“လက်ရှိမှာတော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတုန်းပဲ”

“လက်ရှိမှာတော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတုန်းပဲ”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံ နှင့် တွေ့ဆုံခြင်း ပြီးခဲ့သည့် မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး အတွင်း လွှတ်တော် ကိုယ်စားလှယ်များမေး မြန်း သည့် မေး ခွန်း များကို အစိုးရ အဖွဲ့ဝင် တာဝန်ရှိသူများ ပြန်လည်ဖြေကြား ရာတွင် အဖြေ အတိအကျ ပြန်မရ ခြင်း ဖြေဆိုမှု မပြတ်သားခြင်း များ ဖြစ်ပေါ် ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် အစိုးရ တာဝန် ရှိသူ များ ကလည်း နားလည်မှု လွဲပြီး အားပြိုင်သော အခြေမျိုးရောက် ရှိ ခဲ့သည်။ ယင်းကြောင့် မွန်ပြည်နယ် လွှတ်တော် နှင့် အစိုးရ အဖွဲ့ အကြား ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများ ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ကော်မတီတွေရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးဇံကို တွေ့ဆုံမေးမြန်း ၍ ဖော်ပြလိုက်ရပါသည်။

အံ့မင်းညို ၊ဖိုးဝ

ဟင်္သာမီဒီယာ။ ။ လွှတ်တော်အတွင်းဆောင်ရွက်နေမှုအနေနဲ့ အခက်အခဲရှိရင်လည်းပြောပြပေးပါ ။

ဒေါက်တာအေးဇံ။   ။လွှတ်တော်အတွင်း လုပ်ဆောင်တာကတော့သူ့တာဝန်နဲ့သူပေါ့၊ အခက်အခဲ တော့မရှိပါဘူး၊ ပြီးခဲ့တဲ့ လထက်စာရင်တော့ နည်းနည်းချောမွေ့လာသလိုရှိပါတယ်။

ဟင်္သာမီဒီယာ။    ။တိုင်ကြားထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးဘယ်ဟာတွေကို လွှတ်တော်က အရင်ဖြေရှင်း နိုင်မယ်လို့ထင်လဲ။

ဒေါက်တာအေးဇံ။   ။လွှတ်တော်က ဒီကိစ္စတွေကိုဖြေရှင်းတဲ့နေရာမှာ အင်မတန်သိမ်မွေ့နူးညံ့တဲ့ကိစ္စတွေ ဖြစ်နေတယ်၊ဥပမာ ကျောက်မီးသွေးနဲ့ပတ်သက်ပြီး အံဒင်ကျောက်မီးသွေးစက်ရုံဆိုရင်မဆောက်ရသေးရင် မဆောက်စေချင်တာကို ထပ်ဟပ်ပေါ်လွင်အောင်လုပ်လို့ရတယ်၊ဒါပေမယ့် MCL အနေနဲ့ ကျောက်မီးသွေးကို လျှပ်စစ်အတွက်သုံးဖို့ သူတို့မှာကျောက်မီးသွေးဓါတ်အားပေးစက်ရုံ နှစ်ရုံဆောက်ထားတယ်၊ ဆောက်လို့လည်း ပြီးနေပြီ၊ အစမ်းလည်ပတ်မှုကို ၅မဂ္ဂဝပ်ထုတ်တဲ့ စက်ကိုလည်းလည်နေတယ်ဆိုတော့ လုပ်ရကိုင်ရတာ နည်းနည်း ခက်ခဲတယ်၊ ဒါကလည်း တိုင်းပြည်ရဲ့စီးပွားရေးအတွက် လိုအပ်သလို တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အချက်အလက်တွေရှိနေတဲ့အတွက်ကြောင့် ကျေးရွာမှာနေ တဲ့လူနေမှု ဘဝတွေ ဂေဟစနစ်တွေ လူတွေရဲ့ကျန်းမာရေးတွေ နဲ့ပတ်သက်ပြီး ထိခိုက်နိုင်စရာတွေရှိသွားမယ်၊ အဲ့တော့ အနည်းဆုံးလည်းဖြစ်အောင် လူထုကိုလည်းထောက်ပ့ံတဲ့အခြေအနေမျိုးဖြစ်အောင် လိုအပ်တဲ့ အချက်အလက်တွေကိုပြန်လည်ပြီး အကူအညီပေးတဲ့အစီအစဉ်တွေအပြင် နိုင်ငံ ကထုတ်ထားတဲ့ သဘာဝပတ် ဝန်း ကျင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ အညီလုပ်လားကိုင်လားဆိုတာ ရှိသေးတယ်၊ လုပ်လားလို့မေးရင်တော့ ကုမ္ပဏီအနေနဲ့ ကတော့ လုပ်တယ်လို့ပြောမှာပဲ၊ အဲ့တော့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ထိန်းကျောင်း ဆိုတဲ့အတိုင်းပဲ စတုတ္ထကုမ္ပဏီတစ်ခု ပြန်ပြီးတော့ စစ်ဆေးမှုတွေလုပ်တယ်၊ အဲ့လိုလုပ်မှသာ သူတို့ရဲ့စစ်ဆေး ချက်တွေက မှန်မယ်၊ လောလောဆယ်ကတော့ ဒါတွေနဲ့ပတ်သက်ပြီး လုပ်နေတာ။

