ပတ်ဝန်းကျင်သည် တို့ထိခံထားရခြင်းမရှိ ပကတိသဘာဝအတိုင်း စိမ်းလန်းလှပနေသည်။ တောတောင်ရေမြေ ရှုမျှော်ခင်းအလှတရားများသည် ဖိအားနွံထဲနစ်နေသူများအဖို့ စိတ်လက်ပေါ့ပါးသွားစေမည်။ အမြဲစိမ်းလန်းနေသည့် ရွှေဖြူ (ခေါ်) ရော်ဘာစိုက်ခင်းများ မျက်စိတစ်ဆုံးမြင်ရသည်။ တောင်တန်းကြီးများက တောင်နှင့်မြောက်သွယ်တန်းနေသည်။
မှောင်မိုက်သောညများကို ဖြတ်သန်းခဲ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်သည်။ ဆက်လက်၍ ယခုထိတိုင်ဖြတ်သန်းနေရဆဲ။ မျက်ကြည်လွှာပေါ် စိတ်ကူးနှင့်ရေးခြစ်မိသည့် အိပ်မက်များစွာရှိသည်။ ဦးနှောက်ထဲ ရိုက်သွင်းခံထားရသည့် သံချေးတက်နေသည့် စိတ်ဓါတ်များစွာရှိသည်။ စမ်းတဝါးဝါး ညအမှောင်ထဲ ရည်မှန်းချက်ကိုယ်စီ။ စိတ်ကူးထဲမှ အိမ်လေးကို ညအမှောင်ထဲပုံဖော်ဖို့တည်ဆောက်ရင်း ဝေဝါးသွားသည့်နေ့စွဲများမှာ မရေတွက်နိုင်အောင်ပါ။ ရေရာစွာဆုပ်ကိုင်ပြခွင့်မရှိသည့် အခြေအနေတွင် ဘဝအာမခံချက်ဆိုသည်မှာ လေထဲကပြာပမာ။ လေအဝေ့မှာ အကြိမ်ကြိမ် လွင့်ပျယ်ပျောက်ဆုံးသွားရစမြဲ။ လဲကျ၍ပြန်မထနိုင်သည့် အခိုက်အတန့်များစွာ တွေ့ကြုံဖြတ်သန်းခဲ့ပြီးဖြစ်သည်။
နေဝင်ချိန်နှင့်အပြိုင် အိမ်တိုင်းလိုလိုအင်ဂျင်စက်သံများ ဆူညံစွာပေါ်ထွက်လာသည်။ ရော်ဘာခေတ်ကောင်းချိန်နှင့်ဆုံခဲ့ဖူး၍ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးအလင်း အိမ်တိုင်းထွန်းညှိနိုင်သည်။ စာကျက်သံများလည်းကြားနေရသည်။ တစ်ခါတရံ တိုင်းရင်းသားစာပေများ ကျက်မှတ်သံများလည်းကြားရသည်။ ယခင်ချိန်က ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ ဖြစ်သလိုစာပေများ ကျက်မှတ်ခဲ့ရဖူးသည်။ ဘဝအလင်းရောင်ရရှိရန်အတွက် စာပေအသိပညာများ ခက်ခဲကြမ်းတမ်းစွာ ရှာဖွေခဲ့ကြရသည်။ ပင်ပန်းမှုဒဏ်ကို စိတ်အဆာပြေဖြေဖျော်ရန်အတွက် အဆာပလာများ အူမကြီးထဲမှ ဆွဲထုတ်နေရဆဲ။
ညက တဖြည်းဖြည်းနက်လာသည်။ တိတ်ဆိတ်သွားသည့်ညအမှောင်ကို အိမ်ပြတွင်းတံခါးမှတဆင့် ကျွန်တော်ခံစားကြည့်မိသည်။ ကြီးစိုးနေသည့်အမှောင်ညကြား အလင်းတပေါက်မျှထိုးဖောက်မမြင်ရပါ။ လပြည့်နေ့များမှလွဲ၍ ဝန်းကျင်တစ်ခုလုံးမှောင်အတိ။ ကြယ်ရောင်ဝိုးတဝါးဖြင့် စမ်းတဝါးဝါးရေဆန်လမ်းပေါ် ခရီးဆက်နေရဆဲ။ မည်သို့ပင်ဖြစ်စေ အိပ်မက်သစ်တွေ ဖူးသစ်လာတော့မည်ဟု တိတ်တဆိတ်မျှော်လင့်နေမိသည်။ သေချာမှုမရှိသော်လည်း မျှော်လင့်ခြင်းဆိုသည်မှာ လူတစ်ယောက်၏ တစ်ကိုယ်စာရည်မှန်းချင်ပင်မဟုတ်လား။ အမှောင်ညတွေ မည်သည့်အချိန်တိုင် ဆက်လက်ကြီးစိုးနေဦးမလဲ။ ကျွန်တော် ဆက်လက်အတွေးမပွားချင်သော်လည်း ရောက်လာမည့်နေ့သစ်မနက်ဖြန်တိုင်း တိတ်တဆိတ် မျှော်လင့်နေမိသည်။
