ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး စတင်လုပ် ဆောင်လာခဲ့ သည့် ၂ဝ၁၂ခုနှစ်မှ ယခုအချိန်ထိ( ကြားကာလအတွင်း) နှစ်ဘက် ရောနှောအုပ်ချုပ်သည့် နယ်မြေများတွင် မတူညီသည့် မူဝါဒများကြောင့် မြေယာဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ပွတ်တိုက်မှုမျိုးစုံ ကြုံတွေ့ နေရသည်ဟု ကေအဲန်ယူ(KNU) ဘက်က ပြောဆိုသည်။
ထိုကြားကာလအတွင်း ကေအဲန်ယူနှင့် အစိုးရတို့အကြား ကြုံတွေ့နေရသည့် မြေယာဆိုင်ရာ ကိစ္စရပ်များ၊ မြေယာမူဝါဒ ဆိုင်ရာ စိတ်ခေါ်မှု၊ အခက်အခဲအခြေအနေများကို ကေအဲန်ယူ(ဗဟို) မြေယာဌာန ကော်မတီဝင် ပဒိုမန်းမန်းမန်းအား ကေအိုင်စီမှ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်သည်။
ကြားကာလအတွင်းမှာ KNUနဲ့ အစိုးရကြားမှာ မြေယာမူဝါဒ (Policy)နဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခက် အခဲတွေက ဘာတွေရှိပါသလဲ။
မူဝါဒ (Policy) ဆိုတာထက် အလုံးစုံဆိုင်ရာ KNU နဲ့အစိုးရကြားမှာ ကြားကာလမှာ အထွေထွေအုပ်ချုပ်ရေး အခြေခံမူ ၉ ချက်ချမှတ်ထားတာရှိတယ်။ ဒီ ၉ ချက်ကို ပြည်နယ်အစိုးရ အဖွဲ့ဆီ ပို့ထားပြီးသား ဖြစ်တယ်။ ကြားကာလ KNU ထိန်းချုပ် နယ်မြေအတွင်းမှာ အဓိကဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ ကို နဂိုရှိရင်းစွဲ အနေအထားမှာပဲ ထားရှိပါတယ်။
ဒုတိယတချက်ကတော့ နှစ်ဖက် မှာရှိတဲ့ မူဝါဒ အပေါ်မှာ အသိအမှတ်ပြုဖို့၊ မြေယာမူဝါဒ၊ ပညာရေး၊ ကျန်းမာရေးမူဝါဒ စသ ဖြင့်ပေါ့ အစိုးရဖက်ရော၊ ကျနော်တို့ ဖက်မှာရော ရှိတယ်။ နှစ်ဖက်လုံးမှာ ရှိနေပြီးသားဖြစ်တဲ့ဟာကို အသိအမှတ်ပြုမယ်။ အသိအမှတ်ပြုပြီးတာနဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲ ပေါ့နော်။ ကြားကာလအခြေအနေအောက်မှာ အုပ်ချုပ်ရေးနဲ့ ပတ်သက် ရင်တော့ ကျနော်တို့က Parallel(တန်းတူရည်တူ) ပေါ့နော်။ ပူးပေါင်း ဆောင်ရွက် ရဦးမယ်။ လုပ်နိုင်ခြေရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုကတော့ လုပ်ငန်းပိုင်းဆိုင်ရာ၊ ဌာနပိုင်းဆိုင်ရာ မူဝါဒတွေကို converging(အလားတူ) သွားလို့ရမယ်။ တချို့ကိစ္စတွေမှာ ကျနော်တို့ Integration (ပေါင်းစည်းခြင်း)လုပ်လို့ ရမယ်။
KNU မှာလည်း ဌာနကြီး ၁၄ ခုရှိတယ်။ မြေယာ၊ သစ်တော၊ လယ်ယာ စသဖြင့် ဌာနကြီး ၁၄ ခုမှာ ဌာနအလိုက် အခြေခံ မူုဝါဒတွေနဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေရှိတယ်။ သို့သော် ဒီအခြေအနေအောက်မှာ အစိုးရက ဒီကိစ္စတွေကို မသိသေးတာ လားတော့ မပြောတတ်ဘူးပေါ့နော်။ NCA (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်) လက်မှတ်ထိုးပြီး နောက်ပိုင်း အခုချိန် အထိ တိတိပပ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်တာတွေကို မတွေ့ရသေးဘူး။
KNU နဲ့ အစိုးရတို့ရဲ့မြေယာမူဝါဒတွေမှာ အဓိက ကွာခြားမှုက ဘာတွေလဲ။ ရှင်းပြပေးပါ။
KNU ရဲ့ မြေယာမူဝါဒကို ၁၉၇၄ ခုနှစ်ကတည်းက မြန်မာအစိုးရရဲ့ မြေသိမ်းဥပဒေအပေါ်မှာ အခြေခံပြီး တော့မှ နိုင်ငံ တော်ပိုင် မြေသိမ်းမှု ဆိုတဲ့ အခြေအနေအောက်မှာ ထုတ်တဲ့အခါကျတော့ ကျနော်တို့ ကရင်အမျိုး သားအတွက် ဘိုးဘွား လက်ငုတ် မြေယာတွေ၊ လက်လွတ်မဆုံးရှုံးနိုင်ဖို့အတွက် လက်ငုတ်လက်မ လွတ်ရေး ဆိုတဲ့ဆောင်ပုဒ်အပေါ်မှာ အခြေ ခံပြီးတော့ ဒီမူဝါဒကို ၁၉၇၄ ခုနှစ်မှာ ရေးဆွဲခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ကျနော်တို့ရဲ့ မြေယာမူဝါဒကို ပြန်လည် သုံးသပ် တယ်။ နည်းနည်းပြန်ပြင်ဆင်လိုက်တာက မြေသည် ဒေသခံလူထု အတွက်ဖြစ်သည်ဆိုတဲ့ အခြေခံမူမှာ ပြန်ရေးဆွဲခဲ့တယ်။ နောက် ၂၀၁၅ ဆယ်နှစ်တာကာလကို ရောက်လာတဲ့အခါတော့ ပိုပြီးထိထိမိမ်ိဖြစ်ဖို့ အတွက် ̏ မြေသည် ပြည်သူ လူထုက ပိုင်ဆိုင်သည်˝ဆိုတဲ့ အခြေခံမူအောက်ကနေပြီး မူဝါဒကို ပြန်လည် မွမ်းမံတာတွေ ရှိခဲ့တာပေါ့။ ၂၀၁၅ ခုနှစ် မြေယာမူဝါဒ ကိုချမှတ်တဲ့ နေရာမှာ အဓိက ရည်ရွယ်ချက် ၄ ချက်နဲ့ ချမှတ်ပါတယ်။ အဲဒါတွေကတော့–
(၁) တိုင်းရင်းသားပြည်သူလူထုကနေပြီး မြေယာပိုင်ဆိုင်ခွင့်နဲ့ အသုံးချခွင့်ရှိတယ်။
(၂) မြေယာပိုင်ဆိုင်ခွင့်သော်လည်းကောင်း၊ အသုံးချခွင့်သော်လည်းကောင်း စီမံခန့်ခွဲတဲ့နေရာမှာ လူမှုဘဝဖူလုံရေးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံရမယ်။
(၃) တိုင်းရင်းသား နယ်မြေဒေသအသီးသီးမှာရှိတဲ့ သစ်တောတို့၊ သဘာဝပတ်ဝန်းကျင်တို့၊ ယဉ်ကျေးမှုအ မွေအနှစ် တို့ကို ထိန်းသိမ်း ကာကွယ်ရမယ်။
(၄) သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ ပြည်သူလူထုကနေပြီးတော့ ပါဝင်ဆုံးဖြတ် ပိုင်ခွင့်ရှိဖို့ရယ်။ တရားမျှတမှု ရှိဖို့ရယ်။ အနာဂတ် ဖွံ့ဖြိုးရေးကို ဦးတည်သွားစေဖို့ရယ်။
…. စတဲ့အချက်တွေဖြစ်တယ်။
KNU ချမှတ်တဲ့ မြေယာမူဝါဒက မြေယာပိုင်ဆိုင်ခွင့်နဲ့ အသုံးချခွင့် အပေါ်မှာ ထည့်သွင်းစဉ်းစားတယ်။ အစိုးရကတော့ မြေ အသုံးချပိုင်ခွင့််ဆိုတဲ့ မူဝါဒလောက်ပဲ တွေ့ရတယ် ပေါ့နော်။ မြေယာကို နိုင်ငံတော်က ပိုုင်တယ်ဆိုတဲ့ ကိစ္စပေါ့နော်။ နို်င်ငံ တော်ပိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံတော်ကဘာလဲဆိုတာ ထည့်သွင်းစဉ်းစားရမဲ့ အချက်ဖြစ်တယ်။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအရ ပြန်ကြည့်ရင် နိုင်ငံတော်မှာ တာဝန်ယူထားတဲ့ အာဏာပိုင်နဲ့ နိုင်ငံတော်တာဝန်ယူထားတဲ့ ယန္တရား တွေသာဖြစ်တယ်ဆိုတော့ ဒါကျနော်တို့နဲ့ မတူညီဘူးလို့ ပြောရမှာဖြစ်ပါတယ်။