ဟင်္သာမီဒီယာ။   ။ မွန်ပြည်နယ်အတွင်းအခုလက်ရှိ ဖြေရှင်းပေးရမယ့်စီမံကိန်း ဘယ်နှစ်ခုလောက်ရှိလဲ၊

ဒေါက်တာအေးဇံ။ ။ ကျွန်တော့်လက်ထဲမှာတော့ ဖြေရှင်းရမယ့်စီမံကိန်းကဘဏ္ဍာရေး၊စီမံကိန်း ၊စီးပွားရေး ဆိုတော့ အားလုံးပါတယ်၊လက်ရှိကျတော့ MCL၊ကျောက်မိုင်း၊စီးပွားရေး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မုတ္တမကမ်းလွန်ရေတိမ်ဒေသ နဲ့ပတ်သက်ပြီးတော့ ကျွန်တော်စဉ်းစားထားတယ် ။

ဟင်္သာမီဒီယာ။    ။ တိုင်ကြားစာတွေနဲ့ စီမံကိန်းတွေကိစ္စကို လာမည့် လွှတ်တော်မှာ ဖြေရှင်းနိုင်လား။

ဒေါက်တာအေးဇံ။   ။ နည်းနည်းအသေးစိတ်ကျတယ်၊ ကိုယ်တင်တဲ့ အဆိုတွေစာတမ်းတွေကပြီးပြည့်စုံပြီး စနစ်ကျဖို့လိုတယ်၊ ဒါ့ကြောင့် အချက်အလက်စုဆောင်းဖို့ဆိုတာက ကျွန်တော်တို့်တိုင်းပြည်မှာက အခုမှ ကော်မတီသက်တမ်းက တစ်လပဲရှိသေးတယ်၊ တခြားနိုင်ငံခြားတိုင်းပြည်မှာတောင်မှ အကြောင်းအရာတစ်ခု ကို စမ်းသပ်စစ်ဆေးမယ်ဆိုရင် အနည်းဆုံး ၄လလောက်ကြာတယ်၊ နိုင်ငံခြားက ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့အခါကြတော့ ၄လလောက်ကြာတယ်ဆို ကျွန်တော်တို့က ၁လအတွင်းမှာ ပြီးပြည့်စုံတဲ့ အစီရင်ခံ စာတစ်ခုကိုမပေးနိုင်သေးဘူး၊

ဟင်္သာမီဒီယာ။    ။ အထူးအစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘာတွေအခက်အခဲဖြစ်ခဲ့လဲ။

