တနေ့က panel မှာ အဓိကတန်ဖိုးတွေ (core values)အကြောင်းပြောဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပြသနာတစ်ခုက မတူကွဲပြားခြားနားသူတွေကြားမှာ အတူဘယ်လိုနေမလဲဆိုတဲ့အတွေးအခေါ်နဲ့ အဓိကတန်ဖိုးမရှိနေဘူး။ဒီအတွေးအခေါ်နဲ့တန်ဖိုး ကိုပြန်ရှာရမယ်လို့မြင်တယ်။ အဲ့ဒီအတွက်အဲဒီအကြောင်းကို ပြောဖြစ်ပါတယ်။
အင်ဒိုနီးရှားဆိုရင် နိူင်ငံကိုတည်ထောင်တဲ့အခါ Pancasilla ဆိုတဲ့ အဓိကတန်ဖိုးကို အခြေတည်ခဲ့တယ်။ (၁)ဘုရားသခင်ကိုယုံကြည်မှု (၂)တရားမျှတပြီးယဉ်ကျေးမှုမြင့်တဲ့ လူ့အဖွဲ့အစည်း (၃) စည်းလုံးညီညွတ်တဲ့အင်ဒိုနီးရှားနိူင်ငံ (၄) ဒီမိုကရေစီ (၅) လူမှုတရားမျှတမှုဆိုတဲ့အဓိကတန်ဖိုး (၅)ချက်က အင်ဒိုးနီးရှားနိုင်ငံရဲ့အဓိကတန်ဖိုးပဲ။
တလောက ဟာလာမန်းဒရစ်ရဲ့ စာအုပ်”The Heart of America: Ten Core Values that make our country great”ဆိုတဲ့စာအုပ်ဖတ်ဖြစ်တယ်။ သူက အဓိကတန်ဖိုးကြီးဆယ်ခုက အမေရိကန်ကို ခုလိုကြီးကျယ်အောင်ဆောင်ကျဉ်းခဲ့တာလို့ဆိုတယ်။တလောကပဲ နိုင်ဂျီးရီးယားခေါင်းဆောင်တစ်ဦးနဲ့တွေ့တယ်။
သူကနိူင်ဂျီးရီးယားနိုင်ငံဟာ အမျိုးသား အသွင်လက္ခဏာ တည်ဆောက်ရေးဖြစ်စဉ်(nation building)ကို လုပ်ဖို့လိုတယ်။ လုပ်ဖို့လည်း ကြိုးစားနေတယ်။အဲ့ဒီလိုလုပ်ရာမှာအဓိကတန်ဖိုးတွေပြန်ဖော်ထုတ်ဖို့လိုတယ်လို့ဆိုတယ်။ ဒါအရေးကြီးတယ်လို့ စကားပြောရင်း သဘောညီကြတယ်။အဓိကတန်ဖိုးတွေပြောတော့ မောင်ရဲတို့ ရဲ့နိူင်ငံမှာရော အဓိကတန်ဖိုးမရှိခဲ့ဘူးလားလို့ပြန်စဉ်းစားမိတယ်။ ရှိခဲ့တာပေါ့။
၁၉၄၇၊ဇွန်(၁၆)ရက်ကတိုင်းပြည်ပြုလွှတ်တော်မှာ ဦးအောင်ဆန်းက ဒီနိုင်ငံတော်ကိုတည်ထောင်ဖို့ အခြေခံဥပဒေ ကိုရေးဆွဲရာမှာ အခြေခံရမယ့် မူ(၇)ချက်ကို ချမှတ်ခဲ့ပါတယ်။ အဲ့ဒီအခြေခံမူ(၇)ချက်ထဲက နံပါတ်လေးအချက်ကို မောင်ရဲသိပ်သဘောကျပါတယ်။ အနည်းငယ်ရေးပြပါရစေ။ ပြည်ထောင်စုမြန်မာနိူင်ငံ၏တိုင်းသူပြည်သားအားလုံးသည်လူမှုရေးရာ၌၎င်းစီးပွားရေးရာ၌၎င်းနိုင်ငံရေးရာ၌၎င်းတရားမျှတမှုရှိစေလျက်အဆင့်အတန်းအခွင့်အရေးနှင့်ဥပဒေသက်ရောက်မှုတို့တွင်ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေလျက်တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူ့တို့စောင့်ထိန်းရမည့်ကိုယ်ကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် လွတ်လပ်စွာ ကြံဆခွင့်၊ ယုံကြည်ခွင့်၊ပြောဆိုခွင့်၊ ဘာသာတရား ကိုးကွယ်ခွင့်၊ဝတ်ပြုခွင့်၊ ပရိယေသနရှာမှီးနိူင်ခွင့်၊ စည်းရုံးခွင့်၊ ပြုမူဆောင်ရွက်ခွင့် ရရှိ တည်မြဲစေရန်အတွက် အခြေခံဥပဒေက အခိုင်အလုံသတ်မှတ်ထားရှိစေရမည်လို့ဆိုခဲ့ပါတယ်။(အတိအကျတော့ မဟုတ်ပါ။ မှတ်မိသလိုပြန်ရေးပါတယ်)
ပြောရရင်ဒါကတိုင်းပြည်ရဲ့အဓိကတန်ဖိုးပါပဲ။တိုင်းပြည်ကိုထူထောင်ဖို့စဉ်းစားကြတဲ့အခါပြည်ထောင်ကြီးတွေဟာနှလုံးသားကြီးကြီး၊ ရင်ဘတ် ကျယ်ကျယ်နဲ့ ဒီအဓိကတန်ဖိုးတွေကိုချမှတ်ခဲ့ကြတာပါ။ ဒီ အဓိကတန်ဖိုးတွေကို အုတ်မြစ်ချခဲ့ကြတာပါ။
အဲ့ဒီအဓိကတန်ဖိုးတွေပေါ်မူတည်ပြီးမြန်မာနိုင်ငံရဲ့ ၁၉၄ရအခြေခံဥပဒေရဲ့နိဒါန်းမှာ”ပြည်ထောင်စုမြန်မာနိူင်ငံတော် သည်တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ညီမျှခြင်းတို့ပေါ်တွင် အခြေတည်ရမည်”လို့ချမှတ်မော်ကွန်းရေးထိုးခဲ့ ပါတယ်။ အဲ့လိုပဲလွတ်လပ်ရေးကြေညာစာတန်းမှာ “တူညီသော တရား၊ တူညီသောအခွင့်အရေး၊တူညီသောအဆင့်အတန်းအားဖြင့် ကမာ႓အရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင်အဓိကဖြစ်သောသမ္မတနိူင်ငံတည်းဟူသောမြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ”လို့ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် နိူင်ငံတော်သီချင်းမှာလည်း “တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ ….. ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ”လို့ဆိုပါတယ်။ အဲ့ဒီတော့မြန်မာနိုင်ငံကို တည်ထောင်ကြမယ်ဆိုတော့ပြည်ထောင်ကြီးတွေဟာ နှလုံးသားကြီးကြီး၊ရင်ဘတ်ကျယ်ကျယ်နဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုဆိုတဲ့ အဓိကတန်ဖိုးတွေကို အုတ်မြစ်ချခဲ့ကြပါတယ်။
ဒါတွေဟာမတူကွဲပြားခြားနားတဲ့လူအုပ်စုတွေ၊ အမှတ်လက္ခဏာတွေကြားမှာ ဘယ်လိုအတူနေကြမလဲဆိုတဲ့ အတွေးအခေါ်ဖြစ်သလို ဒီတိုင်းနိုင်ငံကြီးနဲ့ အတူ တည်တံ့ခိုင်မြဲတဲ့ အဓိကတန်ဖိုးကြီးတွေလည်းဖြစ်ပါတယ်။