ဒီကြားကာလအတွင်းမှာ မြေယာကိစ္စရပ်ဆိုင်ရာ၊ မူဝါဒ ဆိုင်ရာနဲ့ ပတ်သက်ပြီး KNU ဘက်က လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး ဘာတွေရှိလဲ။
အပစ်ခတ်ရပ်စဲရေးမတိုင်ခင်ကတည်းက KNU အုပ်ချုပ်ရေးနယ်မြေအတွင်း မြေယာနဲ့ပတ်သက်ပြီး တော့ အထက်ပါ ချမှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့အညီ ပြည်သူလူထုတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆောင်ရွက် ပေးတယ်။ မြေယာမှာ အခြေခံ လုပ်ငန်း ၃ ခုရှိတယ်။ (၁) မြေယာစီမံခန့်ခွဲရေး၊ (၂) မြေယာမှတ်ပုံတင်ခြင်း၊ (၃) မြေယာပြဿနာဖြေရှင်းခြင်း ဆိုတဲ့ အပေါ် မှာ အပစ်ခတ်ရပ်စဲရေးနောက်ပိုင်း ကျနော်တို့မျှော်လင့်တာ ကတော့ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်နေတဲ့ အတွက် အရင်ကထက် ပိုလုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။
သို့သော်လည်းပဲ ကျနော်တို့ဖက်မှာရှိတဲ့မူဝါဒနဲ့ အစိုးရဖက်မှာရှိတဲ့မူဝါဒနဲ့ သဟဇာတ မဖြစ်တဲ့ခါကျတော့ ပိုလုပ်နိုင်မယ်လို့ မျှော်လင့်သလိုမဖြစ်လာဘဲ ပွတ်တိုက်မူတွေရှိလာတဲ့အတွက် တဖက်နဲ့တဖက် အပြစ်တင်၊ ကန့်ကွက်မှုတွေပါ တွေ့လာ ရတယ်။ ဒီလိုဖြစ်လာနိုင်တယ်လို့လဲမြင် ထားပြီးသားပါ။ သို့သော်လည်း မတူညီတဲ့ မူဝါဒကို ဘယ်လိုညှိနှိုင်း ဆောင်ရွက် မလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးကြရင် တစုံတရာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
KNUနဲ့အစိုးရရဲ့ မြေယာမူဝါဒ မတူညီတဲ့အပေါ်မှာ လုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ဆရာတို့ နှစ်ဖွဲ့ကြားမှာ လတ်တလော ဘယ်လိုညှိနှိုင်းဆောင်ရွက်မှုတွေရှိလဲ။
သေသေချာချာ ညှိနှိုင်းဆောင်ရွက်မှုမရှိသေးပါဘူး။ မူဝါဒနှစ်ခုရှိနေတော့ မဖြစ်သင့်ဘူးဆိုတာ ကျနော်တို့ လည်း လက်ခံ ပါတယ်။ ဒါပေမယ့် ကြားကာလမှာတော့ KNU ရဲ့ လက်နက်ကိုင်တော်လှန်ရေး စလုပ်ကတည်းက ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရဖို့၊ အထူးသဖြင့် တိုင်းရင်းသား၊ စစ်တပ် အားလုံးက လက်ခံထားပြီးသားဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်တယ်။ အခုသွားနေတဲ့ KNU ရဲ့မြေယာ မူဝါဒသည် ဖက်ဒရယ် ပြည်ထောင်စုမူဝါဒ နဲ့ကိုက်ညီမှုရှိလား၊ မရှိလား။ အစိုးရရဲ့မြေယာ မူဝါဒသည် ဖက်ဒရယ်ပြည်ထောင်စုမူဝါဒ နဲ့ကိုက်ညီမှုရှိလား၊ မရှိလား။ ဆိုတဲ့အပေါ်မှာ ဦးတည်ပြီး ဆွေးနွေးကြမယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ်လာမှာပါ။
