ်မြို့နယ်က ကျန်းမာရေး ဆရာမတစ်ဦးကဆို သည်။
“ရန်ကုန်မှာ ရွှေဈေး ဒေါ်လာဈေး တက်ရင် လဟယ်မှာလည်း တက်သွားတာပဲလေ။ ဈေးဆိုင်တွေကို ထိန်းချုပ် ကွပ်ကဲတဲ့ လူမှ မရှိတာကိုး။ ဒါကြောင့် ဆိုင်သမားတွေက ကြိုက်သလို တင်ရောင်းတော့ ပြည်သူတွေက ဖြစ်ပြီ ဆိုရင် ဝယ်ရတော့တာပဲလေ။”စစ်အာဏာသိမ်းပြီးနောက် နာဂဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှုနှုန်းကလည်း တိုးလာနေပြီး ဆေးဝါး လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ မရှိခြင်းတို့နှင့် ရင်ဆိုင်နေကြရသည်။
လဟယ်မြို့သည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ဒေသစီမံ ရုံးစိုက်ရာမြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးနှင့် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရသည်။