ဒေါက်တာအေးဇံ။   ။ပထမပုံမှန်အစည်းအဝေးတွေက ဧပြီလဆန်းမှာ အစိုးရဖွဲ့စည်းခြင်းအဆင့်ပဲရှိပါတယ်၊ အထူးအစည်းအဝေးကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက လိုအပ်မယ်ထင်လို့ လက်မှတ် ထိုးခေါ်တာဖြစ်တယ်၊ ခေါ်ရခြင်းအကြောင်းရင်းတွေကလည်း ဘတ်ဂျက်နဲ့ပတ်သက်ပြီး ခေါ်တာဖြစ်တယ်၊ ဒါပေမယ့်လွှတ်တော်ဆိုတာကတော့ ကိုယ်စားလှယ်တွေကတင်ပေမယ့် လွှတ်တော်ဥက္ကဋ္ဌ ရဲ့ အာဏာကဒီအဆိုတွေကို တင်ခွင့်မပြုရင်လည်း မှတ်ချက်လိုပါတယ်၊တကယ်လို့သူ့ဆီမှာ ခိုင်လုံတဲ့အကြောင်း ပြချက်ရှိ်ရင် ကျွန်တော်တို့က နောက်ဆုတ်ပေးရတယ်၊ နောက်ဆုတ်လိုက်ပြီး ဒါကို နောက်တစ်နည်း အားဖြင့်လှည့်တင်ရတာရှိတယ်၊ ကိုယ့်ရဲ့လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ကတော့ အဓိကအချက်က လွှတ်တော်က ပြည်သူလူထုရဲ့အသံ လွှတ်တော်အသံ၊ ပြည်သူလူထုရဲ့ဆန္ဒက လွှတ်တော်ရဲ့ဆန္ဒ၊ ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုလွှတ်တော်က ဖော်ဆောင်တယ်၊ ဒီအချက်သုံးချက်ကို အဓိကထားပြီးလုပ်တာ၊ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနည်းပါတယ်၊ ဒါပေမယ့် တတ်နိုင်သမျှဆောင်ရွက်နေတယ်၊ ကျွန်တော်တို့က လူထုအသံကိုပဲရဖို့အတွက် ရွာတွေဆင်းတယ်၊ ရွာတွေက အသံကိုနားထောင်ရတယ်၊

ဟင်္သာမီဒီယာ။    ။ အထူးအစည်းအဝေးမှာ အဆိုတွေ မေးခွန်းတွေကို ပယ်ချခဲ့တာရှိလား၊

ဒေါက်တာအေးဇံ။   ။ပယ်ချခဲ့တာ တစ်ခုရှိပါတယ်၊ ဒါက လွှတ်တော်ဥက္ကဋ္ဌ ရဲ့ သဘောနဲ့ပယ်ချလိုက်တာပါ၊ ကျန်တာတွေကတော့ အကုန်တူတူပါပဲ။