ဖားအံခရိုင်၊ လော်ခီးလာ(လေးဝါးစခန်း)မှာ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပတဲ့ ကော်သူးလေ မြေယာ နှီးနှောဖလှယ်ပွဲရဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ အပေါ် ပြည်နယ်အစိုးရက နိုဝင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ကန့်ကွက်စာ တစ် စောင် ပို့လိုက်တာကို ဘယ်လိုမြင်ပါလဲ။
နယ်/လုံရဲ့ ကန့်ကွက်စာနဲ့ပတ်သက်ပြီးတော့ ကျနော် ၂ ပို်င်းပြောချင်ပါတယ်။ ပထမ တစ်ပိုင်းက မြေယာ မူဝါဒနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် KNU ကြားတွင် တွေ့ဆုံ ဆွေးနွေးဖို့အတွက် လမ်းစတစ်စ၊ အခွင့်အလမ်း ပွင့်သွားတယ် လို့ မြင်ပါတယ်။ အဲဒီကနေ တစ်ဆင့် KNU ရဲ့ မြေယာ မူဝါဒ၊ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားကအစ အစိုးရ၊ ပြည်နယ်မှရှိတဲ့ မြေယာမူဝါဒနဲ့ ပတ်သက်ပြီး ဘယ်လို တွေ့ဆုံ ညှိနှိုင်းမလဲဆိုတာကို သိရှိ၊ စဉ်းစားလာတယ်လို့ ယူဆတယ်။
ဒုတိယ တစ်ပိုင်းပြောချင်တာက NCA နဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေက ပြည့်စုံလုံလောက်မှုမရှိဘူး။ အဲဒီဟာ နေတဲ့ အချက်အပေါ်မှာ အကြောင်းပြ အခြေခံပြီးတော့ ထောက်ပြ ကန့်ကွက်တာတွေ ဖြစ်လာ နိုင်တယ်။ ဒါက အစိုးရ ဘက် ချည်းပဲမဟုတ်ဘူး၊ ကဲ ကေအဲန်ယူဘက်ကလည်း ပြောမယ်၊ ထောက်ပြ၊ ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်စရာ အများ ကြိီးရှိတယ်။ ဒါပေမယ့် KNU ဘက်ကတော့ ကန့်ကွက်တာထက် စာရင် တစ်ခုနဲ့တစ်ခုဖြစ်နေတဲ့ Policy (မှုဝါဒ)ပိုင်းဆိုင်ရာ clash(ထိပ်တိုက်မှု) ဖြစ်တဲ့ ကိစ္စမှာ ဘယ်လို ညှိနှိုင်း ဆောင်ရွက်မလဲဆိုတာပဲ အဓိက ကြိုးစားဆောင်ရွက်ခြင်း ဖြစ်ပါတယ် ပေါ့နော်။
လေးဝါးမှာထုတ်တဲ့ ကြေငြာချက်ကလည်း တောင်းဆိုချက်ပဲ။ ပြည်သူအတွက် အကျိုးမဖြစ်ထွန်းတဲ့မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို အစိုးရဖက်က ပယ်ဖျက်ပေးပါ။ ဖျက်သိမ်းပေးပါ ဆိုတာဟာ တောင်းဆိုချက်ပဲ။ တောင်းဆိုပိုင်ခွင့်ရှိတာပဲ။ ဒါကို အစိုးရက ထည့်သွင်းစဉ်းစားပေးပြီး ဘယ်အခြေနေခံ အောက်မှာ တောင်းဆို တာလဲဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်။ လိုအပ်ရင်တောင်းဆိုတဲ့ အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်း ဖို့လိုတယ်။ တု့ံပြန်ကန့် ကွက်တာထက်စာရင် လူထုကို ဦးဆောင်ကွပ်ကဲတဲ့ နိုင်ငံတော်အစိုးရတစ်ရပ်အနေနဲ့ က ပိုမိုပြီးတော့ လုပ်သင့်တာပေါ့နော်။ ဒီအခြေခံအောက်မှာ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုဖြစ်သင့်လဲ ဆိုတာကို အဓိက ထောက်ပြချင်ပါတယ်။