ခုတော့ ဒီတန်ဖိုးတွေပျောက်ဆုံးကုန်ပါပြီ။ ဒီအတွေးအခေါ်တွေပျက်သုဉ်းကုန်ပါပြီ။အဲ့ဒီအတွက် တိုင်းပြည်ကို ပြန်လည်တည်ထောင်ကြမယ်ဆိုရင် အဲ့ဒီအဓိကတန်ဖိုးတွေကို ပြန်လည်တည်ဆောက်ကြဖို့လိုပါတယ်။အတူနေမယ့်အတွေးအခေါ်တွေကို ပြန်လည် မျှော်မြင်တွေးခေါ်ကြဖို့လိုပါတယ်။
အဲ့ဒီလိုတွေးခေါ်ကြတဲ့အခါမှာငါ၊ငါ့လူမျိုး၊ငါ့ဘာသာ၊ ငါ့အဖွဲ့အစည်းဆိုတဲ့ကျဉ်းမြောင်းတဲ့အယူအစွဲတွေနဲ့တွေးခေါ်လို့မရပါဘူး။ပြည်ထောင်စုကို ပြန်တည်ထောင်မယ်ဆိုရင် ပြည်ထောင်တွေရဲ့ နှလုံးသား၊ ပြည်ထောင်တွေရဲ့အတွေး၊ပြည်ထောင်တွေရဲ့ မျှော်မြင်မှု၊ ပြည်ထောင်တွေမှာ ထားရှိရမယ့် အမြင်ကျယ်မှု၊ ပြည်ထောင်တွေမှာ ထားရှိရမယ့် ရင်ဘတ်တွေလိုအပ်ပါတယ်။ပြည်ထောင်မယ်လို့ပြောပြီး ပြည်ထောင်နှလုံးသားပြည်ထောင်စိတ်ကူး၊ ပြည်ထောင်အတွေးအမြင်မရှိရင် ဒီတိုင်းပြည်ကို ပြန်လည်တည်ထောင်ဖို့ခက်ပါတယ်။
စာရှည်သွားပြီဖြစ်လို့ – အဓိတန်ဖိုးတွေရဲ့ အကြောင်းအသေးစိတ်၊ အဓိကတန်ဖိုးတွေရဲ့ ၀ိသေသလက္ခဏာ၊ အဓိကတန်ဖိုးတွေကို ဘယ်လိုပြန်တည်ဆောက်တဲ့ ဖြစ်စဉ်တွေကိုတော့အသေးစိတ်မရေးတော့ပါဘူး။
ပြန်ချုပ်ရရင်မြန်မာနိုင်ငံလိုမတူကွဲပြားခြားနားတဲ့လူမျိုးစုတွေ၊လူအုပ်စုတွေ၊အမှတ်လက္ခဏာတွေအများကြီးရှင်သန်နေကြတဲ့ နိုင်ငံမှာ အဲ့ဒီမတူကွဲပြားခြားနားမှုတွေကြားမှာ ဘယ်လိုအတူနေကြမလဲဆိုတဲ့ အတွေးအခေါ်နဲ့ အဓိကတန်ဖိုးတွေက အင်မတန်မှအရေးကြီးပါတယ်။ အဲ့ဒီအတွေးအခေါ်တန်ဖိုးတွေကိုအခြေတည်ပြီး အမျိုးသားအသွင်လက္ခဏာတွေကိုဖော်ထုတ်ရမှာပါ။ အဲ့ဒီလိုတွေးဆမျှော်မြင်ကြတဲ့အခါ၊ အဓိကတန်ဖိုးတွေကိုဖော်ထုတ်ကြတဲ့အခါမှာလည်း ပြည်ထောင်နှလုံးသားတွေ၊ ပြည်ထောင်အတွေးအမြင်တွေလိုပါတယ်။အဆုံးကတော့ – ပြည်ထောင်စုကို တိုက်ခိုက်သတ်ဖြတ်နေပြီး သစ္စာတည်လို့မရပါဘူး။ ပြည်ထောင်စုကို အဓိကတန်ဖိုးတွေနဲ့ပဲ ကတိသစ္စာပြုရမှာဖြစ်ပါတယ်။
(မှတ်ချက်။ ။စာရေးသူကိုရဲ သည် စစ်ဖက်အရပ်ဖက်ဆက်ဆံရေးကို အဓိကထားစောင့်ကြည့်လေ့လာနေသော တကောင်းအင်စတီကျု့၏ ဒါရိုက်တာ တစ်ဦးဖြစ်သည်။)