ဟင်္သာမီဒီယာ။    ။ အထူးအစည်းအဝေးမှာ အစိုးရနဲ့ လွှတ်တော်နဲ့ နားလည်မှုလွဲတဲ့ပုံစံ မျိုးတွေလည်းဖြစ်တယ်၊ အစိုးရဘက်ကလည်းမမေးသင့်တဲ့မေးခွန်းတွေမေးတယ်ဆိုပြီး ပြောတယ်၊ ဖြေလို့ရှိရင်လည်း ဆက်စပ်မေး ခွန်းတွေ အရမ်းများတယ်ဆိုပြီး ဂယက်ရိုက်သွားတဲ့ပုံစံမျိုးတွေ ပြောနေတယ်၊ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာအေးဇံ။    ။ဒါက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် မေးတဲ့မေးခွန်းတွေက တစ်ဖက်အစိုး ရအဖွဲ့ က နားလည်မှုတွေလွဲတာလည်းရှိတယ်၊ ဖြေကြားတဲ့နေရာမှာလည်း သူတို့အနေနဲ့ အခက်အခဲရှိမှာပေ့ါ၊ ဘာကြောင့် လဲဆိုတော့ အရင်တုန်းက ပုံစံအတိုင်းဒါမေး ဒါဖြေပုံစံ မဟုတ်ဘူးလေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ နဲ့ ပြည်သူ တွေက ဒါမေးမြန်းဖို့ ပြောလာတယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက မေးရမှာပဲ၊ အစိုးရအဖွဲ့အနေ နဲ့လည်း သူ့လုပ်ဆောင်ချက်ကိုပြောတဲ့အခါ အံဝင်ခွင်ကျဖြစ်ချင်မှ လည်းဖြစ် မှာပေါ့၊ အစိုးရအဖွဲ့အနေနဲ့လည်း အတွေ့အကြံုရမယ်၊ လွှတ်တော်လည်းအတွေ့အကြံုရမယ်ဆိုရင် နောက်ဆိုရင်အဆင်ပြေမှာပါ၊ ဥပမာ ကျွန်တော်မေးလိုက်တာက မွန်ပြည်နယ်မှာ ရှိနေတဲ့ ပြည်ပကိုသွားရောက် တဲ့လုပ်သား အင်အားဆုံးရှုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မေးတယ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့လည်း  ဘယ်လို အလုပ်အကိုင်တွေ ဖန်တီးပေးထားပါသလဲဆိုပြီးမေးတဲ့မေး ခွန်းကို ဖြေတဲ့နေရာမှာ အားရကျေနပ် မှုမရှိဘူး၊ ဒီမေးခွန်းကျတော့ မြင့်လည်းမြင့်တယ်၊ ဖြေရမယ့်လူအတွက်လည်း အခက်အခဲရှိတယ်ဆိုတာ နားလည်တယ်၊ သူ့အနေနဲ့ ဒီလောက်ဖြေတယ်ဆိုလို့ရှိရင်ပဲ ဒါထက်ပိုကောင်းအောင်ဖြေလာမှာပေါ့၊

ဟင်္သာမီဒီယာ။     ။ အစိုးရကိုထိန်းကျောင်းဖို့အတွက် လွှတ်တော်မှာ ဘယ်လိုတာဝန်ရှိပါသလဲ။

ဒေါက်တာအေးဇံ။    ။လွှတ်တော်က ပြည်သူ့အသံပဲ၊ အဓိကတာဝန်က အစိုးရကိုအပြန်အလှန်စောင့်ကြည့် တယ်လို့ပြောကြတယ်၊ ဒါကကျွန်တော်တို့သုံးတဲ့စကားလုံး ဒါပေမယ့် ကုလသမဂ္ဂ မှာ လွှတ်တော်ကိုယ်စား လှယ် တွေက အဲ့လိုမသုံးဘူး၊ အစိုးရကိုစောင့်ကြည့်တယ်၊မှားရင်ထောက်တယ်၊ Over Side The Government ဆိုပြီးသုံးကြတယ်၊ ဒါနိုင်ငံကြီးတွေမှာသုံးတာ၊ အခုလောလောဆယ်ကတော့ တိုင်းပြည်ကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးစဆိုတော့ ဒီလောက်ထိတော့လည်း လုပ်ရကိုင်ရခက်တယ်၊ အတွေ့အကြံုကလည်းနုနယ်သေးတယ်၊ အုပ်ချုပ်ရေးယန္တရားကလည်း ပြီးခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ စနစ်ဟောင်းရဲ့ အတွေးအခေါ်တွေကလည်း ပျောက်ဖို့အလားအလာ မရှိသေးဘူး၊ အဲ့ဒီအချိန်ကိုယ်မေးတဲ့ မေးခွန်းတွေက တစ်ဖက်အစိုးရအနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်နိုင်တယ်ဆိုတာလည်း ကျွန်တော်တို့ နားလည်ပြီးသားပါ၊ ဒါပေမယ့် ဒီကြားထဲမှာ တိုးတက်လာအောင်လုပ်ကြရမှာပဲ၊