ကြားကာလအတွင်း ဖြစ်ပေါ်လာတဲ့ မြေယာသိမ်းဆည်းမှုတွေ၊ ဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေကြောင့် အသိမ်းခံလိုက်ရတဲ့ မြေယာသိမ်းဆည်းမှု တွေ္ပလုပ်ဆောင်တဲ့အခါမှာ အစိုးရ၊ ကုမ္ပဏီ အပြင် KNU ကတာဝန်ရှိသူတွေလည်း ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ဘာပြောချင်ပါသလဲခင်ဗျ။
ကျနော်တို့ KNU မှာလည်း အဓိကအားဖြင့် မြေယာပြဿနာကို ဖြေရှင်းတဲ့အခါ မူဝါဒထဲမှာ ရှင်းရှင်း လင်းလင်း ရှိဖို့ လိုတယ်။ လက်ရှိထောက်ပြချင်တာက အစိုးရမှာရှိနေတဲ့ ၂၀၁၂ မြေယာအသုံးချမှု မူဝါဒပဲ ပြောပြော၊ ၂၀၁၆ ပြန်လည်ပြင် ဆင်တဲ့ မြေအသုံးချမှု မူဝါဒပဲဆိုဆို၊ ကျနော်တို့ KNU မှာ ၁၉၇၄ ခုနှစ်ကနေ အခုချိန်ထိ တဆင့်ပြီးတဆင့် မွမ်းမံလာတဲ့ မြေယာမူဝါဒပဲပြောပြော၊ ဘယ်မြေယာမူဝါဒက မြေယာပြဿနာကို ဖြေရှင်းလို့ရမလဲဆိုတာကို ယှဉ်ကြည့်ဖို့လိုတယ်။
ကျနော်တို့ထင်တာက မြေယာမူဝါဒကို ရေးဆွဲတဲ့နေရာမှာကအစ မြေယာပြဿနာကို ဖြေရှင်းနိုင်တဲ့ မူဝါဒ တစ်ရပ် ဖြစ်ရ မယ်။ စရေးဆွဲကတည်းက မြေယာပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မစဉ်းစားဘဲနဲ့ ရှိထားပြီးသား တည်ဆဲဥပဒေ အရ၊ လက်ရှိဥပဒေအရ ဒါတွေကိုပဲ အဆင့်ဆင့်ပါလာတဲ့ မြေသိမ်းဥပဒေ၊ ၁၂ ဥပဒေ၊ ထုတ်ပြန်ကြေငြာတဲ့ ဥပဒေ၊ အခြေ အနေအရလိုအပ်တဲ့ ထုတ်ပြန်ကြေငြာချက်တွေ၊ အမိန့်တွေဖြစ်သွားလို့၊ လိုရင်လိုသလို မလိုရင်မလိုသလို ပြင်ဆင်သွား မယ်ဆိုရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် မြေယာပြဿနာကို ဖြေရှင်းနိုင်မဲ့ မူဝါဒတိတိပပချမှတ်နိုင်မှသာလျှင် မြေယာပြဿနာ ကိုဖြေရှင်းနိုင်မှာ ဖြစ်တယ်။
ဒီမြေယာမူဝါဒဆိုင်ရာနဲ့ ပတ်သက်ပြီး ကေအဲန်ယူဘက်က ပြည်နယ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့ စာတင်ထားတာ ရှိတယ်လို့ သိရတယ်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ ဘာဖြစ်လို့ အခုထိ ဖြစ်မလာသေးတာလဲ။