မိုးရာသီတွင် မြစ်ကျိုးအင်းတွေအိုင်ထွန်း ရေပတ်လည်ဝိုင်းနေသည်။ ပဲ့ချိတ်၊စက်လှေ၊စက်တပ်ယာဉ်များကို ယနေ့တိုင်မှီခိုနေရဆဲ။ တစ်ခါတစ်ရံ ဝမ်းနည်းကြေကွဲစရာအဖြစ်များလည်း ကြုံတွေ့ခဲ့ဖူးသည်။ စက်လှေမြုပ်၍ ရွာတွင်တာဝန်ကျနေသည့်ကျောင်းဆရာမလေး သေဆုံးကွယ်လွန်သွားပါသည်။ ရင်နာစရာအဖြစ်အပျက်များသည် ရင်နှင့်မဆန့်တော့။ မှိုင်းတိုက်ခံနေရသည့် အမှောင်ညတွေ အလင်းခဖို့အချိန်တန်ပြီးဖြစ်သည်။
ပိတ်ထားတဲ့တံခါးချပ်ပေါ် ရည်မှန်းချက်ကိုယ်စီရှိသည်။ ဝလုံးအရေးသင်စလက်များတွင် အနာဂတ်များစွာ ပိုင်ဆိုင်ထားသည်။ ဖယောင်းတိုင်မီးအလင်းမှိန်မှိန်အောက်တွင် မခံချင်စိတ်ဖြင့် ပန်းတိုင်ချီတက်မည့်ခြေလှမ်းများရှိသည်။ 'မိသားစုတစ်စုလုံးပေါင်းမှလေးတန်းမအောင်ဘူး' ဟူသောအနှိမ်ခံရက်စွဲများနှင့်လည်း တွေ့ကြုံခဲ့ဖူးသည်။ ဆွဲထုတ်ချပြခွင့်မရလိုက်သော ရင်နာစရာအတိတ်စာမျက်နှာထဲတွင် သေနတ်သံကြား သက်စွန့်ဆံဖျားပြေးလွှားနေရသည့် ကာလများပါဝင်သည်။ စစ်ကြောင်း၏ အတင်းအဓမ္မပေါ်တာဆွဲခေါ်မှုဖြင့် အိမ်ပြန်မရောက်တော့သည့်သားအတွက် မိခင်တစ်ဦး၏ရင်ထဲက သောကတွေရှိသည်။
လူတန်းစေ့ဘဝအတွက် မိမိအရပ်ဒေသကို စွန့်ခွာခဲ့ရသည့် ပညာသင်ရွယ်လူငယ်များရှိသည်။ ဒေသဖွံ့ဖြိုးရေးကို မြှင့်တင်ပေးမည့် ပရဟိတအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ ပိတ်ပင်တားဆီးခံရသည့် နေ့စွဲများလည်းရှိခဲ့သည်။ မှောင်မိုက်နေသည့်ညကို အခွင့်ကောင်းယူပြီ မထူးဇာတ်ခင်းနေသူများလည်းရှိသည်။ လူခြေတိတ်ချိန်များတွင် ဝမ်းရေးအတွက် အလုပ်ခွင်ထဲဆင်းရသည်။ မည်သို့ပင်ဆိုစေ ညအမှောင်က ဆက်လက်ကြီးစိုးနေဆဲပင်။
ဓလေ့ရိုးရာဆန်သည့် ပွဲတော်ညများလည်းရှိသည်။ ဟောင်းနွမ်းနေပြီးသော ရှေးရိုးဆန်သည့် အတွေးအခေါ်များလည်း ကိန်းအောင်းနေဆဲပင်ဖြစ်သည်။ အိမ်တွင်းရေးအတွက် ပြည်ပကျွန်ဆိုသည့် ပုံစံခွက်အတွင်း ဆက်လက်အသုံးတော်ခံနေသည်။ ဆယ်ကျော်သက်ကာလ အရွယ်မတိုင်မှီပင် စာသင်ခန်းနှင့်ဝေးသထက်ဝေးသွားသည့် ခြေလှမ်းများလည်းရှိနေဆဲ။ မူးယစ်ဆေးဝါးကို အမွေတစ်ခုပမာ လက်ဆင့်ကမ်းနေကြသည်။ ငြိမ်းချမ်းခြင်းအတိတ်နိမိတ်ကို ငတ်မွတ်တောင့်တနေရသည်။ အမှောင်ညက ဆက်လက်ကြီးစိုးနေဆဲပင်ဖြစ်သည်။
