Myanmar Now ရဲ့ ခွင့်ပြုချက်နဲ့ ထက်ခေါင်လင်း မေးမြန််းခဲ့တဲ့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။
မေး – ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောပြပေးပါ။
ဖြေ – ဒီရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်တာကတော့ မရှိဘူး။ ဒါပေမယ့် ဒီလဆန်းပိုင်းကတော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က မိုးရာသီဖြစ်တာရယ်၊ ဒုက္ခသည်ကိစ္စတွေလည်း အရမ်းရှုတ်ထွေးလာမှာစိုးလို့ တက်နိုင်သမျှ ရှောင်ခိုင်းတာပေါ့။ သူတို့ဘက်ကဝင်တာ တော်တော််များတယ်။ အများကြီးဝင်လာပြီး တည့်တည့်တိုးတဲ့အခါတော့ ဖြစ်ကြတယ်။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာကတော့ တစ်ဘက်နဲ့တစ်ဘက် ရှိကြတာပေါ့။
မေး – ၂၁ ရာစု ပင်လုံပင်လုံညီလာခံကို တက်ဖို့ ဖိတ်ခေါ်ထားတာ ရှိသလား။
ဖြေ – ညီလာခံတက်ပါလို့ ဖိတ်ခေါ်တဲ့အဆင့်အထိတော့ မရှိဘူး။ အလွတ်သဘော ပြောတာလောက်ပဲ ရှိတာ။ တပ်မတော်ဘက်က ပြောထားတဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စက အရမ်း အတားအဆီးဖြစ်နေတယ်၊ လုံးဝမဖြစ်နို်င်ဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်မှပဲ ကျန်တဲ့အဆင့်တွေကို လုပ်လို့ရနိုင်မယ်ထင်တယ်။ (အစိုးရသစ်က) ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တက်လာတာတော့ မှန်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲလား၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း ခြားနားနေတာတွေ ရှိနေတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်နက်စွန့်ရင် ငြိမ်းချမ်းမယ်ဆိုတာဖြစ်နေတယ်။ ကျွန်တော်တို့ ယူဆထားတာက နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်။
မေး – တိုင်းရင်းသားခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မယ်လို့ ယုံကြည်နေကြတယ်။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက်ထားပါတယ်။ သိပ်လည်းမယုံုရဲဘူး။ ဘာလို့ဆိုရင် တပ်မတော်အပေါ်မှာ အစိုးရရဲ့ သြဇာသက်ရောက်မှုနဲ့ တပ်ဘက်က အစိုးရကို နာခံမှု အတိုင်းအတာက အဆုံးအဖြတ် ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအစိုးရက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပါမယ်လို့ ပြောထားပြီးမှ လုပ်ပုံလုပ်နည်း လွဲချော်နေတာတွေရှိတယ်။ ကျွန်တော်ရည်ညွှန်းတာက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာပါ။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေမှာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က သူတို့ပြောတာနဲ့ လုပ်တာမှာ ခြားနားနေတာတွေကို အဓိပ္ပာယ် ကောက်ယူရမှာပဲ။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ လက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ (သေချာပေါက်) မပြောရဲဘူး။
မေး – ဆွေးနွေးဖို့ ပြင်ဆင်နေသလို စစ်ရေးအရလည်း ပြင်ဆင်နေကြတာတွေက ဘာ့ကြောင့်လဲ။
