ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အပြင် ကျေးရွှာအုပ်စု ၅၁၀ နှင့် ယာယီဒုက္ခသည် စခန်းများ အပါအဝင် မဲစာရင်းများကို ရ၈၂ နေရာ၌ ကပ်ထားပြီး မဲစာရင်း လာရောက်ကြည့်ရှုသူများကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် မှ စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မဲစာရင်း လာရောက်ကြည့်ရသူ ရ၅ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
“ မဲစာရင်းလာကြည့်တယ် ဆိုကတည်းက မဲထည့်ဖို့အတွက် ကိုယ်နာမည်ပါလား မပါလား ဆိုတာ လာကြည့်ကြတာလေ၊ အခြေခံမဲစာရင်းတုန်းကတော့ စိတ်ဝင်စားတဲ့သူ ၃၇ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ဒီနေ့ထိတော့ ရ၅ ရာခိုင်နှုန်းထိရှိလာတယ် ၊ ပြည်သူတွေ မဲစာရင်း လာကြည့်တဲ့ သူမနည်းဘူး ဒါကြောင့် မဲပေးဖို့ကို စိတ်ဝင်စားတယ်လို့ကော်မရှင်ကတော့ ယူဆတယ်၊ မဲစာရင်း လာကြည့်တဲ့ သူဘယ်နှစ်ဦးရှိလဲ ဆိုတာကို မဲစာရင်းကပ် ထားတဲ့ နေရာတိုင်းမှာ မှတ်ပုံတင် စာအုပ်ထားပြီး စစ်တမ်းကောက်ယူထားတာပါ” ဟု ဦးလင်းကျော် က ဆက်လက် ပြောသည်။
“ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ့ကလည်း အပြိုင်အဆိုင် မဲဆွယ်စည်းရုံး တာရယ်၊ လူထုကလည်း မဲစာရင်းကို စိတ်ဝင်တစား ကြည့်တာ တွေ့ရတဲ့အတွက် မဲထည့်ဖို့ကို အရင်ကထက် အလေးအနက်ထားလာတယ်"လို့ ဖလမ်းမြို့ ၊ မဲဆန္ဒနယ် ချင်းပြည်နယ် လွှတ်တော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဆလိုင်းပီပီကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လက သဘာဝဘေးအန္တာရာယ်ကျရောက်ခဲ့မှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်များ လမ်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုချိန်ထိ သွားလာရ ခက်ခဲလျက ်ရှိနေသေးသော ဒေသတစ်ချို့တွင် မဲစာရင်းမှာ မိမိအမည်ပါမပါထက် ၊ဘယ်တော့လမ်းကောင်းမလဲ၊ကားတွေ ဘယ် တော့လောက် ထွက်ပြီး သွားလာနိုင်မလဲ၊ အစိုးရက ဘယ်လိုကူညီမှုတွေ ဆောင်ရွက် ပေးမလဲကိုပဲ စိတ်ဝင်စားနေပြီး မဲပေးခြင်းကို စိတ်ဝင်စားမှု အားနည်းနေကြောင်း ဒေသခံများကပြောသည်။
“ အခုထိ ကျွန်တော် တို့မြို့မှာ နေထိုင်ဖို့ အိမ်မရှိလို့ ယာယီစခန်းဖွင့်တဲ့နေရာတွေမှာ နေထိုင်ကြတဲ့သူတွေ ရှိတယ် ၊ပြန်လည်ထူထောင်ရေးဆိုတာ အခုထိ မလုပ်နိုင်သေးဘူး ၊အစိုးရက လုပ်ပေးတဲ့ ပြန်လည် ထူထောင် ရေး စီမံကိန်းထဲမှာလည်း ကျွန်တော်တို့ မြို့မပါဘူး ၊ ဒီလိုအချိန်မှာ မဲပေးဖို့ထက် နေ့စဉ်စားဝတ် နေရေး နဲ့ နေအိမ်ပြန်ရဖုုိ့ အတွက်အရေးကြီးတယ် ” ဟု တီးတိန်မြို့နယ်မှ လူငယ်ခေါင်းဆောင်ကပြောသည်။
မြေပြိုရေလွမ်းမိုးမှုခံရတဲ့ ချင်းပြည်နယ်ဒေသအချို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြုလုပ်နိုင်သေးတဲ့အတွက် မဲထည့်သူဦးရေမှာ နည်းနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့ကပြောသည်။
“ ပြည်နယ်အတွင်းမှာ အခုလိုမြေပြိုမှုတွေဖြစ်တယ် နေအိမ်မရှိ တချို့က အားကစားရုံ ၊ဘုရားကျောင်း တွေမှာနေကြတယ် ၊သူတို့့ရဲ့ဘဝလုံခြုံမှုနဲ့ စားစရာ အခက်အခဲ ဖြစ်နေတယ် ၊ဒီလိုအချိန်မှာ ကျွန်မတို့ကို မဲထည့်ပါဆိုပြီး မဲဆွယ်စည်းရုံး နိုင်ဖို့ကျွန်မ အနေနဲ့တော့ ပြောလည်း ပြောမထွက်ဘူး ပြောလည်းမပြောချင် ပါဘူး။ကိုယ်ချင်းစာနာတယ် ၊ဒါကြောင့် မဲထည့်ဖို့ကို စိတ်ဝင်စားတဲ့ ပြည်သူက ၄၅ ရာခိုင်နှုန်းလောက်ပဲရှိမယ် လို့ထင်တယ် “ဟု
ချင်းပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စုန်ဇီးမန် ကပြောသည်။
ချင်းပြည်နယ်၌ ပြည်နယ်မဲဆန္ဒနယ်များမှာ ပြည်နယ်လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ နှင့် ပြည်သူ့လွှတ်တော် ၉ နေရာ၊ရှိပြီး နောက်ဆုံး ထွက်ရှိသည့် စက်တင်ဘာလ ၂၇ ရက်မဲစာရင်းမှာ မဲပေးခွင့်ရှိသူ ဦးရေ စုစုပေါင်း ၂၇၃၆၇၃ ယောက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။