မှောင်နေဆဲညထဲ 'အပျို၊လူပျို' အောက်နှိုက်သည့်ဓလေ့များ ကွယ်ပျောက်လာသည်။ တစ်ထောင့်ငါးရာတန် ဖုန်းကဒ်အစွမ်းဖြင့် ဂလိုဘယ်တိုက်စားမှုနောက် ပျော်မွေ့လာသည်။ အပျို၊လူပျို အိမ်အလည်သွားသည့်ဓလေ့များ ပျောက်ကွယ်သွားသည်။ ညဦးယံ ရွာလယ်တံတားထိပ်မှ ကာလသားများ၏ ဂစ်တာဝိုင်းလေးမရှိတော့။ မူးယစ်ဆေးဝါး(မြင်းဆေး) အငွေ့အသက်ကို ပိုမိုခုံမင်လာကြသည်။ ဘိန်းစာရွက်အရည်ကို မက်မောစွာ သောက်သုံးလာကြသည်။ ကလေးကအစခွေးအဆုံး မူးယစ်ဆေးဝါးအကြောင်း အာပေါင်အာရင်းသန်သန် မရှက်မကြောက် ပြောနေကြသည်။ မှောင်နေဆဲညအောက်တွင် လူငယ်များ စာရိတ္တဖြောင့်မတ်မှုမရှိတော့။
မှောင်နေဆဲညထဲတွင် တချို့ကစိတ်အမှောင်ကျသွားကြသည်။ အဆိုးဆုံး အခြေအနေတစ်ရပ်တွင် အတူရုန်းကန်ခဲ့သည်။ ဝေဟင်ကကြယ်တံခွန်ကို အတူကြည့်ပြီး နိမိတ်ဖတ်တမ်းကစားခဲ့သည်။ ချိတ်ပိတ်ခံရသည့်ရက်စွဲများကြား အမှောင်ကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် ရှာဖွေစားသောက်သွားခဲ့သည်။ အိပ်ကပ်အဖောင်းနှင့် အိပ်ပြန်သွားကြသည်။ နာမည်ကောင်းလက်မှတ်ဖြင့် မျက်နှာဖုံးတုတပ် ရေငတ်နေသူများဖေးမသယောင် မျက်လှည့်ပြသွားသည်။ ကျန်ရစ်နေသူများမှာ ပကတိအမှောင်ကိုရှူရှိုက်ရင်း မထူးဆန်းသောနိစ္စဓူဝကို ဖြတ်သန်းနေရဆဲပင်။
ဖွင့်ထားသောပြတင်းတံခါးမှ မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်နေသည့် ကြယ်ကလေးများကို ကျွန်တော်ငေးနေမိသည်။ မှောင်နေဆဲညက ရိုးသားမှုမျက်နှာဖုံးကိုစွပ်ပြီး ကျွန်တော့်အားပုံမှားရိုက်နေဆဲ။ သက္ကရာဇ်မည်သည့်တိုင် ညအမှောင်ကို အန်တုနေရဦးမည်နည်း။ ကျွန်တော်ဆက်လက်အတွေးပွားချင်နေမိသည်။ ရင်ထဲမခံမရပ်နိုင်သည့်အဆုံး ကျွန်တော်ထွေးအန်ထုတ်ပြချင်လာသည်။ ဒီတစ်ညတော့ ကျွန်တော်အိပ်ပျက်ညဖြစ်ဦးမည်။
ဆိုင်ကယ်စက်သံများ နေအိမ်အသီးသီးမှ ပေါ်ထွက်လာသည်။ ညကနက်သထက်နက်လာ၍ မကြာခင်သန်းခေါင်ယံကိုရောက်တော့မည်ဖြစ်သည်။ ဝမ်းတစ်ထွာအတွက် မှောင်နေဆဲညကိုအန်တု ရွှေဖြူစိုက်ခင်းဖက်သွားနေကြသည်။ ငှက်မြန်လေးများ၏ အနာဂတ်အတွက် မြွေမကြောက်၊ကင်းမကြောက် ညအမှောင်ထဲသွားနေကြသည်။ ဝလုံးရေးသင်စ ငှက်မြန်လေးများအတွက် မှောင်နေဆဲညထဲ တိုးဝင်နေကြသည်။ အားလုံးသည် မည်သည့်အချိန်မှန်းမသိ ရောက်လာမည့် ပုံပြင်ထဲကအလင်းကိုမျှော်နေကြသည်။ ရောင်နီအလင်းကို စောင့်မျှော်ရင်း မှောင်နေဆဲညဟာ ဆက်လက်မှောင်မိုက်နေသည်။