ဖြေ – မယုံရဲလို့ပေါ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဆွေးနွေးမှုပေါင်း များစွာလည်း ပြုလုပ်ခဲ့ကြပြီးပြီ။ သို့သော် ယုံကြည်တဲ့သူက သားကောင်ဖြစ်သွားတတ်တယ်။ ကျွန်တော်တို့ ရှေ့ကိုလည်းသွားမယ်။ ဒါပေမဲ့ နောက်ကိုဆုတ်တာမှာလည်း သတိရှိရှိနဲ့ ပြင်ဆင်တဲ့သဘောပါ။
မေး – ရခိုင်တိုင်းရင်းသားတွေက တိုက်ပွဲတွေရပ်ဖို့ နေရာတော်တော်များများမှာ ဆန္ဒထုတ်ဖော်ကြတယ်။ တိုက်ပွဲတွေရပ်ဖို့က တပ်မတော်နဲ့ပဲ ဆိုင်သလား၊ AA ဘက်မှာရော တာဝန်ရှိတယ်လို့ ခံယူထားသလား။
ဖြေ – ရခိုင်မှာ အကြိမ် ရဝ၊ ၈ဝ လောက် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်က စပြီးတိုက်တာ ၁ဝ ကြိမ် မရှိသေးဘူး။ ကျန်တဲ့အကြိမ်တွေက ကျွန်တော်တို့ကို လာတိုက်တာဖြစ်တယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ တာဝန်မဲ့ မပြောလိုဘူး။ ထိုးစစ်တွေလာရင် ကျွန်တော်တို့မှာ ခုခံရမှာပဲ။ ဟိုဘက်ကမတိုက်ရင် ကျွန်တော်တို့မတိုက်ဘူး။
မေး – တိုင်းပြည်တစ်ခုမှာ တပ်တစ်ခုပဲ ရှိရမယ်ဆိုတော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲအဖြစ် တပ်မတော်နဲ့ AA ဘယ်လိုပူးပေါင်းကြမလဲ။
ဖြေ – အဲ့ဒါတော့ မရှိသေးဘူးဗျ။ အခြေအနေပေါ် မူတည်ပြီးမှ စဉ်းစားရမှာဖြစ်တယ်။ အခုအချိန်မှာ သူတို့နဲ့ ကျွန်တော်တို့က ရန်သူ အဆင့်မှာပဲ ရှိသေးတယ်။ ပူးပေါင်းဆောင်ရွက်မှာထက် သူတို့လာရင် ဘယ်လိုချမလဲ ဆိုတာပဲ ရှိသေးတယ်။ နိုင်ငံတစ်ခုမှာ တပ်တစ်ခုပဲရှိရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် ဒီလိုတပ်မတော်မျိုးဆိုရင်တော့ တစ်ခုတည်းရှိဖို့ မလွယ်ဘူးထင်တယ်။ တိုင်းရင်းသားတွေအပေါ် စံချိန်စံညွှန်းမညီတဲ့ တပ်မတော်တစ်ခုတည်းရှိမယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေ အကုန် ပျောက်သွားမှာပေါ့။ ကျွန်တော်တို့ကလည်း လိုအပ်ချက်တွေအရ ပေါ်လာရတာဖြစ်တယ်။
မေး – ဒါဆိုရင် ဖယ်ဒရယ်တပ်မတော်ကို သွားဖို့ တပ်မတော်ကို ဘယ်လိုပြန်ဖွဲ့သင့်တယ်လို့ ယူဆလဲ။
ဖြေ – ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး အောက်မှာပဲ ရှိရမယ်။ စစ်သေနာပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့်ဆုံးနေရာကို ယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။
မေး – ငြိမ်းချမ်းရေးရဖို့ တပ်မတော်နဲ့ဆွေးနွေးတာ အဆင်ပြေမယ်လို့ ထင်လား။ ဘယ်လို ခန့်မှန်းသလဲ။
ဖြေ – သူ့သဘောထားက ခန့်မှန်းရခက်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်လည်း ပြောတယ်၊ အပြုတ်တိုက်မယ်လို့လည်း ပြောတယ်။ လက်ရှိအစိုးရအနေနဲ့ သတိထားရမယ်ထင်တယ်။ သူတို့ပြောတဲ့လေသံက ဘယ်သူ့ကိုမဆို အပြုတ်တိုက်မယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခြေအနေတွေက လူထုမျှော်လင့်ထားသလောက် မကောင်းသေးပါဘူး။
မေး – အခု NLD အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးပုံစံကို ဘယ်လိုထင်လဲ။