စာတင်ထားက မြေယာတစ်ခုတည်းမကပါဘူး။ မူဝါဒ ကဏ္ဍအားလုံးပါပဲ။ ဒါပေမယ့် တစ်ချို့ဌာန ဆိုင်ရာတွေက Program အရကတော့ ထိတွေ့မှုရှိတယ်။ Policy အရကတော့ တစ်ကြိမ်တစ်ခါမှ ရှင်းရှင်းလင်းလင်းဆွေးနွေး တာမရှိဘူး လို့မြင်တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ဖြစ်တဲ့အတွက်ကြောင့် မှတ်ချက်ပေးဖို့လည်း ခက်ပါတယ်။ ဒီအခြေအနေအောက်မှာ အစိုးရဖက်က အကန့်အသတ်ရှိတယ်ဆိုတာကလည်း ကျနော်တို့ နားလည်ပေးတယ်။ အကန့် အသတ်ရှိပေမယ့် အဓိကသော့ချက်ကတော့ မြေယာမူဝါဒပဲပြောပြော၊ ကျန်းမာရေး၊ ပညာရေးမူဝါဒပြောပြော ဒီမူဝါဒ အားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖြစ်တဲ့အတွက်ကြောင့် ဒါကိုပဲ ဆက်လက်ကို်င်စွဲထားမယ်ဆိုရင် ပြဿနာ တွေက ရှိနေဦးမယ်ပေါ့နော်။
မြေယာကိစ္စရပ်ဆိုင်ရာနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
အစိုးရရော၊ ကျနော်တို့ KNU ပါ ပထမအဆင့်မှာ ပြည်နယ်အစိုးရ အနေနဲ့ ညှိနှိုင်းမှုတွေလိုတယ်။ ဒါကတော့ မြေယာ တစ်ခုတည်းမကဘူး။ ပညာရေး၊ ကျန်းမာရေး စတဲ့ မူဝါဒပိုင်းဆိုင်ရာ ဒီလိုတွေ့ဆုံညှိနှိုင်းတဲ့နေရာမှာ အဓိက အပိုင်း ၃ ပိုင်း လောက်ကို ထည့်သွင်းစဉ်းစားစေချင်တယ်ပေါ့နော်။ (၁) တစ်ချက်ကတော့ KNU ရဲ့ အုပ်ချုပ်နယ်မြေ တစ်ခုကို ပုံစံတစ်မျိုး နဲ့စဉ်းစားမယ်။ (၂) ထိစပ်နယ်မြေဖြစ်တဲ့ ပူးတွဲအုပ်ချုပ်ရေး နေရာတွေကို ပုံစံတစ်မျိုး၊ (၃) နောက်တစ်ခါ အစိုးရရဲ့ လုံးလုံး အုပ်ချုပ်ထားတဲ့ နယ်မြေတွေကို ပုံစံတစ်မျိုးနဲ့ စဉ်းစားမယ်။
ကြားကာလ ဒီပုံစံသုံးမျိုးကို အခြေခံထား စဉ်းစားပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားလို့ ရမယ် လို့ မြင်တယ်။ NCA ထိုးပြီးလို့ KNU ဟာအစိုးရရဲ့ အုပ်ချုပ်မှုယန္တရား မှုဝါဒအောက်မှာ အားလုံးပါလာရမယ်ဆိုပြီး အစိုးရ ဖက်က စဉ်းစားလာတယ်ဆိုတော့ ဒီ့ထက်ပိုမို ကြီးမား၊ ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေတောင်မှ ဖြစ်လာနို်င်ပါတယ်ပေါ့နော်။
ပြည်သူကနေ ရွေးကောက်ထားတဲ့ ရွေးကောက်ခံ အစိုးရဖြစ်တဲ့ NLD ကနေပြီးတော့မှ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြွေးကြော်ထားတဲ့ သူ့မူဝါဒ ၃ ချက်အပေါ်မှာလည်း ပြန်အမှတ်ရစေချင်တယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး စသဖြင့် အခြေခံ ၃ ခုစလုံးကို ဟန်ချက်ညီညီဖြစ်ဖို့ကတော့ လိုတာပေါ့နော်။ လက်ရှိအာဏာရ NLD အစိုးရ အနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆို တာလည်း သိပြီးသားဖြစ်ပါတယ်။ အခြေခံဥပဒေသော်လည်းကောင်း၊ နည်းဥပဒေ သော်လည်းကောင်း၊ မူဝါဒတွေ မြေယာ မူဝါဒတွေကအစ ပြုပြင်ပြောင်းလဲလို့မရခင်မှာ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေထဲက ရှိထား ပြီးသား ဥပဒေတွေကိုလည်းပဲ အသိအမှတ် ပြုပေးဖို့လိုတယ်လို့ပဲ ကျနော်တို့ ပြောချင်တယ်ပေါ့နော်။