ဟင်္သာမီဒီယာ။    ။လက်ရှိအစိုးရအနေနဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလား။

ဒေါက်တာအေးဇံ။    ။ ဒါကတော့ သိပ်ပြောလို့မရသေးဘူး၊ လက်ရှိမှာတော့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတုန်းပဲ၊ ပူးပေါင်းမှု အားနည်းနေ တဲ့ သဘောကလည်း အစိုးရ က လုပ်သက်အတွေ့အကြံုနည်း တာလည်းဖြစ်မယ်၊ သူတို့ အနောက်မှာရှိတဲ့ အုပ်ချုပ်ရေးယန္တရားကမပြောင်းလဲသေးဘူးဆိုရင် သူတို့ပြောင်းချင်ပေမယ့်  အခက်အခဲ ဖြစ်မှာ ပဲ ။အစိုးရ အောက်မှာ ရှိတဲ့ယန္တရားက ယခင်ယန္တရားဆိုတော့ ဒါကိုပြန်လှည့်ဖို့ဆိုတာခက်ခဲမှာပေါ့၊

ဟင်္သာမီဒီယာ။    ။ပူးပေါင်းမှုမရှိဘူးဆိုရင် အဆင်ပြေနိုင်ပါ့မလား။

ဒေါက်တာအေးဇံ။   ။လွှတ်တော်ကတော့ လွှတ်တော်ရဲ့တာဝန်ကို အပြည့်အဝကျေပွန်အောင်ထမ်းဆောင်မှာပါ၊ အဲ့ဒီလိုထမ်းဆောင်ရင်းနဲ့ပဲ တစ်နေ့တစ်ခြားတော့ အဆင် ပြေလာမှာပါ၊

ဟင်္သာမီဒီယာ။   ။ကိုယ်စားလှယ်တွေမှာမှ အစိုးရဖြစ်သွားတဲ့လူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကျန်ခဲ့တဲ့ လူတွေနဲ့ အဖွဲ့တွေကွဲတာမျိုးကောရှိသလား။

ဒေါက်တာအေးဇံ။   ။ အဲ့ဒီလိုမျိုးမရှိပါဘူး၊ တစ်ပါတီထဲပဲလေ၊အဓိကအရေးကြီးတာ မွန်ပြည်နယ်ကောင်းစား ရေးအတွက်ပဲ၊ အဲ့အတွက် ဘယ်ပါတီဆိုပြီး ခွဲခြားဆက်ဆံခြင်းမရှိပါဘူး၊ အစိုးရအဖွဲ့လည်း NLDထဲကလူ တွေပါ သလိုမွန်အမျိုးသားပါတီကလည်းပါတယ်ဆိုတော့ လုပ်ရင်းကိုင်ရင်းနဲ့ အဖြေ ထွက်သွားမှာပါ၊

ဟင်္သာမီဒီယာ။    ။နောက်ဆုံးအနေနဲ့ ပြည်သူတွေကိုဘာများပြောချင်ပါသေးလဲ။

ဒေါက်တာအေးဇံ။   ။ကျွန်တော်တို့ကတော့ အရပ်သားအစိုးရအဖြစ်ပြောင်းလာပြီလေ၊ လွှတ်တော် အနေနဲ့ လည်း ပေါ်ပေါက်လာပြီ၊ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကနေတက်သွားတာပဲ၊ ဒီတော့မွန်ပြည်နယ်က မဲဆန္ဒရှင် ပြည်သူအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကဏ္ဍကနေပြီး တာဝန်သိသိ နဲ့ပဲ ဆောင်ရွက် နေပါတယ်၊ ပြည်နယ်သူပြည်နယ်သားများအနေနဲ့လည်း ဒါကိုအချိန်ကာလတိုလေးတစ်ခုမှာ ဆုံးဖြတ်တာမ လုပ်ပဲနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါ။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...