ဖြေ – NLD အစိုးရကို ကျွန်တော်တို့ကပဲ အလွန်တရာ မျှော်လင့်လို့လားတော့မသိဘူး၊ အခုလုပ်တဲ့အခြေအနေကို အားမရဘူး။ ရက် ၁ဝဝ စီမံကိန်းမှာ အပြောင်းအလဲတချို့ကို ကြိုးစားပြီး လုပ်ပါတယ်၊ သို့သော် ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်တွေကို ရအောင်ဆိုရင် နိုင်ငံရေးအရ အပြောင်းအလဲတွေကို လုပ်ရပါလိမ့်မယ်။ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းတချို့ကို ပြောင်းလဲတာလောက်နဲ့ နှစ်ပေါင်းများစွာ လူထုခံစားလာရတဲ့ဟာတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ရက် ၁ဝဝ ဆိုတာ တိုတောင်းတာ နားလည်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုထက် ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲလိုက်ရင် သိသာ မြင်သာအောင် မပြောင်းလဲနိုင်ပေမယ့် ရေရှည်မှာ မှန်ကန်တဲ့ လမ်းမပေါ်ရောက်သွားမယ်။
မေး – တိုင်းနဲ့ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်တွေပိုရဖို့ အခြေခံ ဥပဒေ ပြင်ဆင်ရေးက လွှတ်တော်ထဲမှာ ခက်ခဲနေတယ်။ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ပြင်ဆင်မှ အောင်မြင်မှာလား။
ဖြေ – လွှတ်တော်ပြင်ပကပဲ ပြင်မှ အဆင်ပြေမယ်။ ပြီးခဲ့တဲ့ လတွေက လွှတ်တော်အတွင်းမှာ ဒါတွေပြင်ဖို့ တိုင်းရင်းသား အမတ်တွေက တောင်းဆိုလာတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ သူတို့ရဲ့ အဆိုပြုချက်တွေ အဖတ်မတင်ဘူး။ ဒီမိုကရေစီ ပြောင်းလဲပြီးပြီ၊ လွှတ်တော်ထဲမှာ တောင်းဆို လို့ရပါတယ်လို့ ကျွန်တော်တို့တွေကိုလည်း သူတို့မီဒီယာတွေကတဆင့် ပြောတာတွေရှိတယ်။ အပြောအားဖြင့်သာလွယ်တယ်။ လက်တွေ့မှာဘာဖြစ်နေသလဲဆိုတာ အရမ်းသိသာလွန်းနေတယ်။ အဲ့ဒီအနေအထားက ကျွန်တော်တို့အတွက် ပိုသတိထားစရာဖြစ်လာတာ။
မေး – ရခိုင်ပြည်နယ်အတွင်းမှာ NLD အစိုးရအနေနဲ့ အရေးတကြီးဖြေရှင်းရမယ့်ကိစ္စ၊ အန္တရာယ်ရှိနေတဲ့ကိစ္စတွေက ဘာတွေလို့ ယူဆလဲ။
ဖြေ – ဘင်္ဂါလီကိစ္စက NLD အစိုးရအနေနဲ့ ပိုပြီးနားလည်ဖို့ ကြိုးစားရမယ်။ အခု ကိုင်တွယ်တာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေပေါ့။ ဒီ … ရှုပ်ထွေးတဲ့ပြဿနာကို အကုန်လုံးကျေနပ်အောင် ဖြေရှင်းဖို့ကတော့ မလွယ်ပါဘူး။ ဘယ်နည်းကအကောင်းဆုံးလဲဆိုတာ ရှာပြီးမှ အားလုံးနဲ့ ပူးပေါင်းဖြေရှင်းရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းရမယ်။ (မကြာသေးခင်က နေပြည်တော်) သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာက တိတိကျကျ မဖြစ်နေဘူး။ ရခိုင်နဲ့ ဘင်္ဂါလီ လူမှုအသိုင်းအဝိုင်း နှစ်ခုထက် ပိုကျယ်ပြန့်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာ ဆင်းရဲမွဲတေမှုကလည်း အရမ်းအရေးကြီးတဲ့အနေအထားကို ရောက်နေပြီ။ စစ်ဘေးဒုက္ခသည်ကိစ္စက ကျွန်တော်တို့ ဆွေးနွေးလာပြီ၊ အပစ်အခတ််တွေ မရှိတော့ဘူးဆိုရင် ပြေလည်သွားမှာပါ။ ပြည်တွင်းစစ်ရဲ့ ကျွဲကူးရေပါကိစ္စမို့ စစ်မရှိရင် ပြေလည်သွားမှာပါ။