ဒီအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဆွေးနွေးဖို့ လက်ခံပြီး အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပင်လယ်ပြင်မှာ ငါးပုဇွန် ရေနေသတ္တဝါတွေ ဘယ်အတိုင်း အတာထိ အခြေအနေ ဆိုးရွားနေသလဲ ဆိုတာ ကို သိရှိနိုင်အောင် မြန်မာနိုင်ငံ ပင်လယ်ပြင်မှာ သားငါး ရေနေသတ္တဝါ အရေးနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ယခင်ငါးလုပ်ငန်းမှာ ညွှန်ကြားရေးမှုး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ရေချိုရေငံ ညှိနိုင်ရေးမှူး ဦးမြသိန်းထွန်းကို နိရဥ္စရာက မေးမြန်းခွင့်ရခဲ့ပါတယ်။ ဆရာမြသိန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကိုု စုစည်း တင်ပြပေးလိုက်ပါတယ်။
မေး- ရခိုင်ပြည်နယ်လွှတ်တော်မှာမနေ့ကသူတို့ကရခိုင်ပြည်နယ်ကန်းရိုးတန်း ပေါ့ ပင်လယ်ပြင်မှာ ငါတွေ ရှားပါးလာတဲ့အတွက် မထိ်န်းသိမ်း နိုင်ဘူးဆိုရင် နောက် (၅) နှစ်ကြာရင် ငါးမျိုးတွေ (ရေသတ္တဝါတွေ ) မျိုးသုန်း သွားနိုင်တယ်လို့ စစ်တွေက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက အဆို တင်တာ ရှိပါတယ်ခင်ဗျား ။ ရခိုင်ပင်လယ်ပြင်မှာ ရေနေ သတ္တဝါတွေအခြေအနေက ဘယ်အတိုင်းအတာထိ ဆိုးဆိုး ရွားရွား ဖြစ်နေတယ်ဆိုတာ ဆရာ့ရဲ့ သုံးသပ်ချက်ကို ပထမဆုံး ကျွန်တော်တို့ သိချင်ပါတယ် ခင််ဗျား။
ဦးမြသိန်းထွန်း – အဓိကတော့ ရခိုင်ရေပြင်မှာ အောက်ဖက်က သင်္ဘောကြီးတွေက ကမ်းနီးမှာ ၀င်ဖမ်းတယ်လေ၊ ရခိုင်မှာက ရေနက်တယ်လေ၊ ရေနက်တော့ ပင်လယ်ပြင်ထဲမှာ ငါးဖမ်းရတာ အဆင်မပြေတော့ ငါးဖမ်း သင်္ဘောကြီးတွေက ကမ်းနီးကို ၀င်ဖမ်းကြတယ်။ ကမ်းနီးကို ၀င်ဖမ်းတော့ ကမ်းနီးရေလုပ်သားတွေ လုပ်ကိုင်စားသောက်နေတဲ့ လုပ်ကွက်တွေ ထိခိုက်ကုန်တာပေါ့။ ဒါနဲ့ ကျွန်တာ်တို့အဖွဲ့တွေက ကမ်းနီး ကို ထိန်းသိမ်းဖို့ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်။ ကမ်းနီးမှာက ရခိုင်ရေလုပ်သားတွေက ငါးနီတူတို့၊ ငါးကုန်းညိုတို့ကို အဓိက ဖမ်းကြတာလေ။ အခြား မြန်မာ ဘယ်ပင်လယ်ကမ်းရိုးတန်းမှာမှ ငါးနီတူတို့ကို ဖမ်းတဲ့ နေရာ မရှိပါဘူး၊ အဓိကက ရခို်င်မှာဘဲ၊ ရခိုင်မှာက ငါးနီတူကို အဓိက ဖမ်းကြတယ်။ ရခိုင် ရေလုပ်သား တွေက အခြားငါးတွေကိုလည်း ဖမ်းကြတယ်။ ကျောက်ငါးတို့၊ ငါးပါးနီတို့ ဖြစ်တယ်။ ငါတွေကတော့ ရခိုင်မှာ တစ်ခြား ဒေသတွေထက်စာရင် အများကြီး ရှိပါသေးတယ် ။ ပြဿနာက ကမ်းနီးမှာကျတော့ အချို့ ရေလုပ်သားတွေက ကျောက်ငါးတို့ ဘာတို့ကို အဆိပ်ချပြီး ဖမ်းကြတာလည်း ရှိတယ်။ မီးထွန်းပြီး ပိုက်တွေနဲ့ ၀ိုင်းဖမ်းကြတာလည်း ရှိတယ်။ အဓိက ပျက်စီးတာကတော့ သင်္ဘောကြီးတွေကတော့ ဒရွက်ဆွဲပိုက်တွေ နဲ့ ကြမ်းတိုက် ကြတာပေါ့ဗျာ။ ကြမ်းတိုက်တယ်ဆိုတာက ပင်လယ် အောက်ခြေကမ်းပြင်ထိ ပိုက်တွေနဲ့ ဆွဲကြတာပေါ့။ အဲဒီလို ဖမ်းတယ်ဆိုရင် ငါးတွေကလည်း သူတို့ နေတဲ့ နေရာတွေ တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာခဲ့တာ ပေါ့။ သင်္ဘောကြီးတွေ တစ်ခါ ၀င်ဖမ်းရင် ရေလုပ်သားတွေဖမ်းတာထက် အများကြီးဖမ်းသွားတာပါဘဲ။ အဲသလို ငါးသေးသေးလေးတွေက အစ ဖမ်းတဲ့ အခါမှာ ကျပြန်တော့ ငါးသေသေး လေး တွေက ရှားပါးကုန်တယ်။ ငါးသေးသေးလေးတွေကို စားတဲ့ငါးကြီးတွေက စားစရာ အစာရှာ မရှိဖြစ်လာတယ်။ အဓိကတော့ ကျွန်တော်တို့က အဲ့ဒါကို ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ရေလုပ်သားတွေကလည်း ပုံမှန်လေးပဲ ဖမ်းတယ်ဆိုရင် သိပ်ပြသနာ မရှိပါဘူး။ အခုတော့ သဘောင်္ကြီးတွေက ကမ်းနီးကို ၀င်ဆွဲတယ်။ ဒေသခံ ရေလုပ်သား တွေကလည်း အဆိပ်ချ ဖမ်းတော့ ကျောက်ငါးတွေက မျိုးတုန်းကုန်တယ်။ တစ်ချို့ ကျောက်ငါးတွေဆို ရင် မျိုးတုန်းသွားရင် ပြန်မရတော့ဘူး ။ မီးတွေထွန်းပြီး ဖမ်းတော့ ငါးသေးက အစ ပြုန်တီးကုန်တယ်။ ကျွန်တော်တို့ နောက်ဆုံး တွေ့ရှိချက်အရ ငါးတွေက ရှားပါးလာတယ်။ အဲဒါကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းမှ ဖြစ်မှာပေါ့။
မေး- ဆရာတို့ နိုင်ငံခြားသင်္ဘောတွေနဲ့လည်း မြန်မာ့ ပင်လယ်ပြင်မှာ သုတေသန လုပ်တာတွေရှိတယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ရှင်းပြပေးစေချင်ပါတယ်။
ဖြေ- ကျွန်တော်တို့ ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ နော်ဝေး သင်္ဘောနဲ့ ရခိုင်ပင်လယ်ပြင် အပါအဝင် မြန်မာ့ပင်လယ်ပြင်မှာ သုတေသန ပြုလုပ်ခဲ့ပါတယ်။ အဲဒါနောက်ဆုံးလုပ်ခဲ့တာပေါ့ ။ အရင်တုန်းကတော့ ၁၉၇၉ -၁၉၈၀ မှာလုပ်ခဲ့တယ်။ ဟိုးတုန်းကတော့ ရေသယံဇာတ တွေက မြန်မာ့ပင်လယ်ပြင်မှာ အရမ်းပေါ ပါတယ်။ နော်ဝေး သင်္ဘောနဲ့ သုတေသန တွေ့ရှိချက်အရ မြန်မာ ပင်လယ်ပြင်မှာ ငါးအရေအတွက် အများကြီးကျဆင်းလာတာတွေ့ရ တယ်။ သုတေသနသမား (နော်ဝေးနိုင်ငံ)က ပြောတာကတော့ ဖမ်းဆီးမှုကို လျော့ချမှရမယ်။ အခုတော့ မြန်မာ့ ပင်လယ်ပြင် တစ်ခုလုံးမှာ ငါးတန်ချိန်က ငါးသိန်း လောက်ပဲ ရှိတော့တယ်။ တန်ချိန်ငါးသိန်းမှာ အကုန် လုံးလည်း ဖမ်းလို့ မရဘူး။ ပြန်လည် ရှင်သန်ခွင့် ကလည်း ပေးရမယ်ဆိုတော့ တန်ချိန် တစ်သိန်းလောက် ပဲဖမ်းပါလို့ သူတို့က အကြံပြုပြောတယ်။ ပြောရရင်တော့ မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ ငါးတွေရဲ့ ၂၀ ရာနှုန်းလောက်ပဲ ဖမ်းသင့်တယ်။ ကျန် ၈၀ ရာနှုန်းကိုတော့ မဖမ်းဆီးဘဲထားဖို့လိုတယ်လို့ ဆိုလိုတဲ့ သဘောဖြစ်ပါတယ်။ ငါး ၅ ကောင်မှာ ၄ ကောင်လောက်က ဥမှ သူတို့ပြန်ပြည့်မှာလေ ။ ဒါတောင်နှစ်နှစ်ဆယ်လောက်နေမှပြန်ပြည့်နိုင်မှာ။
မေး- ဒါတွေကို ဘယ်လို ဆောင်ရွက်ရင် ရနိုင်မလဲဆိုတာ ဆရာ့အမြင်လေးသိရပါရစေ။
ဖြေ- ကမ်းဝေး ငါးဖမ်း သင်္ဘောတွေကို လျော့ချရမယ်။ ကမ်းနီးမှာလည်း သူတို့ ဘာသာ သူတို့ ထိန်းသိမ်း ရမှာ ။ အဆိပ်ချတာတို့၊ ပိုက်ကြီးကြီးနဲ့ ဖမ်းတာတို့၊ မီးထိုးပြီးဖမ်းတာတို့၊ အဲဒါတွေကို ရှောင်ရမှာ။ ပြီးတော့ ငါးတွေ မျိုးပွားတဲ့အချိ်န်မှာလည်း ကမ်းနီးက ရေလုပ်သားတွေကို ငါးတွေကို မဖမ်းရန် ပညာပေးဖို့ လိုပါတယ်။ အဲသလို အချိန်မျိုးမှာ ရေလုပ်သားတွေ အခက်အခဲရှိနိုင်တဲ့ အတွက် သူတို့ကို အထောက်အပံ့ပေးဖို့လည်း လိုပါတယ်။
မေး- အခုဆရာတို့ သုတေသနလုပ် စမ်းသပ်ပြီးတဲ့နောက်ပိုင်း ရခိုင်ပင်လယ်ပြင်က ငါးသံယံဇာတ အခြေအနေကဘယ်လို ရှိပါသလဲဆရာ။
ဖြေ- ကမ်းရိုးတန်းအားလုံးထဲမှာတော့ ရခိုင်ကတော်တော်ကောင်းပါသေးတယ်။ ကမ်းရိုးတန်းတွေ အထဲမှာတော့ သူက အသာဆုံးပါပဲ။ ကမ်းနီးပေါ့၊ မီတာ ငါးဆယ်၊ တစ်ရာအတွင်းမှာတော့ ရခိုင်ကမ်းရိုးတန်းက ကျန်တဲ့တိုင်းနဲ့ ပြည်နယ်ထက်စာရင် ငါးတွေအများကြီး ရှိပါသေးတယ်။
မေး- တန်ချိန်ငါးသိန်းရှိတာက တစ်နိုင်ငံလုံး ပင်လယ်ပြင်မှာရှိတဲ့ ငါးတန်ချိန် ပမာဏကို ဆိုလိုတာပါလား။
ဖြေ- ဟုတ်ပါတယ်။ တစ်နိုင်ငံလုံးအနေအထားပါ။
မေး- ငါးတွေကိုမဖမ်းရဘူးလို့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ သတ်မှတ်ပေးထားပါ သလဲ။
ဖြေ- ဇွန်၊ ဇူလိုင်၊ သြဂုတ်ပါ ။ ရခိုင်ကရေ လုပ်သားတွေက မတ်လကစပြီး ငါးဥတဲ့ အတွက် မတ်လက စသင့်တယ်လို့ ကျွန်တော်တို့ကိုပြောကြတယ်။ ငါးတွေက မတ် လကတည်း ဥနေကြတာ။ ကျွန်တော့်ကိုပြောနေကြတာ ။ ရခိုင်မှာကတော့ ကန်းရိုးတန်း တစ်လျှောက်မှာ လက်ရှိ အချိန်ထိ သိပ် အခြေအနေ မဆိုးသေးဘူး။ အခြေအနေက တော်တော်ကောင်းပါတယ်။ အဓိကပြသနာက သင်္ဘောကြီးတွေ ၀င်ဖမ်းနေတာပါပဲ။ တစ်နိုင်ငံလုံးရဲ့ ပြသနာကတော့ ကမ်းဝေးသင်္ဘောကြီးတွေ ကမ်းနီးဝင်ဖမ်းတာပါ။ ဒါ သူတို့ရဲ့ အဓိကနံပါတ် (၁) ပြသနာပါပဲ။ ဒါကို ထိန်းသိမ်းကြပ်မတ်ဖို့ လိုပါတယ်။
