ဒေါက်တာစင်သီယာမောင်နှင့်၈၈၈၈(ရှစ်လေးလုံး) အရေးတော်ပုံကြီး၏ ဖြတ်သန်းမှုအမှတ်တရ

ဒေါက်တာစင်သီယာမောင်နှင့်၈၈၈၈(ရှစ်လေးလုံး) အရေးတော်ပုံကြီး၏ ဖြတ်သန်းမှုအမှတ်တရ
by -
ကေအိုင်စီ
မြန်မာနိုင်ငံ၌၁၉၈၈ခုနှစ်၊သြဂုတ်လ၈ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် ၈၈၈၈(ရှစ်လေးလုံး) လူထုအရေးတော်ပုံကြီးတွင်ပါ၀င်ခဲ့ပြီး လက်ရှိထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေး၊ပညာရေးကိုအခမဲ့ ၀န်ဆောင်မှုပေးနေသည့် မယ်တော်ဆေးခန်းကိုစတင်တည်ထောင်ခဲ့သူ ကရင်အမျိုးသမီး ဒေါက်တာစင်သီယာမောင်က ကိုယ်တိုင်ဖြတ်သန်းခဲ့ပုံ၊အမှတ် တရများနှင့်လူထုအရေးတော်ပုံ၏ အရေးပါမှုများကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။  ။၈လေးလုံးပြည်သူ့အရေးတော်ပုံမှာပါဝင်ဖြတ်သန်းခဲ့ပုံ

ဖြေ။ ။၈လေးလုံးမှာတော့ ဒီကရင်ပြည်နယ်အိန္ဒု(ရွာ)မှာပဲရှိနေခဲ့တယ်။ အိန္ဒုမှာကိုယ်ပိုင်ဆေးခန်းလေးဖွင့်ထားတယ်။ အဲ့ဒီအိန္ဒုမှာရှိတဲ့ရွာသူရွာသားတွေ၊ ကျောင်းသားတွေနဲ့အတူလှုပ်ရှားမှုမှာတော့ပါခဲ့ပါတယ်။ အဲ့တုန်းက ရွာအနေနဲဲ့တော့သီးသန့် အစီအစဉ်တွေမရှိခဲ့ပါဘူး။အဓိကရှိတာကတော့ ဖားအံမှာပဲရှိတာဆိုတော့ အိန္ဒုမှာရှိတဲ့ သပိတ်အဖွဲ့နဲ့ဖားအံမှာလည်းပဲ တချို့သောကျောင်း သားတွေနဲ့ အဆက်အသွယ်တွေရှိတဲ့အခါကျတော့ ဖားအံရဲ့သပိတ်လှုပ်ရှားမှုမှာသွားပြီးတော့ ပူးပေါင်းခဲ့တာပေါ့။ ပြီးတော့စစ်အာဏာသိမ်းလိုက်တော့ နယ်စပ်ဘက်ကိုရောက်လာတယ်။

မေး။  ။၈လေးလုံးအရေးတော်ပုံနှင့်အမှတ်ရစရာများ

ဖြေ။  ။ ။မှတ်မှတ်ရရအနေနဲ့၈လုံးလေးပြီးတော့ ကျမတို့နယ်စပ်ဘက်ကိုရောက်လာတဲ့အချိန်မှာပဲ နယ်စပ်မှာရှိတဲ့ တခြားသောဒေသ အသီးသီးကလာတဲ့ ကျောင်းသားတွေ၊ကျန်းမာရေးဝန်ထမ်းတွေနောက်ပြီး အခြားသောသူတို့ရဲ့ professional အလိုက်ရောက်လာတဲ့ အဖွဲ့တွေနဲ့တော့ နယ်စပ်မှာပဲဆုံမိကြတာပေါ့နော်။ တစ်ချိန်တည်းမှာ ပဲနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေနဲ့လည်း ဆရာမတို့အတူတူအလုပ်လုပ်ဖြစ်တဲ့အခါကျတော့ဒီ ၈လေးလုံးကပဲစတင်ပြီးတော့ပဲ နယ်စပ်ကျန်းမာရေးကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ကျောင်း သူကျောင်းသားတွေနဲ့ နယ်စပ်မှာရှိတဲ့ကျန်းမာရေးအဖွဲ့နဲ့စုဆုံမိတယ်။