မေး- အဲဒီသင်္ဘောကြီးတွေက ဘယ်ကပါလဲ။
ဖြေ- ဒီကသင်္ဘောတွေရယ်၊ နောက်ခိုးဖမ်း သင်္ဘောတွေရယ်ပေါ့၊ ခိုးသင်္ဘော တွေက ညဘက် ကျမှဝင်တာဆိုတော့ ကျွန်တော်တို့လည်းဘယ်သူတွေ လည်းမပြောပြတတ်တော့ဘူးဗျာ။ ကျွန်တော့် အတွေ့အကြံုအရတော့ ၀င်လာရင် သူတို့က(သင်္ဘောတွေ) အများကြီးပါ။
မေး- သင်္ဘောကြီးတွေ၊ ခိုးဖမ်း သင်္ဘောတွေကို တားဆီးဖို့ ဘယ်လိုလုပ်ရင် ရနိုင်မယ် လို့ဆရာ တို့ထင်ပါသလဲ။
ဖြေ – ကျတော့်တို့အနေနဲ့ကတော့ တိတိကျကျလေး ထိန်းသိမ်းနိုင်ရင် ရမယ် လို့တော့ထင်တယ်။ နိုင်ငံခြားကလူတွေနဲ့ ဆွေးနွေးပွဲတွေလုပ်တော့လည်း သူတို့က ဒါဟာ ရေတပ်ရဲ့တာဝန်ပဲ၊ သူတို့ နိုင်ငံမှာလည်း ရေတပ်ကပဲ လုပ်တယ်၊ ရေတပ်ကဘဲ အဓိက ဖမ်းဖို့လိုတယ်လို့ ပြောပါတယ်။
မေး- လွှတ်တော်မှာ ဦးအေးသိန်း အဆိုတင်သွင်းတာကတော့ ငါးနှစ်လောက်မှာငါးမျိုးတွေ (ရေသတ္တဝါတွေ) အကုန်လုံး ပြုန်းတီးသွားမယ်လို့ပြောနေပါတယ်။ ဒီအပေါ်မှာ ဆရာရဲ့ အမြင်လေးကို နောက်ဆုံး သိရပါရစေ။
ဖြေ- ဟုတ်ပါတယ်။ ကမ်းဝေးသင်္ဘောကြီးတွေက ကမ်းနီးကို ၀င်ပြီးကြမ်းတိုက် (ဒရွက်ဆွဲပိုက်နဲ့)ဖမ်းနေကြတာပဲ။ ဒါကို မကြပ်မတ်နိုင်ရင် ဒီလို အနေအထားကြံုလာရနိုင်တယ်။ အခုချိန်ထိလည်း သင်္ဘောကြီးတွေက ကမ်းနီးမှာ ၀င်ဖမ်းနေကြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ရေလုပ်သားတွေနဲ့ ပေါင်းစည်းပြီး ထိန်းသိမ်းကြ ဖို့ ကြိုးစားနေတယ်။ ထိ်န်းသိမ်းတဲ့ နေရာမှာ အစိုးရ တစ်ခုတည်းမဟုတ်ဘူး။ ဒေသခံပြည်သူတွေနဲ့ ကမ်းနီး ရေလုပ်သားတွေ စုပေါင်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ကျောက်ပုဇွန်တွေကိုလည်း သူတို့က အဆိပ််ချပါတယ်။ ရေချိုပုဇွန်လည်း အဆိပ်ချတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့တွေ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ တို့ဘက်မှာ စည်းရုံးရေးစပြီး လုပ်နေပါတယ်။ ဒေသခံတွေကို ကျွန်တော်တို့က ပညာပေးတယ်ပေါ့နော်။ အပြင်မှာ (ကမ်းဝေး)မှာတော့ ဥပဒေနဲ့ထိန်းသိမ်းရမှာပေါ့။ တပ်မတော်ရေ ကနေ ဥပဒေနဲ့ အညီ စိုက်စိုက် မတ်မတ်လေးကို ပြုလုပ်ပေးဖို့ လိုနေပါတယ်။ အဲဒီလိုမလုပ်ရင်တော့ မလွယ်ဘူးလေ။