မေး။ ။၈လေးလုံးအရေးတော်ပုံ၏အရေးပါခဲ့ပုံ

ဖြေ။ ။ပြည်တွင်းထဲမှာရှိတဲ့ကျောင်းသားလူထုတွေနဲ့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒါကပထမဦးဆုံး တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီရေးဆောင်ရွက်သူတွေ ပထမဦးဆုံးစုစည်းမိတယ်။ အပြန်အလှန်အတွေးအခေါ်တွေ ဖလှယ်တာတို့ လုပ်ငန်းတွေစုပေါင်းပြီးတော့ ဆောင်ရွက်တာတွေ စပြီးတော့ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက်ကြောင့် လူထုတွေကြားထဲမှာလည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုကနေ ကျန်းမာရေးနယ်ပယ်မှာဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာဖြစ်ဖြစ် ပိုပြီးတော့ဆက်စပ်ဆောင်ရွက် မှုတွေများလာတယ်။ အထူးသဖြင့် ဒါနဲ့ပတ်သက်ပြီးတော့ပဲ နောက်ဆက်တွဲမှာ ကျမတို့မယ်တော်ဆေးခန်းဖြစ်စေ၊မြန်မာနိုင်ငံဆေးပညာအသင်းဖြစ်စေ၊အမျိုးသားကျန်းမာရေးနဲ့ပညာရေးကော်မတီစသဖြင့်ပေါ့။တိုင်းရင်းသားကြားထဲမှာကော ပြည်တွင်းနဲ့နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ယုံကြည်မှုတွေ၊နားလည်မှုတွေပိုပြီးတော့ရရှိစေတယ်။

မေး။ ။(၂၈)နှစ်မြောက်ရှစ်လေးလုံအရေးတော်ပုံနှစ်ပတ်လည်နေ့အတွက်ပြောချင်သောအမှတ်တရစကား

ဖြေ။ ။ဒီ(၂၈)ပြည့်နှစ်ကိုရောက်လာတဲ့ နှစ်ပတ်လည်နေ့မှာ ဒီနယ်စပ်ကိုရောက်လာတဲ့ ပြည်တွင်းထဲကလူတွေအနေနဲ့ပြောရရင် စပြီးတော့ ကျမတို့ရောက်လာကတည်းကလည်း အထူးသဖြင့်တော့ ပြည်သူလူထုတွေအတွက် လိုအပ်နေတဲ့ အခြေခံလူမှုဘဝလုံခြံုမှုပိုင်း ဆိုင်ရာဖြစ်စေ၊ တရားမျှတမှုပိုင်းဆိုင်ရာဖြစ်စေ နောက်ပြီးတော့ငြိမ်းချမ်းရေးဖြစ်စေ အဲ့ဒီအပေါ်မှာအခြေခံပြီးတော့ နယ်စပ်ကိုရောက်လာကြတဲ့အပေါ်မှာ (၂၈)နှစ်ပြည့်ပြီးပေမယ့်လို့ ကျမတို့လက်ရှိကာလအထိကိုဆက်ပြီးတော့ ဖြတ်သန်းဖို့က အများကြီးလိုအပ်ပါသေးတယ်။ အထူးသဖြင့်တော့ လူထုတွေအတွက် လူမှုဘဝလုံခြံုရေး၊ တရားမျှတမှုနဲ့ငြိမ်းချမ်းရေးဆိုတာကို ပြည်တွင်းကကော၊ နယ်စပ်မှာကော ကျမတို့အားလုံးကနေပြီးတော့ ဒီအပေါ်မှာ အလေးအနက်ထားပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေတွေ၊ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို အမြဲမျက်ခြေမပြတ်ဘဲ တစိုက်မတ်မတ်ဆောင်ရွက်သွားဖို့လိုတယ်။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...